Monday, December 18, 2017

ကရင်နှစ်သစ်ကူးအကြောင်း သိကောင်းစရာ

ကရင်နှစ်သစ်ကူးအကြောင်း သိကောင်းစရာ
@@@@@@@@@@@@@@@@@@@@

ပွါကညော-ဖ္လုံတို့နှင့်အတူ
ပြာသိုလဆန်း(၁)ရက်နေ့ဖြစ်တဲ့ ၂၀၁ရခုနှစ်ဒီဇင်ဘာ(၁၈)ရက်နေ့ဟာ ကရင်နှစ်သစ်ကူးနေ့ဖြစ်တယ်။ ကရင်ပြက္ခ ဒိန်အရ ၂၇၅၆ နှစ်ပြည့်ဖြစ်တယ်။ ကရင်တိုင်းရင်းသားပညာရှင်တို့အဆိုအရ ဒီ ( ၂၇၅၆)ခုဆိုတာ ကရင်တိုင်း ရင်းသားတွေ မြန်မာပြည်ထဲကို စတင်ဝင်ရောက်တဲ့နှစ်ကို အခြေခံပြီး ရေတွက်ထားတာလို့ဆိုတယ်။ ကရင်ပြက္ခဒိန်အကြောင်းကို သီးသန့်ရေးဖို့လိုတယ်။
ဗမာတွေက ကရင်လို့ခေါ်ပေမယ့် သူတို့ကိုယ်သူတို့ လူလို့အဓိပ္ပါယ်ရတဲ့ ပွါကညော၊ ဖ္လုံဆိုပြီးခေါ်တယ်။ ကရင်မျိုးရင်းမှာ စကောနဲ့ပိုးဆိုပြီးနှစ်မျိုးကို အဓိကတွေ့ရတယ်။ စကောကတော့ ပွါကညာလို့ပြောပြီး ပိုးကတော့ ဖ္လုံလို့ပြောတယ်။ မြန်မာနိုင်ငံအတွင်း ဒုတိယလူဦးရေအများဆုံးတိုင်းရင်းသားမျိုးနွယ်စုဖြစ်ပြီး မြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းလောက်မှာဘဲမတွေ့ရဘူး။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း ကျိုင်းတုံဒေ သကနေ မြန်မာ-ထိုင်းနယ်စပ်တစ်လျောက်တောင်ပိုင်းတနင်္သာရီအထိ၊ ဧရာဝတီ၊ရန်ကုန်၊ ပဲခူး၊ မွန်၊ကရင်၊ ကယား(ကရင်နီ)ဒေသတွေမှာ အများစုနေထိုင်ကြတယ်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာမျိုးနွယ်စုတွေပြီးရင် ဒုတိယလူဦးရေအများဆုံး တိုင်းရင်းသားမျိုးနွယ်စု ဖြစ်တယ်။ တနင်္သာရီရိုးမအတိုင်း စီးဆင်းတဲ့  တနင်္သာရီမြစ်တစ်လျောက်မှာ အများဆုံးတွေ့ရတယ်။ စကောကရင်တွေကို အများဆုံးတွေ့ရပြီး ပိုးကရင်လည်းရှိတယ်။ စိတ်ဝင်စားစရာကောင်းတာက အရိုင်းကရင် ( ကရင်နားတောင်း ကြီး)တွေရှိသလို ပင်လယ်ပိုင်းနေတဲ့ ကရင်ကိုလည်း ပင်လယ်ကရင်တွေအဖြစ်တွေ့ရတယ်။
ဘားအံတက္ကသိုလ် သမိုင်းဌာနက ဆရာဒေါက်တာနန်းလှိုင်က သူကိုယ်တိုင်သုတေသနလုပ်ထားတဲ့စာတမ်း ရယ်၊နိုင်ငံခြားသားပညာရှင်တွေရဲ့စာတမ်းတွေကို ဘာသာပြန်ပြီးကရင်ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ကရင်တွေနဲ့ပတ်သက်ရင် အင်မတန်အရေးပါတဲ့အချက်တွေတွေ့ရတယ်။ တိုင်းရင်းသားတွေကိုယ်တိုင်ရေးသား ထားတာတွေလည်း အမြောက်အများရှိတယ်။
ဆရာကြီး ဂျီ၊ အိပ်(ခ်ျ) လု(စ်)ရဲ့ ကရင်ဘာသာစကားလေ့လာချက် ပမာဏနိဒါန်းအရဆိုရင် အေဒီ(၉)ရာစု လောက်ကတည်းက ကရင်တွေ မြန်မာမြေပြန့်မှာအခြေချနေပြီ။ တရုတ်နိုင်ငံအနောက်တောင်ဘက်မှာ အရင်ဆုံးနေပြီး တောင်ငူ-ရွှေကျင်ကနေ ဧရာဝတီ၊ ဖာပွန်-သံလွင်ကနေ တနင်္သာရီဆိုပြီး (၂)လမ်းအနေနဲ့ ၀င်ရောက်ခဲ့တယ်။ ထိုင်းနဲ့ မြန်မာအရှေ့တောင်ဒေသအမှာ အခြေချနေထိုင်တယ်။
ဘာသာစကားလေ့လာချက်အရ တိဗက်တိုဘားမင်းအုပ်စုဝင်ဖြစ်တယ်။ အစ္စရေးအနွယ်ဝင် ဟီးဘရူးမဟုတ်ဘူး။ ကရင်စကားလုံးပေါင်း(၃၀၀)ကျော် မြန်မာနဲ့တူတယ်။ တစ်ချိန်က ကရင်-ဗမာအတူဆုံဆည်းခဲ့ပြီး ကရင်-ဗမာ ဆွေမျိုးမဝေးလှဘူး။အေဒီ ၁၂၃၈ခုနှစ်မှာရေးထိုးထားတဲ့ မြန်မာကျောက်စာမှာ ကရင်ဆိုပြီးစတင်တွေ့ရှိရတယ်။ အေဒီ ၁၂/၁၃ရာစုမှာ ရေထိုးတဲ့ကျောက်စာတွေမှာ စကြ၀်နဲ့တောင်သူဆိုတဲ့ လူမျိုးတွေကို မကြာခဏတွေ့ ရတယ်လို့ ဆရာကြီးဆိုတယ်။
အခုချိန်ကရင်တိုင်းရင်းသားတွေအဓိကသုံးနေတဲ့စာပေကို နိုင်ငံခြားပညာရှင်တွေက တီထွင်ပေးခဲ့ပေမယ့် အင်မတန်ရှေးကျတဲ့ စာပေအရေးအသားရှိခဲ့တယ်။ ဒီစာပေတွေကို ခလိဘိုး၊ လိပ်ဆန်ဝှေ့ ဒါမှမဟုတ် ကြက်ယက်စာလို့ ဆိုတယ်။ ဒီစာပေအရေးအသားတွေကို ဖော်ထုတ်နိုင်ခဲ့ရင် ကရင်သမိုင်းသာမက မြန်မာ့သမိုင်းအတွက်ပါ အပြောင်းအလဲဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတတော့ ၁၈၂၃ခုနှစ်အထိ ကရင်တွေမှာ စာပေအရေးအသားမရှိဘူးလို့ အနောက်တိုင်းသားတွေကဆိုခဲ့တယ်။
ဆရာဒေါက်တာနန်းလှိုင်ရဲ့  ကရင်-ဗမာဆက်ဆံရေး( ပုဂံခေတ်မှကုန်းဘောင်ခေတ်အထိ)သုတေသနစာတမ်း ကလည်း ဖတ်ရှုလေ့လာသင့်တဲ့စာတမ်းတစ်စောင်ဖြစ်တယ်။ ပါမောက္ခရောဘတ်ရှမာက ရာဇကုမာရ်ကျောက် စာပါ ပျူစာမျက်နှာကို လေ့လာပြီး ပျူနဲ့ပိုးကရင်တွေဟာ ဘာသာဗေဒအရ အနီးစပ်ဆုံးဆွေမျိုးဖြစ်ကြောင်းဆို တယ်။ (ဒီအဆိုကို မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံမှာနေထိုင်တဲ့ ဆရာမီကီဟတ်ကလည်းဆိုတယ်။)
ဆရာဒေါက်တာနန်းလှိုင်အဆိုအရ မြန်မာနိုင်ငံရှိ ကရင်တို့ရဲ့မူလအစအခြေချရာကနေရာဟာ ကယား-ဇင်းမယ် ဖြစ်တယ်။ ဒီလိုပြောရတာက ပထ၀ီအနေအထား၊ စာပေစီးကြောင်း၊ သမိုင်းဖြစ်စဉ်၊ ဒေသန္တရအမည်တွင်ပုံတွေ ကို အခြေခံတယ်။ ကရင်မျိုးနွယ်စုအချို့အနေနဲ့ အဖကို သုဓနုမင်းသား၊ အမိကို ဒွေးမယ်နော်တို့က ဆင်းသက် လာကြောင်း ယုံကြည်ကြတယ်။ ကယား( ကရင်နီ)တွေဆိုရင် ဒွေးမယ်နော်တို့က ငွေတောင်ပြည်မှာနေတယ်လို့ ယုံကြည်တယ်။
ဒီဒွေးမယ်နော်ဇာတ်ကို အင်ဒိုနီးရှားရှိ အေဒီ ၈/၉ရာစုထက်နောက်မကျဘဲတည်ထားကိုးကွယ်ခဲ့တဲ့ ဗောရော ဗုဒ္ဓါစေတီတော်ကြီးမှာ တွေ့ရတယ်။ ဒီနိပါတ်တော်ကိုဘဲ ဇင်းမယ်ပဏ္ဏသကျမ်းမှာဖော်ပြထားတယ်။ ဇင်းမယ်ဘုရင် စောသုဝဏ္ဏခမ်မုန်ရဲ့တပ်တွေဟာ ဖာပွန်အထိ စစ်သားစုဆောင်းဖူးတယ်လို့ဆိုတယ်။ နိုင်ငံတကာအသိမှတ်ပြုပညာရှင်များကတော့ ကရင်တွေရဲ့မူလအစက တရုတ်နိုင်ငံအနောက်ပိုင်းရှိ တိဗက်တောင်ပိုင်းဒေသလို့ ဖော်ပြကြတယ်။
ပျုခေတ် သရေခေတ္တရာကို ငါစက္ကောစစ်သည်များလာတယ်လို့ ထိတ်လန့်ပြီးပျက်တယ်လို့ ဖော်ပြထားတယ်။ ဆရာကြီးလုစ်နဲ့ဆရာကြီးဗိုလ်မှူးဘရှင်တို့က စကောကရင်တွေများလားလို့ တွေးခဲ့ဖူးတယ်။ ပုဂံမင်းဆက်တွေ ထဲမှာ တောင်သူကြီးမင်းလို့ဖော်ပြထားလို့  တောင်သူလူမျိုး ( ကရင်လူမျိုး)များလားလို့ တွေးကြတယ်။ စကောကရင်တွေလည်း စစ်သည်တွေအဖြစ် ပုဂံမင်းလက်ထက်တွေမှာ တာဝန်ယူဖူးကြောင်း ဆရာဒေါက်တာ နန်းလှိုင်ကဆိုတယ်။
၁၁၇က် စက်တင်ဘာ ၁၆၃၉ခုရက်စွဲပါ အမိန့်တော်အရ ပုဂံခေတ် နရပတိစည်သူလက်ထက် ( ၁၁၇၄-၁၂၁၁)မှာ တောင်ငူဒေသရှိ ကရင်လူမျိုးများက ငွေခွန်များဆက်သခဲ့ကြောင်းဆိုတယ်။ အင်းဝခေတ် မြန်မာစာပေတွေမှာ စကော၊ တောင်သူတွေကို ဖော်ပြထားသည့်အပြင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးပြီး တောတောင်ထူထပ်တဲ့ အရပ်ဒေသတွေမှာ အခြေချနေထိုင်ကြောင်းဖော်ပြထားတယ်။
အင်းဝပျက်ပြီးတောင်ငူမင်းဆက်ဖြစ်တဲ့ တပင်ရွှေထီး၊ ဘုရင့်နောင်တို့ခေတ်ဖြစ်တယ်။ ဒီခေတ်ဟာ အင်မတန်ကြီးကျယ်တယ်။ တောင်ငူဒေသဟာ ကရင်တွေအဓိကနေထိုင်ရာဖြစ်လို့ ကရင်တို့ရဲ့အား အများကြီး ပါမယ်လို့တွက်တယ်။ တောင်ငူမင်းဆက်မှာ ကရင်ဘ( ၁၂၇၉ခု)က ထီးနန်းစံကြောင်း၊ နောက်ထပ်ကရင်ဘ ( ၁၃၂၅-၆၇ခု)တစ်ဦးထီးနန်းစိုးစံကြောင်းတွေ့ရတယ်။
ဘုရင့်နောင်မင်းတရားကြီးလက်ထက် တိုင်းပြည်ရေးနဲ့စစ်ရေးကိစ္စရှိတိုင်း ကရင်တိုင်းရင်းသားတို့ရဲ့ ကြက်ရိုးထိုး ဗေဒင်ကို ယုံကြည်စွာလုပ်ဆောင်လေ့ရှိကြောင်းဖော်ပြထားတယ်။ ဆရာကြီးဒေါက်တာတိုးလှက ဘုရင့်နောင် မင်းတရားကြီး သီရိလင်္ကာ ဓမ္မပါလမင်းကို စစ်ကူပေးပို့တဲ့အခါ ကရင်လူမျိုး(၅၅၀)ခန့်ပါပြီး သံလွင်မြစ်အနောက် ဘက် စောလုံဒေသခံတွေဖြစ်နိုင်တယ်လို့ ဆိုတယ်။ တောင်ငူခေတ်မှာ ကရင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါခဲ့တယ်။
၂ဧပြီ၁၆၄၇ရက်စွဲပါ သာလွန်မင်းအမိန့်တော်၊ ၂၆မတ်၁၇၈၈ရက်စွဲပါ ဘိုးတော်ဘုရားအမိန့်တော်တွေအရ ကရင်တွေဟာ အောက်မြန်မာနိုင်ငံသာမက အထက်အညာဒေသ ကချင်မိုးကောင်းအထိ ပြန့်နှံနေထိုင်ကြောင်း သိရတယ်။ ညောင်ရမ်းခေတ် စမ္ဗူဒီပဦးဆောင်းကျမ်းအရ ပုသိမ်ဒေသမှာ ကရင်တွေဟာ မွန်၊ရှမ်းတွေနဲ့အတူ နေထိုင်တယ်။၂၄မေ၁၆၂၄ရက်စွဲပါ အမိန့်တော်အရ ကရင်တိုင်းရင်းသားတွေ အင်းဝနေပြည်တော်မှာ အမှုထမ်း ကြောင်းတွေ့ရတယ်လို့ ဒေါက်တာနန်းလှိုင်က ဆိုတယ်။
တနင်္ဂနွေမင်း( ၁၇၁၄-၁၇၄၄)လက်ထက် အခွန်တော်စာရင်း( ၁၇၂၄ခု)အရ ကရင်မှူး(၁၁၂)ဦးရှိပြီး တောင်ငူမြို့ဝန်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိခဲ့တယ်။ ဒါကြောင့် နိုင်ငံခြားသားအချို့ရေးသားထားတဲ့ ကရင်တွေဟာ မြန်မာမင်းရဲ့နိုင်ငံရေးအဖွဲ့အစည်းမှာ ဘယ်တုန်းကမှမပါခဲ့ဖူးဆိုတာ ကိုလိုနီလေသံပါလှတယ်လို့ ဆရာဒေါက် တာနန်းလှိုင်ကဆိုတယ်။
ကုန်းဘောင်ခေတ် ၁၉ဇန္န၀ါရီ၁၈၀၇ခုရက်စွဲပါ ဘိုးတော်ဘုရားအမိန်တော်တွင် ကရင်စော်ဘွားခန့်အပ်ကြောင်း တွေ့ရတယ်။မြန်မအဘိဓာန်အရ ကရင်အကြီးအကဲကို စော်ကဲခေါ်ကြောင်းတွေ့ရတယ်။ ဘိုးတော်ဘုရားလက် ထက်(၁၈၁၇ခု)မှာ ကရင်တိုင်းရင်သားတို့နေထိုင်ရာဒေသကို ကိရာဋတိုင်းလို့ သတ်မှတ်တယ်။ အဓိပ္ပါယ်က တော့ တော၊ တောင်နေတိုင်းရင်းသားလို့ဆိုတယ်။
ကရင်အကြောင်းကို ဦးဆုံးမှတ်တမ်းတင်ခဲ့တာက မိုက်ကယ်ဆိုင်းဆိုတဲ့ ဥရောပသားဖြစ်တယ်။ ဘိုးတော်ဘုရား လက်ထက် ( ၁၇၈၂-၁၈၁၉)မှာ သံမှူးအဖြစ် အင်းဝရောက်တယ်။၁၇၉၅ခုမှာ ကရင်ဇနီးမောင်နှံအကြောင်းမှတ် တမ်းတင်တယ်။ ကရင်အမျိုးသမီးမျက်နှာမှာ ဆေးမင်ကြောင်ထိုးထားတာ အထူးဆန်းဆုံးလို့မှတ်တမ်းတင် ဖော်ပြထားတယ်။ ပန်းချီပုံတူရေးဆွဲခဲ့တယ်။နတ်ယုံကြည်သူတွေဖြစ်တယ်။  ဆင်တွေနဲ့ သစ်ခုတ်တဲ့အလုပ်လုပ် တယ်။ သေသူကိုမီးသဂြိုလ်ပြီးအရိုးကောက်တဲ့ဓလေ့ရှိတယ်လို့ မိုက်ကယ်ဆိုင်းကမှတ်တမ်းတင်တယ်။
မင်းတုန်းမင်းလက်ထက်( ၁၈၅၂-၁၈၇၈)လက်ထက်နန်းတက်စတွင် ယိုးဒယားနဲ့စစ်ဖြစ်တယ်။ ဒီမှာ ကရင် အကြီးအကဲပဗ္ဗတသီဟရာဇာအကြောင်း ဦးပုညရဲ့ ယိုးဒယားနိုင်မော်ကွန်းမှာရေးဖွဲ့ထားတယ်။ကရင်နီနယ် အရေးနဲ့ပတ်သက်ပြီး မင်းတုန်းမင်းမှတ်တမ်းတွေ၊ ဒေသခံကရင်တိုင်းရင်းသားတွေရဲ့အင်္ဂလိပ်တော်လှန်ရေး အကြောင်းမှတ်တမ်းတွေတွေ့ရတယ်။
ကရင်ရာဇ၀င်၊ မွန်ရာဇ၀င်တွေမှာ ထားဝယ်ဒေသကို မြတ်စွာဘုရားဒေသစာရီကြွလာတုန်းက ကရင်လူမျိုး တစ်ဦးက ပြည့်စင်ပန်း(၇)ပွင့်နဲ့ကပ်လှူကြောင်း၊ ဒီကောင်းမှုကြောင့် ထားဝယ်ဒေသမှာ မင်း(၇)ကြိမ်ဖြစ်ဖူးတယ် လို့ဖော်ပြထားတယ်။
အင်းဝခေတ် သံဝရပျို့မှာ တစ်မျိုးသားချင်းနောင်တော်ရင်းသို့လို့ဖော်ပြထားသလို ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးဆိုတာတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့လိုပါ တယ်။ ဘာသာစွဲ၊ လူမျိုးစွဲ၊ ၀ါဒစွဲ၊ အတ္တစွဲကင်းကင်းနဲ့ သမိုင်းအမှန်တွေကို ဖော်ထုတ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment