ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းလာသည့်ဒေါက်တာ အမ်ဘေဒကာ၏ ဘ၀ခရီး
==========================================
အိန္ဒိယနိုင်ငံမှ ကျေးတောသား ညီအစ်ကို နှစ်ယောက်သည် သူတို့ ဖခင်ရှိရာသို့ နွားလှည်းငှါး၍ သွားကြသည်။ ထိုညီအစ်ကိုနှစ်ယောက်သည် အိန္ဒိယနိုင်ငံလူနေမှုစနစ်အရ ``ဇာတ်နိမ့် (သို့မဟုတ်) အောက်တန်းစားလူမျိုး´´ အဖြစ် သတ်မှတ်ခံထားရသည့် လူမျိုး ဖြစ်၏။
လှည်းသမားသည် သူတို့ကို ဇာတ်နိမ့်မှန်းသိသွားသောအခါ ဆဲဆိုပြီး လှည်းပေါ်မှ ကန်ချလိုက်လေတော့သည်။ ဤကား ကံကြမ္မာက ဖန်တီးပေးလိုက်သည့် ဇာတ်နိမ့်တို့၏ ဘ၀ဖြစ်စဉ်တည်း။
သို့နှင့် နောက်ထပ် လှည်းတစ်စီးကို နှစ်ဆပေးပြီး ငှါးရပြန်တော့သည်။ ထိုဇာတ်မြင့် လှည်းသမားက လှည်းတော့ ငှား၏။ သို့သော် သူတို့ ညီအစ်ကိုနှစ်ယောက်ကို ရွံသည်ဟုဆိုကာ သူတို့ကို လှည်းမောင်းခိုင်းပြီး သူကိုယ်တိုင်က လှည်းနောက်မှ ခြေလျင်လိုက်လာခဲ့သည်။ အစွဲအလန်းများက ကြောက်စရာကောင်းလှပေသည်တကား။
ထိုကဲ့သို့ အနှိမ်ခံရသော ညီအစ်ကို နှစ်ယောက်ထဲက ညီဖြစ်သူမှာ အခြားမဟုတ်၊ နောက်တချိန်မှာ အိန္ဒိယနိုင်ငံကြီး၏ ၀န်ကြီးဖြစ်လာသည့် ဒေါက်တာ အမ်ဘေဒကာပင် ဖြစ်ပေတော့သည်။
``အမ်ဘေဒကာ၏ဇာတိ´´
--------------------
ဒေါက်တာအမ်ဘေဒကာကို ခရစ်နှစ် ၁၈၉၁ ခု၊ ဧပြီလ၁၄-ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရတနာဂီရိခရိုင်၊ ခဒ်တလုကမြို့၊ အမ္ဗဝဒေကာရွာ၌ ဖွားမြင်ခဲ့၏။ အိန္ဒိယနိုင်ငံသား ဇာတ်နိမ့်တို့အတွက် နေ့ထူးနေ့မြတ်ကြီးပင်တည်း။
ထို့ကြောင့် သူ၏နောက်လိုက်တပည့်များသည် ဧပြီ ၁၄ ရက်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် ဂုဏ်ပြုကြလေတော့သည်။ တကယ်လည်း ဂုဏ်ပြုထိုက်သည့် အာဇာနည်ပုဂ္ဂိုလ်ကြီးပင် ဖြစ်၏။
ဒေါက်တာအမ်ဘေဒကာ၏ ငယ်နာမည်မှာ ဘိဝရာမဂျိ အမ္ဗဝဒေကာ ဖြစ်၏။ မျိုးနွယ်က ဇာတ်နိမ့်။ ဓနဥစ္စာက နွမ်းပါး။ ဒီတော့ သူသည် အနှိမ်ခံဘ၀မှာပဲ ကြီးပြင်းလာသူ။ အနှိမ်ခံဘ၀မှာပဲ ပညာသင်ခဲ့သူ။ မည်သို့ပင်နှိမ်နှိမ်၊ မည်သို့ပင် အနိုင်ကျင့်ကျင့်၊ ခံယူချက် ရှိသူများအတွက် ထိုလောကဓမ်များက လက်ဆောင်သဖွယ် ဖြစ်လေတော့၏။
ဘောလုံးဆိုသည်မှာ နံရံနှင့် ပြင်းပြင်းထန်ထန် တိုက်လေ တွန်းကန်အား ပို၍ ပြင်းထန်လေဖြစ်၏။ လူစွမ်းကောင်းတို့မည်သည် လောကဓမ်အထုအထောင်းခံရလေ ပို၍ မြင့်တက်လေပင်တည်း။
``အမ်ဘေဒကာ၏ ပညာရေး´´
----------------------
သူ၏ ပညာရေးခရီးအစမှာ ၁၉ဝဝ ခုနှစ် ဖြစ်သည်။ အစိုးရအထက် တန်းကျောင်း၌ ပညာစတင်သင်ကြားပြီး ၁၉ဝ၇ ခုနှစ်တွင် အထက်တန်း အောင်မြင်ခဲ့၏။ ၁၉၁၂ ခုနှစ်မှာတော့ B.A ဘွဲ့ ရရှိခဲ့လေသည်။
ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဟူသည့်အတိုင်း အမ်ဘေဒကာသည် ထိုမျှလောက်ဖြင့် ကျေနပ်အားရမနေဘဲ အင်္ဂလန်နိုင်ငံသို့ သွားရောက်ပြီး ပညာသင်ယူလေတော့သည်။
သူသည် ၁၉၁၅ ခုနှစ်တွင် M.A ၊ ၁၉၂၁ နှစ်တွင် M.Sc ဘွဲ့တို့ကို လန်ဒန်တက္ကသိုလ်မှ ရရှိခဲ့၏။ ၁၉၁၆ ခုမှာပင် Ph.D အတွက်စာတမ်း တင်ခဲ့သည်၊ ၁၉၂၃ ခု နှစ် D.Sc (Eco) နှင့်ကျမ်းတင်ခဲ့လေသည်။
သာမန်ဇာတ်နိမ့် ဘ၀ကနေ ပါရဂူဘွဲ့ရပုဂ္ဂိုလ်အဖြစ် ရောက်ရှိလာခြင်းခြင်းမှာ သူ၏ စိတ်ဓာတ်၊ ဇွဲလုံ့လ၊ ခံယူချက်တို့ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် မြတ်ဘုရားက ``၀ီရိယ၀တော့ ကိံ နာမ ကမ္မံ န သိဇ္ဈတိ - ရဲရင့်သူတို့အတွက် မဖြစ်နိုင်သောအရာဟူသည်မှာ မရှိပါဘူး´´ဟု မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။
``ဇွဲကောင်းတဲ့ အမ်ဘေဒကာ´´
-------------------
ကျောင်းသားလေး အမ်ဘေဒကာသည် ခံယူချက်ရှိသူပီပီ ပညာရေးကို ကြိုးစားပမ်းစား သင်ယူလေ၏။ အသက်ငယ်သော်လည်း ရည်ရွယ်ချက် မငယ်ပေ။ သူများ တစ်လှမ်းလှမ်းလျှင် ဆယ်လှမ်းလောက် လှမ်းမှ တော်ကာကျမည်ကို ရိပ်စားမိ၏။
ထို့ကြောင့် သူများ ဆော့သော်လည်း မဆော့၊ သူများ အချိန်ဖြုန်းသော်လည်း မဖြုန်း၊ စာကိုသာ ဖိ၍ ကျက်နေ၏။ ထို့ကြောင့် အမ်ဘေဒကာသည် စာတော်သောကျောင်းသားတစ်ယောက် ဖြစ်လာလေတောသည်။။
တစ်ခုသောနေ့၊ အတန်းထဲတွင် စာသင်နေခိုက် ဖြစ်သည်။ ကျောင်းဆရာက သူ့ကို စာတော်မှန်းသိသည့်အတွက် စာသင်ဘောတွင် သင်္ချာတွက်ပြရန် လှမ်းခေါ်လိုက်သည်။ သူကလည်း ၀မ်းသာအားဖြင့် ထသွားလေ၏။
``ဇာတ်နိမ့်ကြောင့် အဆဲခံရတယ်´´
-----------------
သူလည်း စာသင်ဘောနား ရောက်ရော ဇာတ်မြင့်ကျောင်းသားများက ``ဟေ့ကောင် အဲဒီနား မနေနဲ့ကွ၊ စာသင်ဘောနောက်မှာ ငါတို့ထမင်းဘူးတွေ ရှိတယ်၊ ငါတို့ ထမင်းဟင်းတွေတော့ မသတီစရာ ဖြစ်တော့မှာပဲ၊ မင်း ကိုယ့်နေရာ ကိုယ် ပြန်ထိုင်´´ဟု တစ်ယောက် တစ်ပေါက် အော်ဟစ်ကျလေတော့သည်။
တချို့ကလည်း ``ဟေ့ကောင်၊ မင်းလို အမျိုးယုတ်၊ မောင်းထုတ်ရမှာလား´´ဟု ခပ်ကြမ်းကြမ်း ဆဲကြတော့၏။
အများနှင့် တစ်ယောက်ဖြစ်ရကား သူ့ခမျာ မျက်နှာငယ်လေးဖြင့် ကိုယ့်နေရာကိုယ် ပြန်ထိုင်ရလေတော့သည်။ ဤကား အမ်ဘေဒကာ၏ ဇာတ်လမ်းထဲက ကြေကွဲဖွယ်စရာကောင်းသည့် ``ကကြိုး ကကွက်´´ တစ်ခုသာတည်း။
``ဇာတ်နိမ့်တို့၏ ခရောင်းလမ်း´´
----------------------
လူမျိုးတူ စကားတူ ဘာသာတူပါလျက် ဇာတ်မြင့် (အမျိုးမြတ်) ဇာတ်နိမ့် (အမျိုးယုတ်) ခွဲခြားထားသည်မှာ လောကအမြင်နှင့် ကြည့်လျှင် စက်ဆုပ်စရာ ကောင်းလှ၏။ ဓမ္မအမြင်နှင့်ကြည့်လျှင်တော့ သံဝေဂ ရစရာပါပေ။
ဟိန္ဒူဘာသာဝင်တို့၏ ဇာတ်မြင့်ဇာတ်နိမ့်ခွဲခြားမှုသည် အကြောင်းရှာလို့မရသည့် ရှေးဟောင်းဥပါဒါန်တစ်ခုပင်။ ဘာ့ကြောင့်နည်း၊ ပညာရေးနှင့် ခွဲခြားသည်လည်း မဟုတ်၊ ဥစ္စာအားဖြင့် ခွဲခြားထားသည် လည်း မဟုတ်၊ ရာထူးအားဖြင့် ခွဲခြားထားသည်လည်း မဟုတ်သောကြောင့်တည်း။
ဇာတ်မြင့်က မွေးဖွားလာလျှင် ဇာတ်မြင့်ဖြစ် သွားသော ဟူ၏။ သို့ဆိုလျှင် ဇာတ်မြင့်မှ မွေးဖွားလာသည့် အရူးကလည်း အမျိုးကောင်းသား ဖြစ်ရလေတော့သည်။ သဘာဝကျကျ ကြည့်လျှင် ဘယ်လိုနည်းနှင့်မျှ လက်မခံနိုင်သော ပညတ်ချက် ဖြစ်၏။
ဇာတ်နိမ့်က မွေးဖွားလာလျှင် ဇာတ်နိမ့်ဖြစ်သွားသောဟူ၏။ သို့ဆိုလျှင် ဇာတ်နိမ့်ကမွေးဖွားလာသည့် ပါမောက္ခကြီးမှာတော့ အမျိုးယုတ်ကြီး ဖြစ်ရလေ တော့သည်။ အရူးကို အမျိုးကောင်းသားဟု သတ်မှတ်ပြီး ပါမောက္ခကြီးကို အမျိုးယုတ်ဟု သတ်ခြင်းသည် လားလားမှ မဖြစ်သင့်။ မဖြစ်သင့်သော်လည်း ဖြစ်၍နေ၏။ လောကကြီးက ဆန်းကြယ်ပေ၏တကား။
ထို့ကြောင့် ဇာတ်မြင့်ဇာတ်နိမ့်ခွဲခြားခြင်းမှာ အကြောင်းရှာလို့ မရဟု ဆိုခဲ့ခြင်း ဖြစ်၏။ သို့သော် ဗုဒ္ဓအဘိဓမ္မာအမြင်နှင့် ကြည့်လျှင်တော့ ရှင်းပါ၏။ ကမ္မယောနိ- ကံတည်းဟူသော အကြောင်းအကြောင့် အမျိုးမြတ် အမျိုးယုတ်ဟု ပညတ်ခြင်းပင်တည်း။ သို့ဖြစ်ရကား ဘ၀ပြဿနာ၏ အဖြေကို ရှာရာ၌ အဘိဓမ္မာကို ပစ်ပယ်လို့ မရပါ။
``ဇာတ်နိမ့်တို့၏ ရင်နင့်စရာ´´
------------------
ဇာတ်နိမ့်တို့၏ ဆုံးရှုံးနေသာ အခွင့်အရေးများကို ရှုစားလိုက်စမ်းပါ။ ဘုရားကျောင်းမှာ ဘုရားကို ရှိမခိုးရ၊ ပြည်သူပိုင် စာသင်ကျောင်းမှာလည်း စာမသင်ရပေ။ သဘောထားကြီးသည့် ဆရာများရှိမှသာလျှင် ဇာတ်နိမ့်ကလေးများ စာသင်ခွင့်ရ၏။
နေရေုးထိုင်ရေးနှင့် ပတ်သက်၍လည်း မြို့လည် ဗဟိုမှာ နေခွင့်မရ။ သို့ဖြစ်ရကား ဇာတ်နိမ့်တို့၏နေရာကား မြို့စွန်မြို့ဖျားနှင့် ကျေးရွာတို့သာဖြစ်၏။ အလုပ်ကား သီးနှံစိုက် အမိုက်ကျုံး တံမျက်လှည်း အိမ်သာဆေးတို့တည်း။
မည်မျှလောက် ရေဆာဆာ အများသုံး ရေတွင်းထဲက ရေကိုပင် ကိုယ်ကိုယ်တိုင် ခပ်ယူခွင့် မရှိ။ ဤပညတ်ချက်ကတော့ ဆိုးဝါးလွန်း၏။ ရေဆာလျှင် ဇာတ်မြင့်တဦးဦးကို ရေတောင်းရလေသည်။ ဇာတ်မြင့်က ရေခွက်ကို မထိစေဘဲ ရေလောင်းထည့်လိုက်၏။ ထိုအခါကျမှ ရေသောက်ခွင့် ရလေတော့သည်။ တခါတရံ ဇာတ်မြင့်ဆိုသူများ၏ ဆူခြင်းငေါက်ခြင်းကိုလည်း ခံရသေး၏။
အမျိုးသမီးဆိုသည်မှာ အလှအပကို တန်ဖိုးထားသူ ဖြစ်၏။ သို့သော် ပွဲလမ်းသဘင်ရှိလို့မှ လက်ဝတ်ရတနာကို တခန်းတနား ၀တ်ခွင့် မရ။ အမျိုးသမီးအခွင့်အရေးမှာ ဗလာနတ္ထိပင်။ နောက်ဆုံး ပိုက်ဆံဘယ်လောက်ရှိရှိ ကျွဲ နွားများကိုတောင် အများကြီး ၀ယ်လို့ မရကြဘူးတဲ့။
ဇာတ်မြင့်တို့သည် ဇာတ်နိမ့်များအား လူနှင့် တိရစ္ဆာန်ကြားမှာ ရှိသည့် ``ကြားခံသတ္တ၀ါ´´အဖြစ်သာ သဘောထားကြလေသည်။ ကံကြမ္မာက ဖန်ဆင်းပေးလိုက်သည့် ``ဥပါဒါန်´´ပင် ဖြစ်ပေတော့သည်တကား။
``ပညာတတ်ကြီး ဖြစ်ပြီ´´
-----------------------
ကျောက်ဆောင်ကျောက်သားကြားထဲမှာ ပေါက်လာသည့် ဆူးသည် ထက်မြက်၏၊ စူးရှ၏။ မာကြော၏။ ထို့နည်းတူစွာ လောကဓမ် အဖုအထစ်တို့ဖြင့် ရိုက်ချက်ပြင်းပြင်း ထုဆစ်ခံခဲ့ရသည့် လူတော်များသည်လည်း ထက်မြက်၏။ စူးရှ၏။ မာကြော၏။
အမ်ဘေဒကာသည် ကြမ်းတမ်းသည့် ခရောင်းလမ်းကို ဖြတ်သန်းခဲ့ရသော်လည်း ကြိုးစားအားထုတ်မှုကြောင့် ဘွဲ့ဒီဂရီများ တစ်ခုပြီး တစ်ခု ရရှိပြီး ပညာတတ် ပုဂ္ဂိုလ်ကြီး ဖြစ်လာပေတော့သည်။
ဘွဲ့ရပုဂ္ဂိုလ်ကြီး ဖြစ်လာပြီးနောက် သင့်လျော်သည့် အလုပ်တစ်ခု ရဖို့အတွက် ``အလုပ် ရှာပုံတော်ခရီး´´ ဖွင့်ရပြန်၏။ သူသည် ဓားတောင်ကို ကျော်ပြီး ဖြစ်သော်လည်း မီးပင်လယ်ကို ဖြတ်သန်း ရပေဦးမည်။
``ကျောင်းသားမှ ကျောင်းဆရာသို့´´
---------------------
ဘုံဘေမြို့ရှိ အလုပ်ဋ္ဌာနတစ်ခုသို့ အလုပ်လျှောက်ဖို့ရန် မ၀ံ့မရဲနှင့် ၀င်သွားလေသည်။ လုပ်ငန်းရှင်က နေရပ်လိပ်စာ မေးပြီး မှတ်ပုံတင်တောင်းလိုက်၏။ မှတ်ပုံတင်ထဲမှာ ``ဇာတ်နိမ့်´´ဟု မြင်သောအခါ သူ့ကို ခွေးမောင်း ၀က်မောင်း မောင်းထုတ်လိုက်လေ တော့သည်။ သူ၏ အစပိုင်းဇာတ်ဝင်ခန်းများသည် ``ဘီးလူးခန်း´´ဟု ဆိုရချိမ့်မည်။
အလုပ်ရဖို့အတွက် အလုပ်ဋ္ဌာနတစ်ခုမှ အလုပ်ဋ္ဌာနတစ်ခုဆီသို့ သွား၍ အလုပ်လျှောက်သော်လည်း မည်သည့် အလုပ်မှ မရခဲ့။ သူ၏ ဘ၀မှာ ကံကြမ္မာ၏ မျက်နှာသာပေးမှုကို မရသည့်အတွက် ဥာဏ်ဝီရိယကိုသာ အားကိုးရမည်ဆိုသည်ကို ကောင်းကောင်းကြီး သဘောပေါက်ရကား အမ်ဘေဒကာသည် စိတ်ဓာတ်မကျ။ အလုပ်ရှာမြဲရှာလျက်သာတည်း။
သူသည် အလုပ်ရှာရင်းဖြင့် ထင်ရှာသည့် တက္ကသိုလ်တစ်ခုမှာ လျှောက်လွှာတင်လိုက်လေသည်။ သူရရှိခဲ့သည့် ဘွဲ့ဒီဂရီ၏ အရှိန်အ၀ါကြောင့် ထိုတက္ကသိုလ်ကြီးမှာ ``ဆရာ´´ ဖြစ်သွားလေတော့သည်။ သူ၏ဘ၀မှာ ရောင်ခြည်သမ်းလာသည်ဟု ပြောရမည်ထင်၏။ ဘာ့ကြောင့်နည်း၊ ဇာတ်နိမ့်တို့၏ လှပသည့်သမိုင်းကို ပထမဦးဆုံး ရေးနိုင်ခြင်းကြောင့်တည်း။
``ထီပေါက်သော်လည်း ထီလက်မှတ်
ဆုတ်ဖြဲခံရသည့် ဘ၀´´
--------------------
သူသည် ဆရာဖြစ်သွားသောအခါ တက္ကသိုလ်မှာပဲ နေခွင့်ပေး၏။ မဟာအခွင့်အရေးကြီးပင်တည်း။ သို့သော် ထိုအိပ်မက်ကလည်း မြန်လွန်းလှ၏။
ဇာတ်မြင့်ကျောင်းသား များက ``အမ်ဘေဒကာဟာ ဇာတ်နိမ့်ဖြစ်လို့ တက္ကသိုလ်အဆောင်မှာ နေခွင့် မပေးသင့်ပါ´´ဟု ၀ိုင်းဝန်းကန့်ကွက်မှုကြောင့် တက္ကသိုလ် အဆောင်မှာ နေခွင့်မရတော့ပါ။ သူသည် ထီပေါက်ခဲ့သော်လည်း ထီလက်မှတ် ဆုတ်ဖြဲခံရပြန်သည်။
သို့နှင့် ရပ်ကွက်ထဲမှာပဲ အဆောင်ငှါးပြီး နေရပြန်တော့သည်။ ရပ်ကွက်ထဲ ရောက်ပြန်တော့လည်း သူ့အတွက် အဆင်မပြေပါ။ ရပ်ကွက်လူထုက သူမနေနိုင်အောင် ၀ိုင်းဝန်းကန့်ကွက်ကြပြန်၏။ နောက်ဆုံးတော့ အမ်ဘေဒကာသည် နေရေးထိုင်ရေး ခက်ခဲလှသည့်အတွက် တက္ကသိုလ်မှ နှုတ်ထွက်ခဲ့ရလေတော့သတည်း။
ကျောင်းသားဘ၀တုန်းကလည်း ဘီးလူးခန်း၊ ဆရာဖြစ်တော့လည်း ဘီးလူးခန်း၊ သူ၏ဇာတ်ဝင်ခန်းသည် တစ်ခန်းပြီးတစ်ခန်း ပြောင်းသွားသော်လည်း ကကြိုးကကွက်ကတော့ ထူးမခြားနားတည်း။
ထိုကဲ့သို့ ထူးမခြားနား ကကြိုးကကွက်တို့ ဖြင့် ကပြခဲ့ရသော အမ်ဘေဒကာသည် နောက်ဆုံးဇာတ်သိမ်းခန်းမှာတော့ ``အလောင်းတော် သူရဲကောင်းကြီး´´ သဖွယ် ဂုဏ်ပြုခံရလေတာ့သည်။
``နောက်မဆုတ်တမ်း စိတ်ဓာတ်´´
---------------
ဒေါက်တာအမ်ဘေဒကာသည် ဇာတ်နိမ့်ဖြစ်သည့်အတွက် ဇာတ်နိမ့်တို့၏ ဘ၀ဖြစ်စဉ်ကို တွေးမိတိုင်း စိတ်မကောင်း ဖြစ်ရ၏။ လူချင်းတူပါလျက် လူသားတစ်ယောက်လို မဆက်ဆံကြခြင်းကို ဘယ်လိုမှ မခံစားနိုင်ပေ။ ထို့ကြောင့် သူကိုယ်တွေ့ဖြစ်စဉ်လေးကို သူကိုယ်တိုင် ရေးခဲ့ပါသည်။
“ပါရစီလူမျိုး ၁၂-ယောက်လောက်က ဒုတ်တွေကို ကိုင်ပြီး ကျွန်ုပ်ကို ရိုက်တော့မည်ပုံနှင့် တန်းစီနေကြတယ်။ ကျွန်ုပ်ကတော့ တစ်ယောက်ထဲဆိုတော့ အသနားခံနေတဲ့ မျက်နှာလေးနှင့် နေရတာပေါ့ဗျာ၊ ဘယ်ယှဉ်လို့ ရမလဲ၊ ကျွန်ုပ်တောင်းပန်ပြီး သူတို့ဖြစ်ချင်တဲ့ ဆန္ဒကို လိုက်လျောခဲ့ရပါတယ်´´။
``ဒါက လွန်ခဲ့တဲ့ ၁၈-နှစ်လောက်ကပေါ့။ ဒါပေမယ့် ကျွန်တော် ဒီမြင်ကွင်းကို ဖျောက်လို့ မရနိုင်ခဲ့ဘူး။ ကျွန်တော့်မျက်စိထဲမှာ အခုချိန်ထိ မြင်ယောင်နေဆဲ။ ဒါကို မြင်ယောင်မိတိုင်း ကျွန်ုပ်ရဲ့ နှလုံးသားထဲမှာ ကြေကွဲခဲ့ရပါတယ်´´။
``တစုံတစ်ယောက်ဟာ ဟိန္ဒူ တစ်ဦးအတွက် အပယ်ခံလူဆိုရင် အဲဒီလူဟာ ပါရစီတစ်ဦးအတွက်လည်း အပယ်ခံ လူသားပါပဲ။ ကျွန်ုပ်တို့ဇာတ်နိမ့်တွေဟာ လူတကာရဲ့ အနှိမ်ခံလူတန်းစားပဲဆိုတာကို ပထမဆုံး နားလည်ခဲ့ပါတယ်´´တဲ့။
သူသည် မည်သို့ပင် အခက်အခဲတွေ့တွေ့၊ သူဖြစ်ချင်သည့်ဆန္ဒကို အကောင်အထည် ဖော်၏။ တုံးတိုက်တိုက် ကျားကိုက်ကိုက် မဖြစ်ဖြစ်အောင် လုပ်၏။
ထို့ကြောင့် ၁၉၁၈-ခုနှစ်တွင် ဘောဂဗေဒ ဆစ်ဒန်ဟန်ကောလိပ် (Sydenham college)မှာ ပါမောက္ခဆရာကြီး ဖြစ်သွားလေသည်။ အသင်အပြလည်းကောင်း၊ ဆက်ဆံရေးလည်း ကောင်းသည့်အတွက် ကျောင်းသားထု၏ ထောက်ခံမှုကို အပြည့်အ၀ ရရှိသွားလေသည်။
သို့သော် အခြားသော ပါမောက္ခများ၏ ငြိုငြင်မှုကို ခံရလေတော့သည်။ ``အမ်ဘေဒကာနှင့် ရေအတူတူ မသောက်နိုင်ပါဘူး´´ဟု အဆိုပြုကြသောကြောင့် ကိုယ်ပိုင်သောက်ရေခွက်ကိုသာ အသုံးပြုခဲ့ရလေသည်။
``ဗုဒ္ဓတရားနှင့် လူ့အခွင့်အရေး´´
----------------------
ဒေါက်တာအမ်ဘေဒကာသည် စာပေသမားပီပီ ဘာသာရပ်မျိုးစုံကို လေ့လာသည်။ ၀ါဒမျိုးစုံလေ့လာသည်။ သူသည် တက္ကသိုလ်ကျောင်းသားဘ၀က သက္ကဋဘာသာကို သင်မည်ဆိုသောအခါ ဇာတ်မြင့် ဆရာများက မသင်ရဟု တားမြစ်ကြ၏။
ဘာ့ကြောင့်နည်း၊ ဇာတ်မြင့်များ အထွဋ်အမြတ်ထားသည့် ဝေဒကျမ်းများသည် သက္ကဋဘာသာဖြင့် မှတ်တမ်း တင်ထားသော ကြောင့်တည်း။ သို့သော် မခံချင်သောစိတ်ဖြင့် မရရအောင် သင်ယူခဲ့၏။ ကျွမ်းကျင်တတ်မြောက်သောအခါ ယင်းဘာသာဖြင့် မှတ်တမ်းတင်ထားသည့် ဝေဒစာပေနှင့် ဗုဒ္ဓစာပေများကို လေ့လာဆည်းပူးလေတော့သည်။
``စာကောင်းပေကောင်းမှ ရတနာ´´
-----------------
သူသည် အကျိုးရှိမည့်စာအုပ်များကို ဖတ်လေ့ရှိ၏။ သူ့အတွက် ပညာရေး စကောလရှ် ထောက်ပံ့သည့် ငွေများဖြင့် အစားအသောက်ကို ချွေတာစားသောက်ပြီး စာအုပ်များစွာကို ဝယ်ယူဖတ်ရှုခဲ့သည်။
အင်္ဂလန်တွင် ကျောင်းတက်စဉ်က စားအုပ်ပေါင်း သုံးထောင် (၃ဝဝဝ) ဝယ်ယူနိုင်ခဲ့ပြီး အမေရိကမှာ ကျောင်းတက်စဉ်က စာအုပ်သေတ္တာကြီး အလုံး သုံးဆယ် (၃ဝ)ခန့် ၀ယ်ယူစုဆောင်းခဲ့လေသည်။ ထိုစာအုပ်များကို အိန္ဒိယနိုင်ငံသို့ သင်္ဘောဖြင့် တင်ပို့ခဲ့ပါသည်။ ထိုမျှလောက် စာအုပ်စာပေကို တန်ဖိုးထားလေသည်။
ဗုဒ္ဓစာပေကို ဖတ်သည့်အခါ လူ့သားအားလုံး တန်းတူဖြစ်ကြောင်း၊ မြင့်မြတ်ခြင်း ယုတ်နိမ့်ခြင်းဟူသည်မှာ မျိုးရိုးနှင့် မဆိုင်ဘဲ အကျင့်သိက္ခာနှင့် ဆိုင်ကြောင်း၊ သီလ သမာဓိ ပညာတို့နှင့် ပြည့်စုံလျှင် မည့်သည့်ဘာသာဝင်ဖြစ်ဖြစ်၊ မည်သည့်လူမျိုးဖြစ်ဖြစ် မြင့်မြတ်သည့်လူသားတစ်ယောက်ပင် ဖြစ်ကြောင်းတို့ကို လေ့လာတွေ့ရှိရလေသည်။
``မြတ်ဗုဒ္ဓသည် လူသားတစ်ဦးသာ´´
-----------------
ထိုသို့လေ့လာပြီးနောက် မြတ်ဗုဒ္ဓနှင့်ပတ်သက်၍ သူပေးလိုက်သည့်မှတ်ချက်က မှတ်သားဖွယ်အတိ။ မိရိုးဖလာ ဟိန္ဒူဘာသာဝင်တစ်ယောက်၏ အမြင်ဖြစ်နေသည့်အတွက် သူ၏နှိုင်းယှဉ်မှုက ပို၍ ထိမိလှပေသည်။
``အခြားသော ဘာသာရေးခေါင်းဆောင်များထက် မြတ်ဗုဒ္ဓ၏ ထူးခြားချက်တစ်ခုမှာ လူသားထက်သာလွန်သည့် တန်ခိုးရှင်ပုဂ္ဂိုလ်အဖြစ် ကိုယ့်ကိုယ်ကိုယ် သိဒ္ဓိမတင်ပဲ လူသားတစ်ဦးသာဖြစ်ကြောင်း မိန့်ကြားတော်မူခြင်းပဲ ဖြစ်ပါတယ်´´။
``ယေရှုခရစ်ဟာ သူ့ကိုယ်သူ ထာဝရဘုရားရဲ့ ကိုယ်စားလှယ်လို့ တရားဝင်ကြေငြာထားပါတယ်။ တမန်တော် မိုဟာမက်ကလည်း သူဟာ ဘုရားသခင်၏ နောက်ဆုံးတမန်တော်ဖြစ်ပါတယ်လို့ ယုံကြည့်မှုအပြည့်ဖြင့် ပြောကြားခဲ့တယ်။ ကရစ်ရှနားကတော့ သူဟာ ဘုရားအားလုံးရဲ့ဘုရားဖြစ်ကြောင်း အတိအလင်း ကြေငြာခဲ့ပါတယ်´´။
``မြတ်ဗုဒ္ဓဟာ သူ့ကိုယ်သူ ဘုရားကိုယ်စားလှယ်တော်ဟူ၍လည်းကောင်း၊ ဘုရားတမန်တော်ဟူ၍ မပြောကြားခဲ့ပါဘူး၊ လူသားကနေ မွေးလာပြီး လူတစ်ယောက်လို အသက်ရှင်နေထိုင်သည့် ပုဂ္ဂိုလ်သာ ဖြစ်ကြောင်းကိုလည်းကောင်း၊ လောကသားတို့အား အသိ ဉာဏ်ပညာ ပေးဝေနေသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်းကိုလည်းကောင်း မိန့်ကြားတော်မူခဲ့ပါတယ်၊ ဒီစကားလုံးတွေကပဲ ကျွန်ုပ်ရဲ့နှလုံးသားကို ဖမ်းစားလိုက်ပါတယ်´´။
``ဟိန္ဒူဘာသာကို စွန့်ပြီ´´
-------------
ထို့နောက် သူသည် ခိုင်မာသောဆုံးဖြတ်ချက်ကို ချလိုက်လေသည်။ ``မြင့်မြတ်သောလူသားကျင့်စဉ်ဟာ ဗုဒ္ဓစာပေမှာသာ ရှိတယ်၊ ဒါကြောင့် ငါတို့ မျိုးနွယ်အားလုံး ဗုဒ္ဓတရားကို ကျင့်သုံးသင့်တယ်၊ ဒီတော့ ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်မယ်´´ဟု ရဲရဲဝံ့ဝံ့ ဆုံးဖြတ် လိုက်လေတော့သည်။
ထို့ကြောင့် ၁၉၃၅-ခုနှစ်၊ အောက်တိုဘာလ၊ ၁၃-ရက်နေ့မှာ “ကျွန်ုပ်ဟာ ဟိန္ဒူတစ်ယောက်အနေနဲ့ မွေးဖွားလာတယ်။ ဒါပေမဲ့ ကျွန်ုပ်ဟာ ဟိန္ဒူတစ်ယောက်လို သေမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲ၊ ကျွန်ုပ်နှလုံးသားထဲမှာ မြင့်မြတ်သော ဗုဒ္ဓတရားကြောင့် အားသစ်အင်သစ်တွေ ရရှိနေပြီ ဖြစ်လို့ပါပဲ။ ဒါကြောင့် ဒီအချိန်ကစပြီး ကျွန်ုပ်ဟာ ဟိန္ဒူဘာသာကို မျက်နှာလွှဲလိုက်ပါပြီ”ဟု ဟိန္ဒူဘာသာကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ကြေငြာမောင်း ခတ်လိုက်လေတော့သည်။
မိရိုးဖလာ ကိုးကွယ်လာသည့် ဘာသာတရားကို စွန့်ဖို့ဆိုသည်မှာ သာမန်အသိ၊ သာမန်စိတ်ဓာတ်ဖြင့် မလွယ်ကူပါ။ အတွေးအခေါ်ကလည်း ထက်မြက်ရမည်၊ အမှန်တရားကိုလည်း အသက်တမျှ တန်ဖိုးထားရမည်။ သတ္တိကလည်း ရှိရမည်။
ဒေါက်တာအမ်ဘေဒကာသည် ထက်မြက်သူဖြစ်ရကား ဘိုးဘွားအစဉ်အဆက် ယုံကြည်ခဲ့သည့် ဘာသာတရားကို စွန့်လွှတ်လိုက်လေတော့သည်။
``ကြီးကျယ်ခန်းနားသည့် ဘာသာကူးပြောင်းပွဲ´´
----------------------
ထိုသတင်းကြောင့် အခြားသော ဘာသာဝင်များက သူတို့ဘာသာထဲ ၀င်ဖို့ ဒေါက်တာအမ်ဘေဒကာကို စည်းရုံးကြလေ၏။ ဆစ်ခ်ဘာသာလည်း စည်းရုံး၏။ အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကလည်း သူတို့ဘာသာထဲကို ၀င်ဖို့ အပြိုင်အဆိုင် ဆွဲဆောင်ကြ၏။
တချို့က ငွေနှင့် ဆွဲဆောင်၏။ တချို့က ဂုဏ်ပကာသနဖြင့် ဆွဲဆောင်၏။ မည်သို့ပဲဆွဲဆောင်ဆွဲဆောင် သူ့စိတ်ကတော့ ဗုဒ္ဓဆိုမှ ဗုဒ္ဓ။
သူ၏ နှလုံးသားထဲ၌ ဗုဒ္ဓတရားတော်က ခိုင်ခိုင်မာမာ နေရာယူထားပြီ ဖြစ်ရကား ဘာသာရေး ဆရာတို့၏ စည်းရုံးမှုသည် သဲထဲရေသွန်ဖြစ်သွားကြပေသည်။
ဗုဒ္ဓဘာသာဝင်တွေကတော့ မည်သို့မျှ မစည်းရုံးပါ။ မစည်းရုံးခြင်း သည်ပင် စည်းရုံးသလို ဖြစ်နေပေတော့၏။ စစ်မှန်သည့် ဓမ္မသည် ငွေကြေးဓန ဂုဏ်ပကာသနတို့ကို အရည်ပျော်ဝင်စေနိုင်သည် မဟုတ်ပါလော။
ဘုရားလက်ထက် အနာကြီးရောဂါသည် သုပ္ပဗုဒ္ဓကို သတိရမိ၏။ သူ့ကို သိကြားမင်းက ``ဓမ္မကို အဓမ္မလို့ ပြောမယ်ဆိုရင် ရွှေငွေရတနာ ပေးမယ်´´ဟု ပြောလိုက်၏။
ထိုအခါ သူသည် ``သိကြားမင်း ငါသည် ဓနဥစ္စာ နွမ်းပါးသော်လည်းပဲ ငါမှာ သူတော်ကောင်းတရားတွေ ရှိနေသည့်အတွက် လူ့ချမ်းသာပဲ၊ သင် ဘာစကားလာပြောတာလဲ၊ အခုချက်ချင်း ထွက်သွား´´ဟု သိကြားမင်းကို မောင်းထုတ်ခဲ့ဖူးလေသည်။
အမှန်တရားနှင့် ဓနဥစ္စာယှဉ်လာသောအခါ ဓနဥစ္စာသည် အမှန်တရားအောက်မှာ ပြားပြားဝပ်ရပေသည်။
ဒေါက်တာအမ်ဘေဒကာသည် ၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ၊ ၁၄-ရက်နေ့မှာတော့ သူ၏ နောက်လိုက်နောက်ပါ ၅-သိန်းနှင့် အတူ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့ကြပါသည်။ ထိုသတင်းသည် ကမ္ဘာအရပ်ရပ်ရှိ သတင်းဋ္ဌာနများသို့ ရိုက်ခတ် သွားလေတော့သည်။
``ဘီဘီစီမှာ ဗုဒ္ဓအကြောင်း ဟောပြီ´´
-----------------------
၁၉၅၆-ခုနှစ်၊ မေလ၊ ၁၂-ရက်နေ့တွင် လန်ဒန်မြို့၊ ဘီဘီစီအသံလွှင့်ဌာနမှာ “ဗုဒ္ဓဘာသာကို ကျွန်ုပ် ဘာကြောင့် ကြိုက်သလဲ”ဟူသော ခေါင်းစဉ်ဖြင့် သူ့အကြောင်းသူ့ရာဇ၀င် ခင်းပြခဲ့၏။ အကြောင်းယုတ္တိ ခိုင်လုံစွာဖြင့် ဟောပြောထားသည် ဖြစ်ခြင်း ကြောင့် ဘာသာရေးလောကမှာ အုတ်သြော် သောင်းနင်း ဖြစ်သွားပေတော့သည်။
“ဗုဒ္ဓဘာသာကို ကျွန်ုပ် ကမ္ဘာမှာ ရှိသမျှဘာသာအားလုံးထက် သဘောကျတယ်။ အကြောင်းမှာ့ အခြားဘယ်ဘာသာများ မပေးနိုင်တဲ့ အချက်သုံးချက် ပေးနိုင်လို့ပဲ ဖြစ်ပါတယ်´´။ သူ့၏ဟောပြောချက်သည် ရှင်းလင်း၏။ ပြတ်သား၏။ အသိရှင်းလို့ အပြောရှင်းခြင်း ဖြစ်သည်။
``ဗုဒ္ဓတရားသည် အကြောင်းအကျိုးကို ဝေဘန်နိုင်စွမ်းရှိသည့် ပညာကို သင်ပေးတယ်။ ယင်းပညာကြောင့် အယူသည်းမှုကို လည်း လက်မခံဘူး၊ သဘာဝလွန်ယုံကြည်မှုကိုလည်း လက်မခံဘူး။ ဒါကြောင့် ကျွန်ပ် ဗုဒ္ဓတရားကို နှစ်ခြိုက်တယ်´´။ မှန်လိုက်သည့် ဖြစ်ခြင်း။ မြတ်စွာဘုရားက ``ပညာဇီဝိတမာဟု သေဋ္ဌံ- ပညာဖြင့် ရှင်သန်ခြင်းသည် မြတ်နိုးစရာအကောင်းဆုံး´´ဟု မိန့်ကြားခဲ့သည် မဟုတ်ပါလော။
သူက အချက်သုံးချက်ထဲက ဒုတိယအချက်ကို ဆက်ပြော၏။ `` ဗုဒ္ဓတရားသည် သနားကြင်နာတတ်တဲ့ ကရုဏာ တရားကိုလည်း သင်ပေးပါတယ်။ ယင်းကရုဏာကြောင့် ဒုက္ခရောက်နေ သူများကို ကူညီတယ်။ အားငယ်နေသူများကို အားပေးတယ်။ မုန်းတီးခြင်း နှိမ့်ချခြင်းကို လက်မခံပါဘူး´´။
အလောင်းတော်သုမေဓာရှင်ရသေ့ ဘုရားအဖြစ် ဆုပန်ခဲ့ခြင်းသည် ယင်းကရုဏာတရားကြောင့်ပင် တည်း။ ထို့ကြောင့် လောကကြီး ငြိမ်းချမ်းဖို့အတွက် ကရုဏာတရားသည် မရှိမဖြစ် လိုအပ်လှပါသည်။
သူသည် ဆက်၍ ``လူသားအားလုံးဟာ တန်းတူညီမျှဖြစ်တယ်။ ဇာတ်နိမ့်ဇာတ်မြင့်ဆိုတာ မရှိပါဘူး။ လူသားချင်းတူပါလျက် ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုကို ဆန့်ကျင်ရမယ်။ ယင်းသို့ဆန့်ကျင်ခဲ့သည့် ဘာသာရေးခေါင်းဆောင်ဆိုတာ တစ်ဦးပဲ ရှိပါတယ်။ ထိုသူကတော့ မြတ်ဗုဒ္ဓပါပဲ´´။
``ငြိမ်းချမ်းဖို့အတွက် တစ်ခုတည်းသော ဘာသာတရား´´
-----------------------------
ဒေါက်တာ အမ်ဘေဒကာသည် အရေးကောင်းသလို အပြောလည်း ကောင်းလှ၏။ ပိုင်ပိုင်နိုင်နိုင် ရေးတတ်သကဲ့သို့ ထိထိမိမိလည်း ပြောတတ်၏။
``ယနေ့ခေတ်ကြီးမှာ အလိုအပ်ဆုံးက ဒီသုံးချက်ပဲ။ ပညာရယ်၊ ကရုဏာရယ်၊ တန်းတူအခွင့်အရေးရယ်။ ဒီသုံးချက် ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်လျှင် ကမ္ဘာကြီးဟာ ငြိမ်းချမ်းပါလိမ့်မယ်။ ဒီသုံးချက် မရှိလို့ကတော့ ဘယ်ထာဝရဘုရားမှ ကမ္ဘာကြီးကို မကယ်တင်နိုင်ပါဘူး။
`` ဒီအချက်သုံးချက်က ကျွန်ုပ်ရဲ့ စိတ်ဓာတ်ကို ဆွဲငင်သိမ်းပိုက်လိုက်သည့်အတွက် အခြားသော ဘာသာများကို အလိုလို လက်ရှောင်သွားပါတော့တယ်´´။
“ဘာသာတရားဆိုတာ လူသားအတွက်ပဲ ဖြစ်ရမယ်။ လူသားဟာ ဘာသာတရားအတွက် မဖြစ်စေရဘူး။ မြတ် ဗုဒ္ဓတရားတွေဟာ လူသားတွေအတွက်ပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်ုပ်ဟာ လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ဗုဒ္ဓံ ပူဇေမိလို့ ဦးတိုက်ရခြင်း ဖြစ်ပါတယ်´´။
လူစွမ်းကောင်တို့မည်သည် လုပ်နိုင်ခဲသည့်အရာများကို စွမ်းစွမ်းတမံ လုပ်နိုင်စွမ်းရှိကြပါပေ၏။ ထို့ကြောင့် ၁၉၅၆ ခုနှစ် မေလ ၂၄ ရက်နေ့ တွင် ဘုံဘေမြို့၌ ကျင်းပသည့် ဗုဒ္ဓဇယန္တိ ပွဲတော် အခမ်းအနားမှာလည်း ဗုဒ္ဓဘာသာဝင်အဖြစ် တရားဝင် ကြေငြာခဲ့ပါသည်။
ထိုကြေငြာချက်သည် တနိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားခဲ့ပေသည်။ အဟော အစ္ဆရိယံ ၀တ- အော် အံ့သြဖွယ် ကောင်းလှစွာ့တကား။
``ပညာဆိုတာ အကောင်းဆုံးလက်နက်´´
---------------------
အတတ်ပညာဆိုသည်မှာ အများအကျိုးကို သည်ပိုးလိုသော ပုဂ္ဂိုလ်များအတွက် အစွမ်းထက်သည့် လက်နက်ကောင်းများပင် ဖြစ်၏။ လက်နက်ကောင်းလေ တိုက်ပွဲအောင်လေပင်တည်း။ ထို့ကြောင့် အောင်မြင်မှုသရဖူကို ဆွတ်ခူးချင်သည့်သူများသည် ပညာတည်းဟူသော လက်နက်ကို များများ စုဆောင်းဖို့ လိုအပ်လှပေသည်။
ထို့ကြောင့် ဒေါက်တာအမ်ဘေဒကာသည် တိုင်းပြည်နှင့်လူမျိုးအတွက် ရည်ရွယ်ချက် ကြီးကြီးမားမားထားရှိရကား ပညာရေးကို ဇောက်ချ၍ ကြိုးစားခဲ့ပါသည်။ သူ၏ကြိုးစားမှုကြောင့် တက္ကသိုလ်အသီးသီးမှ ပညာသင်စရိတ်ဆုများ ရရှိလေတော့၏။
ထိုပညာသင်စရိတ်များဖြင့် တက္ကသိုလ်အသီးသီး၌ ဆက်လက်၍ ပညာသင်ယူလေရာ စီးပွားရေးဆိုင်ရာဘွဲ့၊ နိုင်ငံရေးဆိုင်ရာဘွဲ့၊ ဥပဒေဆိုင်ရာဘွဲ့တို့ကို ရရှိခဲ့လေသည်။ ပညာဖြင့် မရောင့်ရဲသောပုဂ္ဂိုလ်ဟုဆိုရမည် ဖြစ်၏။
``တတ်သည့်ပညာ မနေသာ´´
-----------------------
တစ်ရက်၊ သူ့ထံသို့ အမှုတွဲကြီးတစ်ခု လာရောက်အပ်နှံ၏။ ထိုအမှုတွဲကြီးကား အထင်ကရခေါင်းဆောင်သုံးဦးတို့မှ စွဲချက်တင်ထားသည့် တကယ့်အရေးကြီးသည့် အမှုတွဲကြီး ဖြစ်၏။ ဒေါက်တာအမ်ဘေဒကာသည် တတ်သည့်ပညာ မနေသာရကား ထိုအမှုတွဲကြီးကို လက်ခံလိုက်လေသည်။
ထိုအမှုတွဲကြီး၏ တရားလိုရှေ့နေကလည်း နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်။ Poona မှ နာမည်ကျော် ရှေ့နေကြီး L.B. Bhopatkar ဖြစ်၏။ ရှေ့နေလောကမှ မသိသူ မရှိသည့် ရှေ့နေကြီး ဖြစ်၏။
သူသည် အမှုတွဲကြီးကို လက်ခံပြီးနောက် အမှုနှင့်သက်ဆိုင်သည့် လုပ်ထုံး လုပ်နည်းများ၊ အချက် အလက်များကို စုဆောင်းကာ ခိုင်လုံသော အကြောင်းပြချက်များဖြင့် ရဲရဲဝံ့ဝံ့ တင်ပြလိုက်လေသည်။
ထို့ကြောင့် ၁၉၂၆-ခုနှစ်တွင် သူ၏ နာမည်ကြီးအမှုတွဲကြီးသည် အောင်မြင်သွားလေတော့သည်။ ထိုသတင်းသည် တနိုင်ငံလုံး တဟုန်ထိုးနာမည်ကြီးသွားလေတော့သည်။ ``ပညာရဲရင့် ပွဲလယ်တင့်´´သွားခြင်းပင် ဖြစ်ပေတော့သည်။
မိခင်၏ နို့ရည်သည် မိခင်အတွက် မဟုတ်၊ သားသမီးများအတွက်သာ ဖြစ်၏။ ထိုနည်းတူစွာ ဒေါက်တာအမ်ဘေဒကာ၏ အောင်မြင်မှုသည် သူ့အတွက်သာ မဟုတ်၊ ဇာတ်နိမ့် လူတန်းစား တစ်ရပ်လုံးအတွက် ဖြစ်၏။
ဘာ့ကြောင့်နည်း၊ ထိုအောင်မြင်မှုကနေ သူ၏အစွမ်းအစများ၊ သူ၏လုပ်ဆောင်ချက်များ အဆင့်ဆင့် ပေါ်ထွက်လာသောကြောင့်တည်း။ ထို့ကြောင့် သူ၏သမိုင်းကို အများအတွက် အလှပဆုံးဖြစ်အောင် ရေးနိုင်သည့် လူစွမ်းကောင်းကြီးပင် ဖြစ်ပေတော့သည်။
``အသင်းတစ်ခု ဖွဲ့စည်း´´
-----------------
အလုပ်တစ်ခု အောင်မြင်ဖို့အတွက် တစ်ယောက်အားနှင့် မရ။ စုပေါင်းအားနှင့်မှ ရ၏။ ဘာသာရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးပဲ ဖြစ်ဖြစ် မည်သည့်အရေးကိစ္စမဆို အောင်မြင်မှုရရှိဖို့အတွက် တစ်ယောက်အားနှင့် မရပါ။
ထို့ကြောင့် တိုင်းပြည်အသီးသီး၊ နယ်ပယ်အသီးသီး၌ ``အသင်းအဖွဲ့´´များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ နိုင်ငံရေးလောက၌ ``ပါတီ´´ ဆိုခြင်းသည်ပင် အသင်းအဖွဲ့ဖြစ်သည် မဟုတ်ပါလော။
ဤသဘောတရားကို ရိပ်စားမိသည့် ဒေါက်တာအမ်ဘေဒကာသည် သူ၏ရည်မှန်းချက် အောင်မြင်ဖို့အတွက် ``အသင်း တစ်ခု´´ဖွဲ့လိုက်လေသည်။ ထိုအသင်းကား Bahishkrit Hitakarni Sabha (B H S) ဆိုသည့် အသင်းဖြစ်သည်။ အသင်း၏ ရည်ရွယ်ချက်မှာ ဇာတ်နိမ့်လူတန်းစားနှင့် နင်းပြားလူတန်းစားတို့ကို ကူညီစောင့်ရှောက်၍ မြေတောင်မြှောက်ပေးဖို့ ဖြစ်သည်။
၁၉၂၇-ခုနှစ်မှာ ``အများသုံး ရေလှောင်ကန်၊ ရေတွင်းတို့မှ သောက်ရေကို လူတိုင်းသောက်သုံးခွင့်ရှိရမည်´´ဟု ကြွေး ကြော်၍ လူထုလှုပ်ရှားမှုတစ်ခု စတင်လိုက်လေသည်။ ထိုလူထုလှုပ်ရှားမှုကြောင့် နိုင်ငံတကာအဖွဲ့အစည်းမျိုးစုံမှ ဒေါက်တာ အမ်ဘေဒကာကို အသိအမှတ်ပြုလာကြ၏။ သူ၏ လုပ်ရပ်မှာလည်း နိုင်ငံရပ်ခြားထိ ဟိုးလေးတကျော် ဖြစ်သွား လေတော့သည်။
ထို့ကြောင့် ဥရောပတစ်တိုက်လုံးသက်ဆိုင်သည့် ဆိုင်မွန်ကော်မီရှင် နှင့်ပူးပေါင်းလုပ်ဆောင်အတွက် Bombay Presidency ကော်မတီမှာ သူ့ကို အလုပ်ခန့်အပ်လိုက်လေသည်။
ဒေါက်တာအမ်ဘေဒကာကလည်း တက်တက်ကြွကြွပင် ပါဝင်ဆောက်ရွက် လေသည်။ ဤကော်မီရှင်ကြောင့် အိန္ဒိယနိုင်ငံအတွင်း၌ ကြီးမားသော လူထုအုံကြွမှုများ ဖြစ်ပေါ်လာလေတော့သည်။ လူထုအုံကြွမှု ဖြစ်လေ၊ သူ့သတင်းက နာမည်ကြီးလေ ဖြစ်နေ၏။
``ဇာတ်နိမ့်တစ်ယောက် ကမ္ဘာ့စင်ပေါ်ရောက်´´
--------------------
ဤဖြစ်စဉ်ကို ကြည့်၍ တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသာနာကို ချစ်မြတ်နိုးသူ မှန်သမျှသည် အသင်းအဖွဲ့များ ဖွဲ့စည်းပြီး ဗုဒ္ဓသာသနာကို စောင့်ရှောက်ဖို့အတွက် တက်ကြွကြွ ပါဝင်ဆောင်ရွက်သင့်ပေသည်။ သို့မှသာ ကမ္ဘာ့ငြိမ်းချမ်းရေးကို နှောက်ယှက်နေသော အစွန်းရောက်အဖွဲ့အစည်းများကို တွန်းလှန်နိုင်မည် ဖြစ်ပေသည်။
ဒေါက်တာအမ်ဘေဒကာ၏နောက်တွင် လူထုအားပါဝင်နေသည့်အတွက် ၁၉၃၂-ခုနှစ် လန်ဒန်မြို့မှာ ပြုလုပ်သည့် ဒုတိယ အကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားခံရလေသသည်။
``တောင်းဆိုခွင့်ရတော့ တောင်းပြီပေါ့´´
----------------
အိန္ဒိယလူ့အထက်တန်းလွှာများနှင့် အတူတူ စားခွင့် သောက်ခွင့် နေထိုင်ခွင့်မရှိသော ဇာတ်နိမ့်တစ်ယောက်ကို နိုင်ငံတကာ စားပွဲဝိုင်းသို့ ဖိတ်ခေါ်လိုက်သည့်အတွက် လူ့အထက်တန်းလွှာများ ပျာပျာသလဲ ဖြစ်သွားတော့သည်။
ယင်းသို့ဖိတ်ကြားခြင်းသည် ဒေါက်တာ အမ်ဘေဒကာကို စင်ပေါ်တင်ခြင်းပင် ဖြစ်၏။ ထင်ပေါ်သောကြောင့် စင်တော်က ကောက်ရခြင်းပင်တည်း။ မည်သို့ဆိုစေ၊ နိုင်ငံတကာ စားပွဲဝိုင်းသို့ ပါဝင်ဆွေးနွေးခွင့် ရခြင်းသည် ဇာတ်နိမ့်လောကသားတို့အတွက် ကြီးမားသော အခွင့်အရေးတစ်ရပ်ပင် ဖြစ်ပေတော့သည်။
၁၉၃၂-ခုနှစ်တွင် ဒေါက်တာအမ်ဘေဒကာသည် အခွင့်အရေးရသည်နှင့်တပြိုင်နက် အိန္ဒိယနိုင်ငံကြီးကို အုပ်ချုပ်လျက် ရှိသည့် အင်္ဂလိပ်အစိုးရထံ အရေးဆိုလေ၏။ ``မွတ်စလင်နှင့် ဆစ်ခ်ကဲ့သို့ ဟိန္ဒူဇာတ်နိမ်များအတွက် သီးခြားရွေးကောက်ပွဲ ကျင်းပပေးရမည်´´ဟူ၏။
``ဂန္ဓီနှင့် တိုက်ပွဲ´´
---------------
ငြိမ်းချမ်းရေးခေါင်းဆောင်ဖြစ်သည့် မဟတ္တမဂန္ဓီသည် ဟိန္ဒူလူ့အဖွဲ့အစည်းကြီး နှစ်ခြမ်းကွဲသွားမည်စိုးသောကြောင့် အမ်ဘေဒကာ၏ ဟိန္ဒူဇာတ်နိမ်များ သီးခြားရွေးကောက်ပွဲ တောင်းဆိုမှုကို လုံးဝ လက်မခံ။ အပြင်းအထန်ကန့်ကွက်လေသည်။ ဒေါက်တာအမ်ဘေဒကာကလည်း သူ၏တောင်းဆိုချက်ကို အလျှော့မပေးပေ။
မည်သို့မျှ ညှိ၍ မရသောကြောင့် မဟတ္တမဂန္ဓီသည် ပူနေးဗဟိုအကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြလေတော့သည်။ ဂန္ဓီကြီး၏ ဆန္ဒပြမှုကြောင့် တနိုင်ငံလုံး တုန်လှုပ်ခြောက်ခြားသွားပြီး လူထုအုံကြွမှုများ ဖြစ်လာတော့၏။
ဂန္ဓီ၏နောက်လိုက်များက အမ်ဘေဒကာကို အပြင်းအထန် ကန့်ကွက်ကြလေတော့သည်။ နောက်ဆုံး ဇာတ်နိမ့်များကို အမြစ်ပြတ်အောင် ချေမှုန်းမည်ဟု ခြိမ်းခြောက်လာကြတော့၏။
ဒေါက်တာအမ်ဘေဒကာမှာ ဖိအားပေးမှု၊ ခြိမ်းခြောက်မှု ခံရသောအခါ ဇာတ်နိမ့်ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုကို ဦးစားပေး စဉ်းစားရတော့သည်။ ဘယ်လိုမှ မဖြစ်တော့သည့်အဆုံး ဂန္ဓီကြီး၏ ဖိအားပေးတောင်းဆိုမှုကို လိုက်လျောခဲ့ရလေသည်။
``အမ်ဘေဒကာနှင့် နိုင်ငံရေးပါတီ´´
--------------
ဒေါက်တာအမ်ဘေဒကာသည် ဇာတ်နိမ့်ပြည်သူတို့အား ကယ်တင်ချင်သည့်အတွက် နိုင်ငံရေးပါတီတစ်ခု တည်ထောင် လိုက်လေသည်။ ၁၉၃၆-ခုနှစ်မှာ ဖြစ်သည်။ သူ၏ပါတီမှာ အောက်ခြေလူတန်းစား ကိုယ်စားပြုပါတီ ဖြစ်သောကြောင့် ``လွပ်လပ် သော အလုပ်သမားပါတီ (Independent Labour Party)´´ ဟု အမည်တပ်ထား၏။
တိုင်းပြည်အကျိုးကို သည်ပိုးလိုသောသူများအတွက် အတုယူရမည့်အချက်တည်း။ တချို့က ပါတီထောင်လျှင်လည်းကောင်း၊ ပါတီဝင်အဖြစ် ပါဝင်ဆောင်ရွက်လျှင်လည်းကောင်း ``ရာထူး အာဏာ မက်လို့ ပါတီထောင်တာပါကွာ´´ဟု ဝေဘန်ကြ၏။
အခွင့်ရေးသမားဆိုသည်မှာ နယ်ပယ်အသီးသီးမှာ ရှိကြရကား ပါတီလောကမှာလည်း ရာထူးအာဏာမက်သူများ ရှိနေသည်မှာ မဆန်းပါ။ တိုင်းကျိုးပြည်ကျိုးကို တကယ်ဆောင်ရွက်ချင်သူများအတွက် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်သင့်ပေသည်။
အိန္ဒိယနိုင်ငံမှာ ၁၉၃၇-ခုနှစ်၌ ရွေးကောက်ပွဲကျင်းပ၏။ အမ်ဘေဒကာသည် ထိုရွေးကောက်ပွဲ၌ ဗဟိုဥပဒေပြုလွှတ်တော် (Central Legislative Assembly) အတွက် ၀င်ရောက် အရွေးခံရာ မဲဆန္ဒနယ် (၁၅)နေရာ၌ အနိုင်ရရှိခဲ့ပါသည်။ ထို့ြေ့ကာင့် သူသည် ကာကွယ်ရေးနှင့် အကြံပေးဋ္ဌာနမှာ အကြီးအကဲဖြစ်သွားလေတော့သည်။ နိုင်ငံရေးလုပ်ရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်၏။
``မတရားမှုကို တော်လှန်ပြီ´´
-------------------
ထို့နောက် သူသည် ဇာတ်မြင့်ဇာတ်နိမ့် တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်လေတော့သည်။ ဤနှစ်မှာပင် ဇာတ်ချေမှုန်းရေး (The Annihilation of Caste) စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။
ထိုစာအုပ်တွင် ဟိန္ဒူဘာသာ အစွန်းရောက်ခေါင်းဆောင်များကိုလည်းကောင်း၊ ဇာတ်မြင့်ဇာတ်နိမ့်ခွဲခြားကြသည့် ရှေးရိုးစွဲပုဂ္ဂိုလ်များကိုလည်းကောင်း အပြင်းအထန် ဝေဖန် ထိုးနှက်ထားလေသည်။
``ဂန္ဓီနှင့် ကွန်ဂရက်က ဇာတ်နိမ့်များကို ဘာတွေလုပ်လိုက်ပြီလဲ ´´ ဟူသောစာတမ်းကိုလည်း ရေးသားဖြန့်ချိလိုက် လေသည်။ ထိုစာတမ်းတွင် ဂန္ဓီနှင့် ကွန်ဂရက်ပါတီအား ကြောင်သူတော်များဖြစ်ကြောင်းကို ဝေဖန်လိုက်လေသည်။
အမ်ဘေဒကာသည် ဟိန္ဒူတို့ကိုသာ ဝေဖန်သည်မဟုတ်၊ မွတ်စလင်တို့ကိုလည်း သဘာဝကျကျ ဝေဖန်ခဲ့လေသည်။ အမှန်တရားအထက်မှာ မည်သူ့ကိုမှ မထားသောကြောင့် မညှာမတာ ဝေဖန်ခြင်းဖြစ်၏။
ကလေးချင်း လက်ထပ်ခြင်း၊ အမျိုးသမီးများအား ချိုးနှိမ်ခြင်း၊ မယားများစွာထားရှိခြင်းတို့သည် စက်ဆုပ်ဖွယ်ဖြစ်သကဲ့သို့ မူဆလင် အမျိုးသမီးများအတွက်လည်း အလွန်ဝမ်းနည်ဖွယ်ကောင်းကြောင်းကိုလည်းကောင်း၊ မွတ်စလင်တို့၏ ဆိုးသွမ်းမှုမှာ ဟိန္ဒူ လောကထက်ပင် ပို၍လွန်ကဲကြောင်းကိုလည်းကောင်း ဝေဖန်ထောက်ပြခဲ့ပါသည်။
``အမ်ဘေဒကာ ၀န်ကြီးဖြစ်ပြီ´´
--------------------
၁၉၄၈-ခုနှစ် သြဂုတ်လတွင် အိန္ဒိယလွတ်လပ်ရေးရသည့်အခါ ကွန်ဂရက်အစိုးရက တရားရေးရာဝန်ကြီးအဖြစ် ခန့်အပ်လိုက် လေသည်။ သူ၏လုပ်ဆောင်ချက်၊ အရည်အချင်းတို့ကြောင့် အစိုးရအဖွဲ့တွင် ``၀န်ကြီး´´ ဖြစ်သွားလေတော့သည်။
ဘုရင်၏သားက ဘုရင်ဖြစ်သည်မှာ မဆန်းသော်လည်း လှေထိုးသားက ဘုရင်ဖြစ်သွားသည်မှာတော့ အလွန်ဆန်းသွားတော့၏။
ထိုနည်းတူစွာ ဇာတ်မြင့်ဝါဒမင်းမူနေသည့် အိန္ဒိယနိုင်ငံကြီးမှာ ဇာတ်မြင့်တစ်ယောက်က ၀န်ကြီးဖြစ်သည်မှာ မဆန်းသော်လည်း ဇာတ်နိမ့် တစ်ယောက်က ၀န်ကြီးဖြစ်သွားခြင်းမှာတော့ အလွန်ဆန်းသွားပေသည်။ ထို့ကြောင့် ထိုသတင်းသည် နိုင်ငံတကာ သတင်းစာများ၌ သတင်း မင်းသားအဖြစ် ပလူပျံသွားတော့သည်။
သူ၏ ဥပဒေကျွမ်းကျင်မှုကြောင့် သြဂုတ်လ(၂၉)ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီမှာ ``ဥက္ကဋ္ဌ´´ ဖြစ်သွားလေသေည်။ ထို့ကြောင့် နိုင်ငံအတွက် လိုအပ်သော အခြေခံ ဥပဒေတို့ကို ရေးဆွဲလေတော့သည်။
ဥပဒေဆိုသည်မှာ အသက်တမျှ အရေးကြီးလှ၏။ နိုင်ငံတော်ဥပဒေဆိုလျှင် ပို၍ အရေးကြီး၏။ ထို့ကြောင့် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို စောင့်ရှောက်လိုသော ပုဂ္ဂိုလ်များသည် ဥပဒေကျွမ်းကျင်ဖို့ အထူးလိုအပ်လှပေသည်။ ဥပဒေ မကျွမ်းကျင်ပါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပေမည်။
``အမ်ဘေဒကာ ဥပဒေ တင်သွင်းပြီ´´
---------------------
အမ်ဘေဒကာ တင်သွင်းသည့် ဥပဒေမူကြမ်းတွင် ဘာသာရေးလွတ်လပ်ခွင့်ပေးခြင်း၊ ဇာတ်စနစ်ဖျက်သိမ်းခြင်း၊ အမျိုး သမီးများအတွက် စီးပွားရေးနှင့် လူမှုရေးအခွင့်အရေးများ ပို၍တိုးချဲ့ပေးခြင်း၊ ဇာတ်နိမ့်နှင့် တိုင်းရင်းသားများအတွက် အစိုးရ ၀န်ထမ်းအဖြစ် ဦးစားပေးရွေးချယ်ခန့်အပ်ခြင်းစသည်တို့ ပါဝင်ပေသည်။
၁၉၄၉-ခု၊ နိုဝင်ဘာ (၂၆)တွင် ဥပဒေပြုလွှတ်တော်က ယင်းဥပဒေကြမ်းကို ပြဋ္ဌာန်းပေးလိုက်လေသည်။
သူဦးဆောင်၍ ရေးဆွဲသည့် ဥပဒေဖြစ်သောကြောင့် ဇာတ်စနစ်ဖျက်သိမ်းခြင်း၊ ဇာတ်နိမ့်များ ဦးစားပေးခန့်ထားခြင်းစသည့် အရေးပါသည့် ဥပဒေတို့ကို အတည်ပြုပေးခြင်း ဖြစ်ပေသည်။
အကယ်၍ အမ်ဘေဒကာသာ ဥပဒေမကျွမ်းကျင်လျှင်လည်းကောင်း၊ ဥပဒေကျွမ်းကျင်သော်လည်း နိုင်ငံရေးစိတ်မ၀င်စားခဲ့လျှင်လည်းကောင်း၊ စိတ်သာဝင်စားပြီး လက်တွေ့မလုပ်လျှင်လည်းကောင်း ဇာတ်နိမ့်များအတွက် အနှိမ်ခံဘ၀ဖြင့်သာ စခန်းသွားရပေမည်။
``အဇာနည်ပုဂ္ဂိုလ်၏ ကျေးဇူး´´
----------------
အခုတော့ အမ်ဘေဒကာလို အဘက်ဘက်ကပြည့်စုံသော အာဇာနည်တစ်ယောက် ပေါ်ထွန်းခဲ့သောကြောင့် ဇာတ်နိမ့်ပြည်သူ များအားလုံး နင်းပြားဘ၀မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။
အမ်ဘေဒကာကို ဘုရားအလောင်းဟု သတ်မှတ်ခြင်းမှာ သူ၏လုပ်ရပ်၊ သူ၏စေတနာကြောင့် ဖြစ်ပေသည်။
၁၉၅၁-ခုတွင် ဟိန္ဒူဘာသာဝင်များနှင့်သက်ဆိုင်သည့် ဥပဒေမူကြမ်းကို တင်သွင်းပြီးနောက် ၀န်ကြီး အဖွဲ့မှ အငြိမ်းစားယူခဲ့ပါသည်။ သို့သော် အထက် လွှတ်တော်အမတ်အဖြစ်နှင့်ကား သူကွယ်လွန်ချိန်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါသည်။
``အမ်ဘေဒကာနှင့် ဓမ္မ´´
------------------
ဒေါက်တာ အမ်ဘေဒကာသည် ဘ၀တစ်ခုလုံးကို ဗုဒ္ဓစာပေထဲ နှစ်မြှုပ်ထားသလို ဖြစ်နေ၏။ ၁၉၅၀-၀န်းကျင်ကဆိုလျှင် ဗုဒ္ဓဓမ္မကိုသာ အာရုံစိုက်၍ လေ့လာဆည်းပူးခဲ့လေသည်။ တခါတရံ နိုင်ငံရပ်ခြားထိ သွားရောက်ကာ ဗုဒ္ဓဓမ္မနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
ထို့ကြောင့် သူ့စိတ်ထဲမှာ ဗုဒ္ဓဓမ္မကို ရှင်းရှင်းလင်းလင်း နားလည်တော့၏။ ပို၍ နားလည်လေ ပို၍ သဘောကျလေ ဖြစ်နေလေတော့သည်။
သူသည် သီရိလင်္ကာနိုင်ငံသို့ သွားရောက်၍လည်း ဗုဒ္ဓဘာသာပညာရှင်ကြီးများ၏ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ထိုသို့တက်ရောက်ခဲ့သည့် အတွက် ဗုဒ္ဓဓမ္မနှင့် ပတ်သက်ပြီး ပို၍ သဘောပေါက်လာခဲ့သည်။
နီပေါနိုင်ငံတွင် ကျင်းပသည့် လေးကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံ The Fourth World (Buddhist Conference) သို့ လည်း တက်ရောက်ခဲ့သည်။
ထိုညီလာခံတွင် သူသည် ``ဗုဒ္ဓ သို့မဟုတ် ကားလ်မက်ခ်ဆ် (The Buddha or Karl Marx) ´´ဟူ သော စာတမ်းနှင့် ``ရှေးဟောင်း အိန္ဒိယတော်လှန်ရေးနှင့် တန်ပြန်တော်လှန်ရေး (Revolution and counter-revolution in ancient India) ´´ဟူသော စာတမ်းကို ဖတ်ကြားခဲ့ပါသည်။
``မြန်မာနှင့် အမ်ဘေဒကာ´´
--------------------
ဒေါက်တာအမ်ဘေဒကာသည် မြန်မာနိုင်ငံနှင့် မစိမ်းပါ။ သူသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့သည်။ ပထမတစ်ကြိမ်မှာ ၁၉၅၄-ခုနှစ်တွင် ကျင်းပသည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ရောက်လာခြင်း ဖြစ်သည်။ ယင်းပွဲ၌ အိန္ဒိယ နိုင်ငံ၏ ဗုဒ္ဓသာသနာနှင့် ပတ်သက်သည့် အဆိုပြုချက်ကို တင်ပြခဲ့ပါသည်။
ဒုတိယ အကြိမ် တက်ရောက်သော ညီလာခံမှာ ရန်ကုန်မြို့မှာ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ညီလာခံ World Fellowship of Buddhists in Rangoon ဖြစ်သည်။ ယင်းပွဲမှာလည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ပါသည်။
``အမ်ဘေဒကာ စည်းရုံးရေးဆင်းပြီ´´
-----------------------
သူသည် ဗုဒ္ဓစာပေကို လေ့လာပြီးနောက် တခြားမည်သည့် ဘာသာတရားကိုမျှ စိတ်မ၀င်စားတော့။ ထို့ကြောင့် ပုနေးမြို့အနီး ဗုဒ္ဓဘာသာကျောင်းသစ် အလှူပွဲတစ်ခုတွင် သူ့အနေဖြင့် ဗုဒ္ဓဘာသာကျမ်းစာ တစ်စောင် ပြုစုဆဲဖြစ်ကြောင်း၊ ထိုကျမ်းစာ လုပ်ငန်းပြီးဆုံးလျှင် ဗုဒ္ဓဘာသာအထဲသို့ ကူးပြောင်းတော့မည်ဟု တရားဝင်ကြေညာခဲ့လေသည်။
သူသည် နေရာအနှံ့အပြား သွား၍ ဗုဒ္ဓဝါဒကို ဟောပြောကာ စည်းရုံးခဲ့၏။ အထူးသဖြင့် မဟာရဋ္ဌပြည်နယ် ၊ ဘုံဘေ၊ ပူနေး၊ နာဂပူရ၊ စောဠပူရ စသည့် မြို့များသို့ လှည့်လည် ဟောပြောခဲ့သည်။ ။ သူ၏ ဟောပြောမှုကြောင့် ဗုဒ္ဓဘာသာကူးပြောင်းမည့်သူများ ပို၍ မြားပြားလာတော့သည်။
မြတ်စွာဘုရား၏ မိန့်ခွန်းတော်ကို သတိရမိပါ၏။ ``စရထ ဘိက္ခဝေ စာရိကံ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ- ချစ်သားတို့ ခရီးဒေသစာရီ ကြွချီကြ၊ ဓမ္မကိုလည်း ဟောပြောပို့ချကြ´´ဟု မိဂဒါဝုန်တောမှာ ရဟန်းတော်များအား မိန့်ကြားတော်မူခဲ့ဖူးပါသည်။ ထိုသြ၀ါဒအတိုင်း အမ်ဘေဒကာ ကျင့်သုံးနေခြင်း ဖြစ်၏။
``ဗုဒ္ဓဘာသာ ကူးပြောင်းပွဲ´´
----------------
ဗုဒ္ဓဘာသာ ကူးပြောင်းမှုနှင့် ပတ်သက်ပြီး စနစ်တကျဖြစ်စေဖို့အတွက် သီရိလင်္ကာနိုင်ငံမှ ဆရာတော် ဟေမလ၀ သဒ္ဓါတိဿနှင့် မြန်မာနိုင်ငံမှ ကုသိန္နာရုံ ဆရာတော်ကြီး အရှင်စန္ဒြမဏိ တို့ထံ ရောက်လာပြီး အသေးစိတ် ညှိနှိုင်းလေသည်။
ထိုသို့ တွေ့ဆုံပြီးနောက် ၁၉၅၄-ခု၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် သူနှင့် နောက်လိုက်တပည့်များသည် ဗုဒ္ဓဘာသာကူးပြောင်းပွဲကို ကျင်းပခဲ့ပါသည်။ နေရာက နာဂပူရမြို့ ဖြစ်သည်။
ရှေးဦးစွာ ကုသိန္နာရုံဆရာတော်ကြီး၏ အထံတော်တွင် သရဏဂုံသုံးပါးနှင့် ငါးပါးသီလတို့ကို ခံယူသည်။ ထို့နောက် သူကိုယ်တိုင် ဓမ္မနှင့် ပတ်သက်ပြီး ဟောပြောချက်ကို မိန့်ကြားသည်။ ထိုနောက် လူထု(၅)သိန်းအား ဗုဒ္ဓဘာသာကူးပြောင်းသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
ယခုအခါ ထိုမြို့၏ ၈၅ ရာခိုင်းနှုန်းသော လူဦးရေသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၏။ ထို့ကြောင့် နာဂပူရမြို့သည် အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများဆုံး မြို့တော် ဖြစ်ပါသည်။ စောဠပူရမြို့သည် ဒုတိယ ဗုဒ္ဓဘာသာမြိုတော်ဖြစ်ပြီး ပူးနေးမြို့ကတော့ တတိယ ဗုဒ္ဓဘာသာမြိုတော် ဖြစ်ပါသည်။
၁၉၅၅-ခုနှစ်တွင် ``အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ် The Bharatiya Bauddha Mahasabha, or the Buddhist Society of India ´´ ကို တည်ထောင်ခဲ့သည်။ ဤအဖွဲ့ချုပ်ကြီးမှာ အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာ အသင်းချုပ်ကြီးပင် ဖြစ်ပါ၏။
`` ဗုဒ္ဓဘာသာ၏ အမျိုးသမီးအခွင့်အရေး´´
-------------------
အမ်ဘေဒကာသည် ဗုဒ္ဓဓမ္မကို လေ့လာရင်း ``ဗုဒ္ဓဘာသာတွင် လူတန်းစားခွဲခြားမှုစနစ်မရှိ၊ အားလုံးတန်းတူ ညီမျှအခွင့်အရေးရှိသည်။ အမျိုးသမီးများသည်လည်း အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေးရှိသည်´´ဆိုသည်ကို တွေ့ရှိသောအခါ ပို၍ သဘောကျလေတော့သည်။
တချို့နေရာမှာ အမျိုးသမီးများသည် အမျိုးသားများနှင့် သဘာဝချင်း မတူသောကြောင့် ကန့်သတ်မှု အထိုက်အလျောက် ရှိပါ၏။ ဥပမာ- မြတ်ဗုဒ္ဓသည် အမျိုးသမီးများကို သာသနာ့ဘောင်သို့ ၀င်ရောက်ခွင့် ပြုခဲ့သော်လည်း အမျိုးသားများထက် တင်းကြပ်သည့် စည်းကမ်းများ ပညတ်တော်မူခဲ့ခြင်းစသည်တို့တည်း။
ခြုံငုံလေ့လာကြည့်မည်ဆိုလျှင်တော့ ဗုဒ္ဓဘာသာတွင် အမျိုးသမီး အခွင့် အရေး အပြည့်အ၀ ရှိပါသည်။
ပိဋကတ်စာပေတွင် အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်ပြီး အတိအလင်း မိန့်ဆိုထား၏။ `` အမျိုးသားများသာ အရာဋ္ဌာနအားလုံး တတ်သိလိမ္မာသည် မဟုတ်၊ အမျိုးသမီးများလည်း တတ်သိလိမ္မာကြပါ၏။´´
န ဟိ သဗ္ဗေသု ဋ္ဌာနသု၊ ပုရိသော ဟောတိပဏ္ဍိတော။
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ တတ္ထ တတ္ထ ၀ိစက္ခဏာ။
``အခွင့်အရေး ရပြီ´´
----------------
အိန္ဒိယယဉ်ကျေးမှုတွင်ကား အမျိုးသမီးများ စာသင်ကျောင်းမနေရပါ။ အိမ်မှုကိစ္စကိုသာ လုပ်ကြရကား အိမ်တွင်းပုန်းအဆင့် တွင်သာ နေရ၏။ ထိုယဉ်ကျေးမှုကို အမ်ဘေဒကာ လက်မခံနိုင်။
မှန်၏။ စာပေမတတ်က အကြားအမြင် မရှိ၊ အကြားအမြင် မရှိက အသိဥာဏ် မရင့်ကျက်။ အသိဥာဏ် မရင့်ကျက်က ကိုယ့်ဘ၀ကိုယ် မစောင့်ရှောက်နိုင်ပေ။ စာပေသည် ဘ၀၏ အစိတ်အပိုင်းတစ်ခုဖြစ်၏။
ထို့ကြောင့် အမ်ဘေဒကာသည် အမျိုးသမီးများအားလုံး ပညာသင်ခွင့်ရအောင်၊ လုပ်ငန်းခွင် ၀င်ခွင့်ရအောင် ကြိုးပမ်းခဲ့ပါသည်။ သူ၏ကြိုးပမ်းချက်ကြောင့် အိန္ဒိယနိုင်ငံရှိ အမျိုးသမီးများသည် စာသင်ကြားခွင့် ရရှိသွားကြလေသည်။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများလည်း ပညာသင်ကြားခွင့်၊ ၀န်ထမ်းလုပ်ခွင့် ရရှိလာလေသည်။
``တစ်စတစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း
ဆက်တိုင်းကောင်း၏။´´
-----------------
ယခုအခါ ပညာတတ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးအရေအတွက်သည် ဟိန္ဒူအမျိုးသမီးများထက်ပင် ပို၍များပြားလာ တော့သည်။ ယခင်က လုပ်ကိုင်ခွင့် မရခဲ့သော ဌာနဆိုင်ရာနေရာများတွင် ဗုဒ္ဓဘာသာဝင် အများအပြား ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိနေ၏။
ယနေ့ နာမည်ကြီး ပူနေးတက္ကသိုလ်၏ တက္ကသိုလ်ဒုတိယအကြီးအကဲသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ပင် ဖြစ်၏။ ၀မ်းသာစရာ ကောင်းလှပေသည်။ ထိုကဲ့သို့ အခွင့်အရေး ၊ ထိုကဲ့သို့ အကျိုးကျေးဇူး ရရှိခြင်းသည်ကား ဒေါက်တာအမ်ဘေဒကာ၏ အနစ်နာခံမှုကြောင့်ပင် ဖြစ်ပေတော့သည်။
ဂန္ထ၀င်မြောက် ဇာတ်သိမ်းခန်း
--------------------
ဒေါက်တာအမ်ဘေဒကာသည် သူ့နိုင်ငံ သူ့လူမျိုးကို တိုးတက်စေချင်၏။ ကြီးပွားစေချင်၏။ ထို့ကြောင့် ငါတို့အားလုံး ``ပညာတတ်ရမည်၊ ညီညွတ်ရမည်၊ တက်ကြွလှုပ်ရှားရမည်´´ဟု နှိုးဆော်တိုက်တွန်းခဲ့ပါသည်။ ဤနှိုးဆော်တိုက်တွန်းချက်သည် သူ့နိုင်ငံ သူ့လူမျိုးအတွက် ``မီးပြတိုက်´´ပင် ဖြစ်ပေတော့သည်။
သူသည် ပစ္စည်းကိုလည်း မမက်၊ ရာထူးကိုလည်း မတွယ်တာ၊ အာဏာကိုလည်း မဆုပ်ကိုင်။ လုပ်သမျှအလုပ်သည် သူ့လူမျိုး သူ့နိုင်ငံအတွက် ဖြစ်၏။ ရှိသမျှ ပစ္စည်းသည် သူ့လူမျိုး သူ့နိုင်ငံအတွက် ဖြစ်၏။ ထို့ကြောင့် ကိုယ်ပိုင်ဓနဥစ္စာများကို ``ဗုဒ္ဓဘာသာ အသင်းအဖွဲ့´´များကို စွန့်လွှတ်လှူဒါန်းခဲ့ပါသည်။
ထို့ကြောင့် ယနေ့မျက်မှောက်ခေတ်မှာ ``အမ်ဘေဒကာ အဖွဲ့´´အတွက် ပညာရေးရန်ပုံငွေများစွာ ကျန်ရှိခဲ့ပါသည်။ အမ်ဘေဒကာ မရှိတော့သော် လည်း ``အမ်ဘေဒကာအမွေ´´ကား နှောင်းခေတ် လူများအတွက် သုံးမကုန်ဖြုန်းကုန်တော့ပေ။
``နိုင်ငံတော်အလံထဲက ဓမ္မစကြာ ´´
-------------------
သူ၏လုပ်ဆောင်ချက် မြောက်မြားစွာထဲက ဂန္ထ၀င်အမြောက်ဆုံး လုပ်ဆောင်ချက်တစ်ခုမှာ အိန္ဒိယနိုင်ငံ၏ အလံတွင် ``ဓမ္မစကြာသင်္ကေတ´´ ပါဝင်အောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ခြင်းမှာ သူကိုယ်တိုင်က နိုင်ငံတော်ဖွဲ့စည်းပုံ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီမှာ ``ဥက္ကဋ္ဌ´´ ဖြစ်နေသောကြောင့်ပင်။
စည်းစိမ်ဥစ္စာ ရာထူးအာဏာ အတတ်ပညာတို့သည်ကား အသုံးမချတတ်များအတွက် ``အဆိပ်ခွက်´´ ဖြစ်သော်လည်း အသုံးချတတ်သူများ အတွက်မှာကား ``ဆေးကောင်းတစ်လက်´´ပင် ဖြစ်ပေသည်။
ထို့ကြောင့် တိုင်းကျိုးပြည်ကျိုး သာသနာကျိုးကို ဆောင်ရွက်လိုသူတို့သည် စည်းစိမ်ဥစ္စာ ရာထူးအာဏာ အတတ်ပညာတို့ကို ရရှိအောင် ကြိုးစားသင့်ပါ၏။
``တောင်ထိပ်မှာ ကြာပေါက်´´
-------------------
ဓမ္မစကြာဟူသည် ဗုဒ္ဓဘာသာ၏ သင်္ကေတ တစ်ခုပင် ဖြစ်၏။ ဟိန္ဒူ အစ္စလာမ်စသည့် ဘာသာပေါင်းစုံ နေ ထိုင်သည့် နိုင်ငံကြီး၏ အလံ၌ ဓမ္မစကြာတံဆိပ် ပါဝင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုသည်မှာ ``တောင်ထိပ်မှာ ကြာပေါက်´´ဆိုသကဲ့သို့ ခဲယဉ်းလှပါ၏။
မဖြစ်နိုင်ဟုထင်ရသည့် အိပ်မက်ဆန်ဆန် အလုပ်တစ်ခုပင်တည်း။ သို့သော် အမ်ဘေဒကာက မဖြစ် ဖြစ်အောင် လုပ်လိုက်၏။
တကယ်တော့ သူ၏အတွေး၊ သူ၏ ဆောင်ရွက်ချက်တို့သည်ကား ဝေါဟာရစကားလုံးဖြင့် ဖေါ်ပြဖို့ ခဲယဉ်းသော ဆောင်ရွက်ချက်များပင်။
ထိုကဲ့သို့ သမိုင်းတွင်သည့် ဂန္ထ၀င်မြောက် အလုပ်များကို လုပ်ဆောင်ခဲ့သောကြောင့် နိုင်ငံတော် သမ္မတကြီးက အိန္ဒိယ အရပ်ဘက်ဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးများအနက် အမြင့်ဆုံးဖြစ်သည့် ``ဘရတ်ရတနာ - Bharat Ratna ´´ဟူသော ဆုကြီးကို အမ်ဘေဒကာအား ချီးမြှင့်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံတော်အလံကို နမနာယူပြီး မြန်မာနိုင်ငံတော်အလံ၌လည်း ဓမ္မစကြာတံဆိပ်သော်လည်းကောင်း၊ အခြား ဗုဒ္ဓ ဘာသာအမှတ်အသား တံဆိပ်သော်လည်းကောင်း ပါဝင်အောင် ဆောင်ရွက်မည်ဆိုလျှင် . . . ။
``မီးခိုးတလူလူ အောင်လံတလူလူ´´
------------------
အမ်ဘေဒကာမှာ ၁၉၄၈-ခုနှစ်လောက်ကတည်းက ဆီးချိုရောဂါ ဖြစ်နေ၏။ ၁၉၅၄-ခုနှစ်မှာ ဆေးကုခဲ့ရသည်။ မျက်စိအလင်းမှာလည်း ကျဆင်းခဲ့သည်။ သို့သော် လုံ့လ၀ီရိယကတော့ မလျှော့ပါ။ လုပ်စရာရှိသည်များကို မနားတမ်း လုပ်လေ့ရှိသည်။
``ဗုဒ္ဓနှင့် သူ့ဓမ္မ´´အမည်ရှိ စာအုပ်ကို ရေးနေ၏။ ထိုစာအုပ်ရေးပြီး ၃-ရက်အကြာ၊ ၁၉၅၆-ခု၊ ဒီဇင်ဘာ (၆)ရက်နေ့ တွင် နယူးဒေလီမြို့ရှိ သူ့၏နေအိမ်၌ အိပ်ပျော်နေစဉ်မှာပဲ သူ၏ဘ၀ ဇာတ်သိမ်းခဲ့ပါသည်။
သူဆုံးပြီး တစ်ရက်အကြာ၊ ဒီဇင်ဘာ(၇)ရက်နေ့မှာတွင် Chowpatty ကမ်းခြေတွင် ဗုဒ္ဓဘာသာ ထုံးစဉ်အတိုင်း မီးသင်္ဂြိုဟ်ခဲ့ကြသည်။ သူ၏လုပ်ဖော်ကိုင်ဘက်များနှင့် သူ့ကို ကြည်ညိုကြသည့် လူထောင်ပေါင်းများစွာတို့သည် ထိုအသုဘ အခန်းအနားသို့ တက်ရောက်ခဲ့ကြသည်။
``ဒီဇင်ဘာ (၁၆)ရက်နေ့မှာ ဘာသာကူးပြောင်းမည်´´ဟု စီစဉ်ထားကြသည့် သူ၏နောက်လိုက်နောက်ပါများသည် အမ်ဘေဒကာ မရှိတော့သည့်အတွက် ထိုအသုဘ အခမ်းနားကျင်းပသည့် ဒီဇင်ဘာ(၇)ရက်နေ့မှာပဲ ဗုဒ္ဓဘာသာ အဖြစ် ကူးပြောင်း လိုက်ကြလေ၏။
``အော် မီးခိုးတလူလူ ထွက်နေချိန်မှာ ဓမ္မအောင်လံကလည်း တလူလူ လွင့်နေဆဲပါတကား´´။
ကွယ်လွန်ချိန်တွင် ဇနီး၊ သား၊ ချွေးမတို့နှင့် မြေးငယ်လေးတစ်ယောက် ကျန်ရစ်ပါသည်။ သူ၏ မြေးသည် နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် ဘာရတိယ ဗုဒ္ဓမဟာသံဃ အသင်းတို့၏ ဥက္ကဋ္ဌ ဖြစ်သွားပါသည်။
ထို့အပြင် အိန္ဒိယလွှတ်တော် နှစ်ရပ်လုံးတွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ အဘိုးခြေရာကို နင်းနေသည့် သားကောင်းရတနာလေးပင် ဖြစ်ပေတော့သည်။
``ရုပ်ခန္ဓာပျက်စီးသော်လည်း
ဂုဏ်ရည်သည်ကား ကမ္ဘာတည်သမျှ´´
----------------
အမ်ဘေဒကာ မရှိတော့သော်လည်း သူ၏ပုံရိပ်တို့သည်ကား အိန္ဒိယနိုငံကြီး၌ ထပ်ဟပ်နေဆဲပင်။ သူ့ကို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ထားသည့် စာသင်ကျောင်း၊ တက္ကသိုလ် ကောလိပ်၊ ဆရာအတတ်သင်ကျောင်းနှင့် ဆေးရုံတို့မှာ တိုင်းပြည်အနှံ့။
သူ၏ ရုပ်တုကိုလည်း နေရာအနှံ့ တွေ့ရ၏။ အိန္ဒိယပါလီမန်နှင့် ပန်းခြံပေါင်း မြောက်မြားစွာတို့မှာ သူ၏ ပုံရိပ်ကား တည်ရှိနေဆဲ၊ တည်ရှိနေဦးမည်သာတည်း။
``အမ်ဘေဒကာ အမှတ်ရဖွယ်ပြတိုက်´´ကိုလည်း နယူးဒေလီမြို့၊ အလီပူလမ်း၊ အမှတ် (၂၆)၊ သူ၏နေအိမ်မှာပင် ဖွင့်လှစ်ထား ပေသည်။ သူ၏မွေးနေ့ကိုလည်း ``ဘိမ် ဇယန္တီ - Bhim Jayanti´´ ဟုခေါ်ကြပြီး တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါသည်။
နာဂပူ၊ ဘုံဘေ၊ ဒေလီ၊ ဟိုက်ဒရာဘက် စသော ဗုဒ္ဓဘာသာအများစု နေထိုင်ရာ မြို့ကြီးပြကြီးတို့၌ သူ့မွေးနေ့ ဧပြီ (၁၄)ရက်၊ သူ့သေနေ့ ဒီဇင်ဘာ (၆)ရက်၊ ၀ါဆိုလပြည့် ဓမ္မစက္ကပ၀တ္တနနေ့နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့များတွင် အထိမ်းအမှတ်ပွဲကြီးကို အကြီးအကျယ် ကျင်းပကြပါသည်။
ထိုအထိန်းအမှတ်ပွဲ၌ သိန်းချီသော လူအုပ်ကြီးများသည် စီတန်း၍လည်း လမ်းလျှောက်ကြ၏။ ဟောပြောပွဲများကိုလည်း ကျင်းပကြ၏။ စာအုပ်များကိုလည်း ရောင်းချကြ၏။ ထိုနေ့ထူးနေ့မြတ်ပွဲကြီးများသည် အမ်ဘေဒကာကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဗုဒ္ဓဘာသာပွဲကြီးများပင်တည်း။
သူ၏စွန့်လွှတ်မှု အနစ်နာခံမှုတို့ကြောင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် အမ်ဘေဒကာကို ``ကယ်တင်ရှင်´´ဟု လည်းကောင်း၊ ``ဘုရားအလောင်း´´ဟုလည်းကောင်း ဂုဏ်ပြုအမွှမ်းတင်ကြပါသည်။
``အမ်ဘေဒကာ မသေပါ´´
---------------------
သူသေသွားသော်လည်း သူ့စေတနာ၊ သူ့လုပ်ရပ်၊ သူ့အဓိဋ္ဌာန်တို့ကား အိန္ဒိယနိုင်ငံနှင့်တကွ ကမ္ဘာ့ပြည်သူများအား ``မီးရှူးတဆောင်´´အဖြစ် ဆက်လက်၍ လွှမ်မိုးနေဦးမည်သာ ဖြစ်သည်။
သူ၏ သူမတူသော အရည်အချင်းကြောင့် အမ်ဘေဒကာ၏ သမိုင်းသည် သူတစ်ယောက်ထဲနှင့် သက်ဆိုင်သည့် ``အမ်ဘေဒကာသမိုင်း´´ မဟုတ်တော့ဘဲ ကမ္ဘာကြီးနှင့်လည်း သက်ဆိုင်သည့် `` ကမ္ဘာ့သမိုင်း´´ ဖြစ်သွားလေတော့သတည်း။
``သင် သေသွားသော် . . . သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏´´။
သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ
No comments:
Post a Comment