Friday, February 9, 2018

ဇလုံတောင်တော်-ဘုရားသမိုင်း အကျဉ်း

ဗန်း​မောက်​မြို့နယ်​က ဇလုံ​တောင်​(သို့)လွယ်​စန့်​​တောင်
(“ ဇလုံတောင်တော်-ဘုရားသမိုင်း အကျဉ်း”)

==========================
==========================

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ
မြောက်ဘက် (၁၄)မိုင် (၆)ဖာလုံခန့်အကွာ တောအတွင်း ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ (၃၀၉၀)မြင့်သော တောင်ပေါ်တွင် တည်ရှိသည်။

(1 inches ) မြေပုံညွှန်းမှာ SG- 451349 ဖြစ်၍ Tha Lon ( သလွန်တောင်)
ဟု ဖေါ်ပြထားသည်။

ဇလုံတောင်ဒေသသည ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး တစ်နှစ်လုံး ပျမ်းမျှ
အပူချိန်မှာ (၇၀.၅)ဒီဂရီ ဖာရင်ဟိုက်ရှိသည်။

အမြင့်ဆုံးအပူချိန် 90ံF နှင့် အနိမ့်ဆုံးအပူချိန် 35ံF ရှိသည်။

မိုးရေချိန်မှာ တစ်နှစ်ပတ်လုံး (၆၂)လက်မ ရှိပြီး၊ ပုံမှန်မိုးရွာသွန်းရက်မှာ
(၈၅)ရက်ခန့်ရှိသည်။

တောင်တော်ထိပ်ဝန်းကျင်တွင် ရာသီမရွေး မြူဆိုင်းနေတတ်သဖြင့်
(၂၀၁၄ ခုနှစ် Update )Google ၏ ဂြိုဟ်တုမြေပုံတွင် တောင်တော်အားမတွေ့ရဘဲ
တိမ်များသာတွေ့ရှိရသည်။

ဇလုံတောင်ထိပ်တွင် ph.7 အဆင့်ရှိ နတ်ရေတွင်းရှိပြီး ရေအမြဲထွက်လျက်ရှိသည်။

ဇလုံတောင်တော်သည် အမဲရောင် ကျောက်တောင်ဖြစ်ပြီး
ကျောက်တောင်ကြီးများမှာ ပြောင်ချော၍ တောတောင်အလယ်ထီးထီးကြီး
သပ္ပါယ်စွာတည်ရှိနေသည်။

ဇလုံတောင်၏

အရှေ့ဖက်တွင် - ကျောက်မဲတောင်၊ ကလပ်တောင်၊ တောင်နီတောင်

အနောက်ဖက်တွင်- ဆူးပုတ်တောင် ၊ပေ (၂၀၀၀ )အထက် တောင်နှစ်တောင်နှင့် အနောက်တောင်ဖက်မှာလည်း (၃၁၁၅)ပေ မြင့်သော တောင်ကြီးများရှိသည်။

တောင်ဖက်တွင်- ယောက်ချိုတောင်၊ ဆာဘားတောင၊ နောင်ချိုတောင်

မြောက်ဖက်တွင် ကျောက်မိုးဂါးတောင်၊ နွေသိန်တောင်၊ မောက်သလွန်တောင်၊နှင့် ပေ(၂၀၀၀)ကျော် တောင်ကြီး (၂)တောင်၊ ပေ(၃၀၀၀)ကျော် တောင်ကြီး (၃)တောင် တို့ ၀န်းရံလျက်ရှိသည့် တောင်ထူထပ်သော သဘာဝတောအလယ်တွင် တည်ရှိသည်။

ဇလုံတောင်ဒေသရှိ တောနောက်(နားတောနောက်)ကျေးရွာတွင် နမ့်မွေတောင်ချောင်းဖျားတွင် အမြင့်ပေ(၃၀)ကျော်မှစီးဆင်းနေသော နမ့်မွေတောင်ချောင်းရေတံခွန်ကြီးတစ်ခုရှိသည်။

ဇလုံတောင်တော်သည် ကျောက်တောင်ကြီး(၄)ခုပူးကပ်စုစည်းဖြစ်ပေါ်နေသော
တောင်တော်ကြီးဖြစ်၍ ဘေးမှကြည့်သော် ဆင်ကြီးတစ်ကောက် ကုန်းထနေပုံနှင့်
တူလေသည်။

တောင်မကြီးနှစ်တောင်မှာ ပူးကပ်၍ ၄င်း၏အရှေ့ဖက်ကပ်လျက်တွင် ကျောက်တောင်ငယ် နှစ်တောင်ရှိသည်။ ထိုတောင်တော်(၄)ခုမှာ တစ်စုတည်းတည်ရှိပြီး တောင်ကြီးများအား ခမည်းတော်တောင်၊ သားတော်တောင်၊ မယ်တော်တောင်၊ နှင့် သမီးတော်တောင် ဟု
အမည်ခေါ်ဝေါ်ကြောင်းသိရသည်။

ကျောက်တောင်ထိပ်ကို တက်သည့်အခါတွင် ကျောက်တောင်နှစ်လုံးကြားမှ အုတ်လှေခါးနှင့် ကွေ့ပတ်တက်ရပြီး ကျဉ်းကြပ်သောနေရာ ကျောက်တံခါးကြီးလည်းရှိပါသည်။

သဘာဝမှ အလွန်ထူးဆန်းစွာဖန်တီးထားသော ဤတောင်တော်အား ယခု(၂၀၁၅)အခါ တိုင်းဒေသကြီးအစိုးရမှ ကြီးမှူး၍ တောင်ထိပ်အထိ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန် ကွန်ကရစ်ကားလမ်းမကြီးအား ဖေါက်လုပ်နေသည်ဟုသိရပါသည်။

ယခုအချိန်တွင် 4x4 ကားများဖြင့် တောင်ထိပ်အထိ တက်ရောက်နိုင်ပြီး နှစ်စဉ် တန်ခူးလတွင် သင်္ကြန်အပြီး ဇလုံတောင်တော် ဣ စ္ဆာသယချမ်းသာကြီးဘုရား ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။

နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ အသံမစဲ ပဋ္ဌာန်းပွဲများ၊ ရဟန်းခံ ရှင်ပြုပွဲများအား
ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗန်းမောက်မြို့မှ (၃)မိုင်အကွာ ခမိုးရွာ ထိုမှ (၃)မိုင်ခန့်ရှိ ပဲမနရွာဟောင်းရှိရာ ညောင်သာယာ ရွာအထိ မြေပြန့်ကားလမ်းရှိပြီး ထိုနေရာမှ ဇလုံတောင်တော်သို့ ကားဖြင့် တောင်တက်ခရီးကိုစတင်ပါသည်။

ပဲမနရွာဟေား ဖြစ်သည့် ညောင်သာယရွာမှ ဇလုံတောင်တက်လမ်းအား
(၀) မိုင် အဖြစ်သတ်မှတ်၍ တောင်ထိပ်ဇရပ်အထိ (၉)မိုင်တိတိရှိသည်။
ဗန်းမောက်မှ ဇလုံတောင်တော်ထိပ်ထိ ကားလမ်းမှာ (၁၄)မိုင် (၆)ဖာလုံခန့်ရှိသည်။

==================
==================

“ ဇလုံတောင်တော်-ဘုရားသမိုင်း အကျဉ်း”

---

ဇလုံတောင်တော်ပေါ်ရှိ ကျောက်စာအရ ဂေါတမမြတ်စွာဘုရားသခင်သည် ကောဇာသက္ကရာဇ်(၁၂၃)ခု ၀ါတော်(၂၀)အရတွင် ရဟန္တာ(၅၀၀)ခြံရံလျက် ကောင်းကင်ခရီးမှ ကြွချီလာခဲ့ရာ ဧရာဝတီ နှင့် သလ္လာဝတီမြစ်နှစ်သွယ် အလယ်ဗဟိုနေရာဖြစ်သော ဂေါဒေါပလ္လင် တောင်တော်သို့
ရောက်သောအခါ ဧရာပထ နတ်နဂါးမင်း သားအဖတို့၏ တောင်းပန်လျှောက်ထားမှုကြောင့် တောင်တော်တွင် (၇)ရက်သီတင်းသုံးကာ နဂါးမင်း သားအဖလှူဒါန်းသော ဆွမ်းကိုဘုန်းပေး သုံးဆောင်ခဲ့သည်။

ဘုန်းပေးပြီး ကျန်ရှိသော ဆွမ်းများကိုလည်း စိန်ရွှေငွေ ကျောက်သံပတ္တမြား ရတနာများဖြစ်စေကြောင်း အဓိဋ္ဌာန်ပြုလျက် တောင်၏ပတ်လည်သို့ စွန့်ကြဲပက်ဖျန်းခဲ့သည် ဟုပါရှိသည်။

ဂေါတမ မြတ်စွာဘုရားက ညီတော် အာနန္ဒာအား ဗျာဒိတ်စကားမိန့်ကြားသည်မှာ
“ဤဂေါဒေါပလ္လင် တောင်ကလပ်၌ ပွင့်တော်မူလတ္တံသော အရိမေတ္တယျ ဘုရားရှင်သည် ငါဘုရားကဲ့သို့ အလှူခံယူကာ တရားထူးကို ဟောကြားလိမ့်မည် ” ဟု မိန့်တော်မူသည်။

သို့ဖြစ်ရာ ဤကျောက်တောင်တော်သည် ငါးဆူမြောက် အရိမေတ္တယျဘုရားရှင် တရားထူးဟောမည့် နေရာဖြစ်ပါကြောင်း ကျောက်စာတွင် ဖေါ်ပြထားသည်။
ဘုရားသမိုင်းကျောက်စာကို ယခုအခါ ကျောက်တောင်၏ အရှေ့ဖက်တွင် စိုက်ထူထားပါသည်၊

ကျောက်စာအရ-
သက္ကရာဇ်(၄၉၂)ခုနှစ်တွင် ဘုရားတည်ခဲ့ကြောင်း ရေးထိုးထားရာ ဇလုံတောင်စေတီတော်သည် နှစ်ပေါင်း (၉၀၀)နီးပါးသက်တမ်းရှိပြီဖြစ်သည်။
ဇလုံတောင်စေတီတော်ကို အရှင်ဓမ္မဒဿီ အမည်ရှိ ရှင်အရဟံ မထေရ်မြတ်နှင့် တပည့်အရှင်အာစာရ မထေရ်မြတ်နှစ်ပါးက ဂေါဒေါပလ္လင် ဇလုံတောင်တော်သို့
ကြွရောက်လာပြီး ဣ စ္ဆာသယလိုတရ ချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဦးစွာတည်ထား ကိုးကွယ်ခဲ့ပါသည်။

ထို့နောက် သက္ကရာဇ် ( ၁၂၁၁ )ခုနှစ်တွင် ၀ိဇ္ဖာမဟိဒ္ဓိ အရှင် ဟု ထင်ရှားသော ဘုန်းကြီး ဥိးသာအေး အရှင်မြတ်က အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဒုတိယအကြိမ်ပြုပြင်၍ “ အောင်ကျော်အေးအောင် ဇလုံတောင် ” ဟု မော်ကွန်းတင်ခဲ့ပါသည်။

ဇလုံတောင်တော်စေတီရှိရာ သလွန်တောင်တော်ပေါ်တွင် ကြေးပိဿာချိန်(၂၅)ရှိသော ခေါင်းလောင်းတစ်လုံးရှိပြီး ယင်းခေါင်းလောင်းပေါ်တွင် ရေးထိုးထားသော
ခေါင်းလောင်းစာအရ -

(၁၂၇၆)ခုနှစ်တွင် စက်တောကိုးဌာနတွင်ပါဝင်သော ကန်ရွာကျောင်းဆရာတော်နှင့်
တိုက်သူကြီးဦးရွှေသီး၊ ဝေးနီးမြို့ရွာ ဒါယကာတို့က ကြေးပိဿာချိန် (၂၅)ပိဿာရှိ
ကြေးခေါင်းလောင်းသွန်းလုပ်လှူဒါန်းပြီး (၁၂၉၇ )ခုနှစ်တွင် သောင်သွပ်မြို့
ဝဲတက်ရွာဇာတိ အရှင်ကုဝေရေ က သားတော်ကျောက်ပလ္လင်၌ ဂန္ဒကုဋိတိုက် စေတီ ငါးဆူ တည်ထားပြီး ဥာဏ်တော်(၄)ပေရှိ လိုတိုင်းပြည့် ဗျာဒိတ်ပေး (ပဉ္စလောဟာ) ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်း၍ တတိယအကြိမ်သာသနာပြုခဲ့ကြောင်းမှတ်တမ်းပါရှိသည်

=============

မောလူးစာမျက်နှာ
#​ဖေ​အောင်
crd

#ခရီးသည်

No comments:

Post a Comment