အင်းဝဆင်ဖြူရှင် လက်ထက် တရုတ်-မြန်မာ စစ်ပွဲတွင် နာမည်ရအောင် စွမ်းသူများ
အင်းဝ ဆင်ဖြူရှင်လက်ထက် တရုတ်နှင့်မြန်မာ စစ်ဖြစ်၍ ၁၁၃၁ ခုတွင် နှစ်ဦးသဘောတူ စစ်ပြေငြိမ်းစာချုပ် ချုပ်ကြသည်။
ဤသို့ စစ်ပြေငြိမ်းကြပြီးနောက် တရုတ် ဗိုလ်မှူးများက " ကောင်းတုံမြို့တွင်းကို ခုခံသူများကို အထူး မြင်လိုပါသည် " ဟု ဆိုသည်တွင် ဗိုလ်မှူး ၊ တပ်မှူး တို့နောက် ကြမ်းဆင့်မှာ သူရဲတော်တို့နှင့် ရောနှောထိုင်နေကြသော ဗလမင်းထင် နှင့် စံလှကြီး တို့ကို မြန်မာ ဗိုလ်မှူးတို့က ပြပေ၏။
တရုတ်ဗိုလ်မှူးများကလည်း " ဤသူတို့သည် အလွန်ရဲရင့်သတ္တိနှင့် ပြည့်စုံကြသည် ၊ အဘယ်ကြောင့် နောက်မှာ နေပါစေသနည်း " ဟုဆိုရာ " ငါတို့ဘုရင်၌ ဤသို့သော သတ္တိနှင့်ပြည့်စုံသူ အလွန်များပြားသဖြင့် မှူးမတ်အရေအတွက်သို့ မဝင်၍ အလွတ်နေရသည် " ဟု ပြန်ပြောလေသည်။
တရုတ်ဗိုလ်တို့က " ထိုသူနှစ်ယောက်ကို တွေ့လိုပါသည် ၊ တက်လာပါစေ " ဆိုသဖြင့် တက်လာရ၏။ ရောက်လာမှ တရုတ်ဗိုလ် တို့က ကျောသပ်လက်သပ်ပြု၍ " ငါတို့က များစွာသော လူသူတို့နှင့် ကောင်းတုံမြို့ကို ဝန်းဝိုင်းလုပ်ကြံသည်ကို သင်တို့ လူအနည်းငယ် ၊ မြို့ငယ် ၊ တပ်ငယ်နှင့် ခုခံ၍ ငါတို့ကို နိုင်ပေသည်။ တော်ပေစွ ၊ အသင်တို့ လူမက ၊ နတ်ယောက်ျားတို့နှင့် အတူ ဖြစ်ပေသည် " ဟု ချီးမွမ်းကြ၏။
ထို့နောက် တရုတ်ဗိုလ်မှူးတို့က " အကျွန်ုပ်တို့ ရိက္ခာပို့စေသည့် တပ်များကို မိုင်းတိမ်လမ်းကနေ၍ တိုက်ယူသည့် ဗိုလ်ကိုလည်း မြင်လိုပါသည် " ဟု ဆိုသောကြောင့် ဗိုလ်မှူး မင်းရဲသီဟသူ ကို ပြကြ၏။
" ရွှေမြို့တော်တွင် မည်သည့်အမှုတော်ကို ထမ်းရွက်ပါသနည်း " မေးကြသော် " ငါတို့ အရှင်မင်းကြီးတွင် နှလုံးရည်ဖြင့် လည်းကောင်း ၊ လက်ရုံးရည်ဖြင့် လည်းကောင်း ၊ နှလုံးရည် ၊ လက်ရုံးရည်ဖြင့် လည်းကောင်း အကြောင်းသုံးပါးအားလျော်စွာ ထမ်းရွက်ကြသော ဆွေတော် ၊ မျိုးတော် ကျွန်တော် အပေါင်းတို့တွင် လက်ရုံးရည်ဖြင့်သာ အမှုတော်ကို ထမ်းနိုင်သည့် ကျေးငယ်ကျွန်ငယ် ဖြစ်၏။ တရုတ်စစ်တွင် သေလိုလျှင် သေစေတော့ဟု ထည့်လိုက်ခြင်း ဖြစ်၏ " ဟု ပြန်ပြောကြ၏။
တရုတ်ဗိုလ်တို့က " စစ်ဝတ်တန်ဆာ မဆင်ပဲ ပကတိကိုယ်ကို ကြည့်လိုပါသည် " ဟု ဆို၍ ချပ်ဝတ်တန်ဆာတို့ကို ချွတ်ပြီးလျှင် ခါးတောင်းကျိုက်၍ ပြရ၏။ တရုတ်ဗိုလ်တို့လည်း မင်းရဲသီဟသူ၏ တစ်ကိုယ်လုံးကို လက်နှင့်ကိုင်တွယ် စမ်းသပ်၍ " ဤသူကား သံကို သွန်းလုပ်ထားသည်နှင့်အတူ မာချာတောင့်တင်းလှပေသည် " ဟု ချီးမွမ်းကြ၏။ ထိုအခါ မင်းရဲသီဟသူက မိမိစွဲသည့်ဓားကို အိမ်မှချွတ်၍ တရုတ်ဗိုလ်အား ကမ်းလိုက်၏။ တရုတ်ဗိုလ်က စမ်းသပ်ကြည့်၍ " ဤဓားသည် အလွန်ထက်၏ ၊ ဆင့်လည်ကိုပင် ပြတ်လောက်ပေသည် " ဟု ဆို၏။ တရုတ်ဗိုလ်ကား မခုတ်ဘဲ " အသင် ရဲစွမ်းသန်မာလှ၏ ၊ လူမဟုတ် ၊ နတ်ဘီလူးတကား " ဟု များစွာ ချီးမွမ်းကြလေ၏။
ဤသို့ တစ်နေ့လုံး ချစ်ကြည်စွာ တွေ့ဆုံပြောဟောပြီးမှ နှစ်ဦးနှစ်ဖက်သား တို့လည်း စကားပြော သံတဲမှ ခွဲခွာသွားကြလေ သတည်း။
အင်းဝဆင်ဖြူရှင် ယိုးဒယား (ထိုင်း) ကို တိုက်ခိုက်သိမ်းယူပုံ
အင်းဝ ဆင်ဖြူရှင် (၁၁၂၅ - ၁၁၃၈) သည် နေမျိုးသီဟပတေ့နှင့် မဟာနော်ရထာတို့ကို ကြီးမှူး အုပ်ချုပ်စေ၍ ယိုးဒယား (ထိုင်း) ကို တိုက်ခိုက် သိမ်းယူစေသည်။
မြန်မာတို့က ယိုးဒယား (ထိုင်း) မြို့တော်ကို ဝိုင်းထား၏။ မြို့တွင်းကလည်း အခိုင်အခံ့ပြု၍ ခုခံ၏။ ထိုအခါ ဇွဲကောင်းသော မြန်မာ စစ်ဗိုလ်တို့သည် ယိုးဒယား (ထိုင်း) မြို့ပတ်လည်တွင် မြို့ငယ် ၂၀ ကျော် တည်၍ လယ် ၊ ယာ ၊ ကိုင်း ၊ ကျွန်း လုပ်ကာ နှစ်နှစ်ခန့်မျှ စောင့်ဆိုင်း ဝန်းရံနေကြလေသည်။
ဤအတောအတွင်း ဗိုလ်မှူး မဟာနော်ရထာ မကျန်းမမာ၍ အနိစ္စရောက်သဖြင့် နေမျိုးသီဟပတေ့ တစ်ဦးတည်းသာ အုပ်ချုပ်စီမံ ရလေသည်။
ဤသို့ နှစ်နှစ်ခန့် ဝိုင်းထားပြီးနောက် နောက်ဆုံး ဤသို့ တိုက်ခိုက်၏။ မြို့မြောက်မျက်နှာက နေ၍ ဥမင် ငါးကြောင်းတူး၏။ ဥမင် နှစ်ကြောင်းမှာ မြို့ခြေသို့ရောက်သော် အရှေ့ ၊ အနောက် လျှောက်၍ တာတစ်ရာကျော် တူး၏။ ပြီးမှ သုံးထွာခွဲ ၊ လေးထွာ ရှိသည့် သစ်သားများကို စီကာ စီကာ ထုပ်ခံ၍ ထောက်ထား၏။ ဥမင်သုံးကြောင်းမှာကား မြို့ရိုးအောက်က လွတ်အောင် တူးသွား၍ မြို့အတွင်းဘက်သို့ ရောက်သော် အထက်သို့မော့လျက် နောင်အလိုရှိမှ ဝင်ရန်ဟု အပြီးမဖောက်သေးဘဲ မြေသားတစ်တောင်ခန့် ချန်ထား၏။
ထိုနောက် ဆင်သည် ၊ မြင်းသည် ၊ ခြေသည် အပေါင်းတို့သည် ဓား ၊ တူးရွင်း ၊ လှေကား ၊ စသည်တို့နှင့် မြို့ခြေသို့ ချဉ်းကပ် ၊ တူးဆွ ၊ တိုက်ခိုက်ကြ၏။ နှစ်ကြောင်းသော ဥမင်တွင် ထင်းအပြည့်ထည့်၍ မီးရှို့သော် မြို့ခြေကို ထောက်ထားသော တိုင်များကို မီးလောင်၍ ပူပြင်းသည်နှင့် မြေအစိတ်စိတ်ကွဲအက် ၊ မြို့ရိုး တာတစ်ရာကျော်လည်း ပြိုလေ၏။
ထိုအခါ မြို့ရိုးကို လှေကား ထောင်တက်၍ ဝင်သူ ဝင်သည်။ မြို့ရိုးပြိုလဲရာက ဝင်သူဝင်သည်။ ဤသို့အားဖြင့် သက္ကရာဇ် ၁၁၂၉ ခု နှစ်ဦး၌ ယိုးဒယား (ထိုင်း) မြို့အလုံးကို ရယူသိမ်းပိုက်လေသတည်း။
- မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ (ဦးဖိုးကျား)
Posted by မင်းအရိပ်
No comments:
Post a Comment