Tuesday, December 19, 2017

ကုန်​​ဘောင်​မင်းဆက်​ကို မျိုးဖြုတ်​မည့်​သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

မယ်နု ၁၂ နှစ်သား အရွယ်က မြစ်ဆိပ်တွင် ရေချိုးစဉ် သူ၏ ထဘီ ပန်းရောင်ကို စွန်ချီကာ နန်းတော်ဘက် တွင် ပစ်ချ ထားခဲ့လေ၏။ ထို ပစ်ချခဲ့သော နေရာသည် မိဖုရားခေါင်ကြီး၏ နန်းဆောင် ဖြစ်နေလေသည်။ ထိုအခါ မိဖုရားဆောင် တခု လုံး ထို ထဘီ ကြောင့် အလုပ်များ ကြရလေ၏။ မည်သူက ထဘီကို မိဖုရားခေါင်ကြီး ၏ နန်းဆောင်ပေါ်သို့ တင်သနည်း စသဖြင့် မိဖုရားခေါင် နှင့် မိဖုရား အပျို တော်များကို စစ်ဆေး မေးမြန်းကြကုန်၏။ ထို သတင်းကို ဘုရင်ဖြစ်သူ ဘိုးတော်ဘုရား ထံ နားတော် ပေါက်ကြားသော် မိဖုရားခေါင်ဆီ ကြွမြန်းလာလေသည်။

ဘုရင့်၏ မှူးမတ်တို့လည်း ထို ထဘီသည် နန်းတွင်း အပျို တော်များ ပစ်တင်ရန် မဖြစ်နိုင် စွန်ချီ လာခြင်းသာ ဖြစ် ရမည်ဟု ဘုရင်ကို လျှောက်ကြကုန်၏။ ဘိုးတော်ဘုရားသည် အထူးအဆန်း ဆိုလျှင် အလွန် စိတ်ဝင်စား သူဖြစ်လေရာ ထို ထဘီ ပိုင်ရှင်ကို ရှာရန် အမိန့်ပေးလေ၏။ အရာရှိ တို့လည်း အမရပူရ မြို့ တော် အတွင်း လိုက်လှည့် ရှာဖွေကြလေ၏။ ဘုရင့် ရဲမက်များ အပြည့်အစုံ ဖြင့် မေးမြန်းသဖြင့် ကြောက်ရွံကာ မည်သူမှ မိမိ ထဘီဟု ၀န်မခံ ကြပေ။

ထိုနောက် မယ်နု နေထိုင်ရာ နေရာ သို့ ရောက်လာကြ၏။ မယ်နု မှ မိမိ၏ ထဘီ ဖြစ်ကြောင်း ရဲရဲတင်းတင်း ၀န်ခံ၏။ အရာရှိတို့လည်း သက်သေ ပြစေရာ၊ စွန်ချီ သွားကြောင်း ကို ပြောပြလေ၏။ ထို မြစ်ဆိပ် နားရှိ လူသူ အများ လည်း မြင်တွေ့ကြောင်း ပြောသဖြင့် အရာရှိ တို့မှ မယ်နုကို ဘိုးတော်ဘုရား ရှေ့မှောက် ခေါ်ဆောင် သွားလေသည်။ ဘိုးတော်ဘုရားသည် မယ်နု၏ ဇာတာ ကို မိမိ၏ ပညာရှိများ အား တွက်ချက် စေလေသည်။

ပညာရှိများမှ ကိန်းခန်းကြီးသူ ဖြစ်၏။ သို့သော် မမြှောက်စားသင့် ဟု တချို့  ပညာရှိများက လျှောက်ထားကြ၏။ ထို့ကြောင့် ဘိုးတော်ဘုရားမှ မယ်နုကို မိဖုရားအဖြစ် မမြှောက်စား ဘဲ နန်းတွင်းအပျို တော် အဖြစ် ခန့်ထားလေသည်။ ထိုသို့ ဘုရင့် အပျို တော်အဖြစ် နေထိုင်ရာစစ်ကိုင်းမင်းသား မျက်စိကျကာ အိမ်ရှေ့မင်းသား ၏ အပျို တော် အဖြစ် ခေါ်ဆောင်ခံရခြင်းဖြစ်သည်။

မယ်နုသည် စကားအလွန်တတ်သူဖြစ်ပြီး ရုပ်ရည်မှာ လှပမူ မရှိဟု မှတ်တမ်းများက ဆို၏။ ဘိုးတော်ဘုရား သည် စစ်ကိုင်းမင်သားမှ မယ်နုကို မိဖုရားခေါင် မြှောက်မှာ စိုးသဖြင့် မိမိ မလွန်ခင် ပန်းတောင်းမင်းသမီး နှင့် လက်ဆက်ခဲ့ပြီး မိဖုရားခေါင်နေရာ ထားခဲ့သည်။ သို့သော် စစ်ကိုင်းမင်းသား ဘုရင်ဖြစ်သော် မယ်နုကို မိဖုရားခေါင် အဖြစ် ချက်ခြင်း မြှောက်စားလေ၏။

ခရစ်နှစ် ၁၈၁၉၊ ၆ လ၊ ၇ ရက်နေ့တွင် စစ်ကိုင်းမင်းသားသည် အမရပူရ ထီးနန်းကို သိမ်းပိုက်လေသည်။ မိဖုရားခေါင်နေရာ ကို မယ်နု ကို ပေးအပ်ခဲ့၏။ ဆွေတော်မျိုးတော် များမှ ၀ိုင်းဝန်း ပြောဆိုသော်လည်း စစ်ကိုင်းမင်းသားမှ နားမ၀င်ဘဲ မယ်နုကိုသာ မိဖုရားခေါင် မြှောက်လေ၏။ အမတ်ကြီး ဦးပေါ်ဦးကို နန်းတော်တွင် အမြင့်ဆုံး ၀န်ရှင်တော်မင်းကြီး ရာထူး ပေးအပ်လေသည်။ နန်းတက်သည့် အထိမ်းအမှတ်အဖြစ် အမရပူရ နေပြည်တော် ရှိ သက်ကြီးရွယ်အိုများကို ထည်မျိုးအုပ်မျိုး လှူ ဒါန်းလေ၏။

နန်းတက်ပွဲတွင် အမတ်များကို အံ့အားသင့်စေသည့်အချက် နောက်တခု မှာ ဘုရင် နှင့် မိဖုရားခေါင် သည် သီဟဿ န ပလ္လင်ပေါ်တွင် အတူတူ စံမြန်းခြင်းဖြစ်သည်။ ရှေးဦး ကုန်းဘောင် မင်းများ နှင့် ရှေးယခင် ဘုရင်များ လက်ထက် တွင် ဘုရင်နှင့် အတူ မည်သည့် မိဖုရားမှ သီဟဿ န ပလ္လင်ပေါ် ထိုင်ရိုး ထုံးစံ မရှိပေ။ ထို ထုံးစံ ကို မယ်နု မှ နန်းတက်သည့် နေ့တွင် ပယ်ဖျက် ပြလိုက်လေ၏။ ထိုနောက် မျက်နှာ သစ် အဖြစ် မင်းသားကြီး တပါး တိုးလာလေသည်။ ထိုသူမှာ မယ်နု ၏ အစ်ကို မောင်အို ဖြစ်သည်။ မောင်အို ကို ဘုရင်မှ မင်းသားကြီး ရာထူး ပေးအပ်ရာ နန်းတော် တခု လုံး အံ့အားသင့် ကြကုန်၏။

မယ်နု နှင့် မင်းသားကြီး မောင်အို တို့၏ လုပ်ဆောင်ချက်များသည် ကုန်းဘောင်သမိုင်း တွင် အလွန် အကျဉ်း တန်ရုံသာမက အင်္ဂလိပ်မှကျူးကျော်စစ် ဆင်နွဲလာသည့် အထိ ဆက်ဆံရေး ပျက်ပြားခဲ့ရသည်။

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။
ဘကြီးတော်မှ မိမိ၏ ညီတော် ဒွာရ၀တီမင်းသား ကို ဗိုလ်ချူ ပ်ခန့်ပြီး စစ်သည် ၁၂၀၀၀ ကျော်ဖြင့် ချီတက် ခိုင်း လေ၏။ မဏိပူရစော်ဘွားလည်း ဘကြီးတော်၏ တပ်များ ချီတက်လာကြောင်း သိလျှင် ခုခံ ရန် ပြင်ဆင် လေ၏။ မဏိပူရစော်ဘွား ကိုယ်တိုင် လမ်းခုလတ် မှ ဆီးကြို ပြီး တိုက်လေသည်။ ထို စစ်ပွဲတွင် စစ်သူကြီး
မဟာဗန္ဓုလ လည်း ပါဝင် တိုက်ခိုက်ရလေသည်။ ထိုချိန်တွင် မဟာဗန္ဓုလ သည် အလုံမြို့ ကို စားရသော မြို့ စား ကြီး ဖြစ်လေ၏။

မဏိပူရစော်ဘွားမှ ကက်စိန်ခံတပ်ကြီး နှင့် အပြင်းအထန် ခုခံလေသည်။ ဘကြီးတော် ၏ တပ်များသည်လည်း အပြင်းအထန် တိုက်ခိုက်သဖြင့် ကက်စိန်ခံတပ်ကြီး ကျလေ၏။ မဏိပူရစော်ဘွားလည်း မြင်းစီး ပြီး အင်္ဂလိပ် ပိုင်နက် သို့ အပြင်းပြေးလေသည်။ ဒွာရ၀တီမင်းသား လည်း မဏိပူရစော်ဘွားကို မမိသဖြင့် မဏိပူရ နန်းတော်မြို့ ရိုး အားလုံး ကို ဖြို ဖျက်စေပြီး စေတီတည်ကာ ကန္နီမြို့ စားကို အစောင့်အဖြစ် ထားခဲ့ကာ မဏိပူရစော်ဘွား၏ ဆွေတော် မျိုးတော် နှင့် တကွ စစ်သုံ့ပန်း ၄ သောင်းကျော်ကို ဖမ်းဆီးကာ အမရပူရနေပြည်တော်သို့ သယ်ယူလာခဲ့ လေသည်။

မဏိပူရစော်ဘွားမှ အင်္ဂလိပ်ထံ အပြေးအလွှားသွားကာ အကူအညီတောင်းသဖြင့် ပထမကျူးကျော်စစ် စရန် ခြေလှမ်း တခု ဖြစ်လာခဲ့သည်။ အင်္ဂလိပ်တို့ဘက်မှ မြန်မာများသည် မဏိပူရ ဘက်မှ တဆင့် ဘင်္ဂလားနယ် ကို သိမ်းပိုက် မည်ဟု စိုးရွံတကြီး ထင်မှားခဲ့ကြ၏။

ဘကြီးတော်မင်း သည် မိမိ၏ မိဖုရားခေါင်ဖြစ်သော မယ်နု ကို အလွန်ချစ်မြတ်နိုးသဖြင့် မယ်နု အလိုကျ အတိုင်း မယ်နု၏ မောင်တော် မောင်အို ကို မင်းသားဘွဲ့ ချီးမြှင့် လေ၏။ ထိုမျှ မကသေး မောင်အိုကို စလင်းမြို့ ကို စားစေသည့်အပြင် အိမ်ရှေ့မင်းသား အဆောင်အယောင် ဖြစ်သော ဗောင်းတော်၊ နားတောင်းတော်၊ ရွှေဝတ်လုံ နှင့် တကွ သတိုးဓမ္မာရာဇာ ဘွဲ့ကိုပါ ချီးမြှင့်လိုက်သေး၏။ အိမ်တော်ရှိ တိုင်များကို ရွှေပိန်းချ ခွင့်ပေးတော် မူသည်။ ( ရွှေပိန်းသည် ဘုရင့် အဆောင်တွင်သာ ချခွင့်ရှိ၏) ဘုရင် လွှတ်တော်မတက်နိုင်လျှင် ဘုရင်ကိုယ်စား နိုင်ငံတော်၏ ကိစ္စများအားလုံး ကို ဆုံးဖြတ်ခွင့် ပေးအပ်ထားပြန်ရာ မောင်အို သည် အမရပူရနေပြည်တော် တခုလုံးတွင် ဘုရင်နှင့် မိဖုရား ပြီးလျှင် အာဏာအကြီးဆုံး ဖြစ်လေတော့သည်။

ခရစ်နှစ် ၁၈၂၀၊ ၇ လပိုင်း၊ ၁၃ ရက်နေ့တွင် ကသည်းလူမျိုးများစွာ ပါသော အင်အား ၄ သောင်းရှိသည့် ပုန်ကန်သူများမှ မဏိပူရမြို့ တော် ကို လာရောက်တိုက်ခိုက် ကြလေ၏။ မဏိပူရမြို့ စောင့် ဗိုလ်မှူးမှ အင်အား ၅ ထောင်ကျော်ဖြင့် ထွက်တိုက်ရာ အင်အား မမျှ သဖြင့် မြို့ တွင်းသို့ ပြန်လည် ၀င်ကာ ခုခံလေသည်။ အမရပူရ နေပြည်တော်ကို သတင်းပေးရန် ငစံ၊ ငပေ၊ ငနေ၊ ငဆန်း၊ ငလန်းပိုင် တို့ကို မြင်းကိုယ်စီ ဖြင့် မဏိပူရ မှ အပြင်း ထွက်လာခဲ့ကြ၏။ သို့သော် ကသည်း တပ်သားများ လိုက်လံ တိုက်ခိုက် သဖြင့် ငစံ တဦးသာ လွှတ်မြောက်ပြီး အမရပူရ သို့ ရောက်လာခဲ့သည်။

ဘကြီးတော် ထံ အလုံးစုံ လျှောက်တင်သဖြင့် ဘကြီးတော် မှ မင်းသားမောင်အို၏ အကြံပေးချက်အတိုင်း ပခန်းကြီးမြို့ ဝန် မင်းကြီးမင်းခေါင် ကို ဗိုလ်ချူ ပ်ပြု ကာ မဏိပူရသို့ ချီတက်စေလေသည်။ ပခန်းမင်းကြီး လည်း မဏိပူရသို့ အပြင်းချီတက်ပြီး ကသည်း သူပုန်များကို နှိမ်နှင်းလေ၏။ မြို့ တွင်းမှ ကန္နီမြို့ ဝန်လည်း ထွက်တိုက်၊ အနောက်မှ ပခန်းမင်းကြီးလည်း တိုက်သဖြင့် ကသည်းတပ်ပျက်ကာ ကျရူံးရလေသည်။ ပခန်းမင်းကြီးလည်း မြို့ ကို အခိုင်အခံ ဖြစ်အောင် ပြန်လည် စီရင်ပြီး အမရပူရသို့ ပြန်လာခဲ့လေသည်။

ခရစ်နှစ် ၁၈၂၁ ၊ ၄ လ၊ ၂၅ ရက် တွင် အမရပူရ ရွှေနန်းတော် တောင်ဘက်အရပ် ကုန်းသာယာရပ်မှ မီးလောင် ရာ မီးအလွန်ကြီးပြီး နန်းတော်အထိ မီးကူးလေ၏။ ထိုကြောင့် လွှတ်တော်၊ စွယ်တော်ကျောင်း၊ ပဟိုရ်စင် နှင့် တကွ အဆောင်တော် များစွာ မီးစွဲကာ ပျက်စီးလေသည်။ ဘကြီးတော် နှင့် မယ်နု တို့လည်း အပြေးတတ် သဖြင့် အသက်ဘေးမှ လွတ်လေ၏။ မင်းသားကြီးမောင်အို ၏ အဆောင်လည်း မီးထဲ ပါသွားလေ၏။ ထိုသို့ မီးလောင်သည်ကို အခွင့်ကောင်းယူကာ မင်းသားကြီး မောင်အို တို့ အုပ်စုမှ ဘကြီးတော် အား အင်းဝသို့ မင်းနေပြည်တော် ပြောင်းရန် လျှောက်တင်ကြ၏။

ဘကြီးတော်လည်း သဘောတူကာ သက်တော်ရှည်ဘွဲ့ရ ၀န်ရှင်တော်မင်း နှစ်ဦး ဖြစ်သည့် သက်တော်ရှည်အမတ်ကြီး ဦးပေါ်ဦး နှင့် ၀န်ကြီး မဟာသက်တော်ရှည် တို့ကို အင်းဝမြို့ ကို မင်းနေပြည်တော် အဖြစ် ပြန်လည် တည်ဆောက်ရန် တာဝန်ပေးလေသည်။ မင်းသားမောင်အို၏ အုပ်စုသည် လွှတ်တော်တွင် စိုးမိုးချယ်လှယ် နိုင်သဖြင့် ယခင် ဘိုးတော်ဘုရား၏ နူတ်မိန့်ဖြစ်သော သာယာဝတီမင်းသားကို အိမ်ရှေ့စံ ပေးရန် မှာ ဖြစ် မလာတော့ပေ။ ထိုကြောင့် ဘကြီးတော် လက်ထက်တွင် မယ်နု နှင့် မောင်အို တို့မှ တစု ၊ သာယာဝတီမင်းသား မှ တစု စီဖြင့် အင်အားကြီး နှစ်ခု ကွဲနေလေတော့သည်။

ဘကြီးတော်သည် လွှတ်တော်ကို တက်လေ့မရှိပေ။ ကိစ္စအရပ်ရပ်အားလုံးကို မင်းသားမောင်အိုမှ ဆုံးဖြတ် ၏။ လွှတ်တော်ရှိ အိမ်ရှေ့မင်းသား ပလ္လင်ပေါ်တွင် ထိုင်ကာ အမိန့်ပေးခြင်း၊ ဘုရင့်အမိန့်တော်ပြန်ခြင်း များကို ဘုရင်သဖွယ်ပြု မူ၏။ ထိုကြောင့် သာယာဝတီမင်းသား ၏ အုပ်စုမှ ကြိုက်နှစ်သက်ခြင်း မရှိပေ။ သာယာဝတီ မင်းသားလည်း မောင်အို၏ ပြုမူချက်များကို မတွေ့လိုသဖြင့် လွှတ်တော်ကို တက်လေ့မရှိတော့ပေ။

နန်းတွင်း ထဲတွင် အင်အားအနည်းဆုံး မင်းသားမှာ စကြာကိုယ်တော် ခေါ် ညောင်ရမ်းမင်းသားလေး ဖြစ်သည်။ မယ်နု တို့ အုပ်စု တွင် စစ်သူကြီး မဟာဗန္ဓုလ၊ မြ၀တီမင်းကြီး ဦးစ အစရှိသည့် ထူးချွန်ထက်မြက်သည့် သူများ ရှိနေသည်။

သာယာဝတီမင်းသားဘက်တွင် သည် ယခင် ဘိုးတော်ဘုရား၏ မဟာဆီမဟာနွယ် များက အများစု ပါဝင်ကြပြီး ထင်ရှားသူမှာ မက္ခရာမင်းသားကြီး ဖြစ်၏။ (မက္ခရာမင်းသားကြီးသည် အောက်ပိုင်း သေနေသူ ဖြစ်သ ဖြင့် ထိုခေတ်က ထုံးစံအတိုင်း ထီးနန်းကို လိုချင်သော်လည်း မရနိုင်ပေ။ ထို့ကြောင့်သူ၏ ဘ၀တခုလုံးကို ပညာရေးတွင် မြုပ်နှံပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ရုံသာမက ပထမဆုံး မြန်မာ-အင်္ဂလိပ် အဘိဓာန်ကိုပါ ထုတ်ဝေလိုက်သေး၏။ )

ဘိုးတော်ဘုရားသည် မြစ်တော်လေး ညောင်ရမ်းကိုယ်တော် ကို အလွန်ချစ်မြတ်နိုးသဖြင့် သာယာဝတီမင်းသား ပြီးလျှင် အိမ်ရှေ့စံ ပေးရန်ပင် နူတ်မိန့်ပေးခဲ့၏။ သို့သော် ဖခမည်းတော် ဘကြီးတော် သည် မယ်နု ၏ လွှမ်းမိုးမူ အောက်မှာသာ ပျော်စံနေသဖြင့် ထို ဂတိအားလုံးကို မေ့လျော့နေလေတော့သည်။

ညောင်ရမ်းကိုယ်တော် သည် အေးအေးဆေးဆေး နေတတ်သူဖြစ်ကြောင်း အင်္ဂလိပ်မှတ်တမ်းများက ဆိုထား၏။ ရုပ်ရုည်မှာ တခြား မင်းသားတွေထက် လှပပြီး မဟာယောင်္ကျား ဆန်ကြောင်း မှတ်တမ်းတင်ထားသည်။ ညောင်ရမ်းကိုယ်တော် သည် အေးဆေးနေသဖြင့် သာယာဝတီမင်းသားတို့ အုပ်စုမှ ညောင်ရမ်းမင်းသား  လေးကို မယ်နု တို့နှင့် တကြံတည်းဟု ထင်မှားကြ၏။ သို့သော် မယ်နု နှင့် မောင်အို တို့ အကြံသည် ညောင်ရမ်းမင်းသား ကို ထီးနန်းတင်ရန် မဟုတ်ပေ။ မောင်အိုကို ထီးနန်းတင်ရန်သာ ဖြစ်သည်။

ထိုသို့ နန်းတွင်းရေး တွင် အုပ်စုများ ကွဲနေချိန်တွင် အာသံစော်ဘွား သည် အင်္ဂလိပ်တပ်များကို မိမိ နယ်တွင် စခန်းချစေပြီး ဘကြီးတော်ကို အတိအလင်း ပုန်ကန်လေတော့သည်။ အာသံပုန်ကန်မူ မစခင် ဘကြီးတော် သည် ယိုးဒယားသို့ စစ်ချီရန် စစ်တပ်ကို စုရုံးထားပြီး ဖြစ်၏။ အာသံအရေးအခင်း ပေါ်ပေါက်လာသည့်အခါ စစ်သူကြီး မဟာဗန္ဓုလကို ဗိုလ်ချူ ပ် ပြုပြီး အာသံသို့ စေလွှတ်ခဲ့သည်။ ယိုးဒယားသို့ စစ်ချီရေးသည် မောင်အို၏ အကြံဖြစ်သည်။

စစ်သူကြီး မဟာဗန္ဓုလ သည် အာသံသို့ အရောက်ချီတက်ပြီး အာသံစော်ဘွား တပ်များကို အပြင်းအထန် နှိမ်နင်း လေ၏။ အင်္ဂလိပ်များက နောက်ကွယ်မှ ငွေကြေးအရ သာ ထောက်ပံ့ပြီး တောင်ကုန်းတနေရာမှ မြန်မာ နှင့် အာသံတို့ တိုက်ပွဲ ကို လေ့လာကာ အင်းဝ၏ အင်အားကို လေ့လာနေကြသည်။ ထို တိုက်ပွဲတွင် အာသံစော်ဘွား အရေး နိမ့်ပြီး အင်္ဂလိပ်ပိုင်နက်အတွင်းသို့ ပြေးဝင်လေသည်။ မြန်မာတို့ဘက်မှ ပြန်ပေးရန် တောင်းဆိုသော်လည်း မပေး သဖြင့် မြန်မာနှင့် အင်္ဂလိပ် ဆက်ဆံရေး အလွန်တင်းမာ သည့် အခြေအနေ သို့ ရောက်လာလေ၏။

အင်းဝလွှတ်တော် ရှိ မင်းသားမောင်အိုတို့ အုပ်စုမှ  မြန်မာကို မည်သူမှ နိုင်အောင် တိုက်နိုင်မည် မဟုတ်၊ ကုလားဖြူ များ စစ်လို လျှင် စစ်ပေးမည် ဟု ကြိမ်းဝါးလေ၏။ ထို ဆက်ဆံရေး ပျက်ပြားသည်ကို ကောင်းအောင် ပြန်လည် ကြိုးပမ်းသူ မှာ မက္ခရာမင်းသားကြီး ပင်ဖြစ်သည်။ မက္ခရာမင်းသားကြီးသည် အင်္ဂလိပ်တို့၏ ပါးနပ်သော အမြင်ကို အနီးကပ် လေ့လာခွင့်ရှိသူဖြစ်သည့်အပြင် အင်္ဂလိပ်တို့တွင် ခေတ်မီ စက်လက်နက်များ ရှိသည်ကိုလည်း မိမိ၏ မိတ်ဆွေ အင်္ဂလိပ်လူမျိုး မှ တဆင့် လေ့လာသိရှိရသဖြင့် စစ်ဖြစ်လျှင် မြန်မာ နိုင်မည် ရူံးမည် ကို မပြောနိုင်သော်လည်း အင်္ဂလိပ်များကို အထင် မသေးသင့်ကြောင်း သာယာဝတီမင်းသား မှ တဆင့် လွှတ်တော်တွင် ပြောကြားစေလေ၏။

သို့သော် မင်းသားမောင်အို တို့ အုပ်စုမှ မိမိတို့၏ အင်အားကို အလွန်အမင်း အထင်ကြီးကာ သာယာဝတီမင်းသား တို့ ပြောဆိုချက်ကို နားမ၀င်ပေ။ အင်္ဂလိပ်တို့ကို အာသံကဲ့သို့၊ယိုးဒယားကဲ့သို့ အလွန်တကူ တိုက်ခိုက် အောင်မြင်လိမ့်မည် ဟု ထင်မြင်ကြ၏။ မန်ချူး ကျူးကျော်မူ ၏ အောင်မြင်မူ ကိုပင် ဥပမာ ပေးလိုက်သေး၏။ ထိုသို့ ဆက်ဆံရေး တင်းမာနေချိန် ခရစ်နှစ် ၁၈၂၄ တွင် အင်္ဂလိပ်တို့သည် ရှင်မဖြူ ကျွန်းပေါ်တွင် အလံလာစိုက်လေ၏။ ထိုကျွန်းသည် မြန်မာ ပိုင်ဖြစ်သဖြင့် မြန်မာဘက်မှ ပြန်လည် ဆုတ်ရန် အမိန့်ပေးသော်လည်း မဆုတ်သဖြင့် နှစ်ဦးနှစ်ဖက် ပစ်ခတ် မူဖြစ်ပွား ကြလေသည်။

အင်္ဂလိပ်ဘက်မှ ရှင်မဖြူ ကျွန်းကို အင်္ဂလိပ်ကို အပ်ရန် ရာဇသံ ပေး၏။ အင်းဝလွှတ်တော်တွင်လည်း မင်းသားမောင်အို မှ ကုလားဖြူ များ သည် မိမိတို့ကို စော်ကားနေသည် ဖြစ်သဖြင့် စစ်ကိုသာ ပေးမည်ဟု ကြိမ်းဝါးကာ ဘကြီးတော် ကို စစ်ကိုသာ ပေးရန် လျှောက်တင်လေ၏။ ဘကြီးတော်လည်း စစ်လိုလားသော အုပ်စုကို အနိုင်ပေးကာ စစ်သူကြီး မဟာဗန္ဓုလ ကို ရခိုင်ပြည်သို့ စစ်ကြောင်း တကြောင်း၊ ၀န်ကြီး သတိုးသုဓမ္မ ကို အာသံ၊မဏိပူရ စစ်ကြောင်း တကြောင်း ၊ စစ်ကြောင်းကြီး နှစ် ကြောင်း ဖြင့် လွှတ်လေ၏။

ခရစ်နှစ် ၁၈၂၄ မတ်လ ၅ ရက်နေ့ တွင် အိန္ဒိယဘုရင်ခံချူ ပ် လော့အမ်းမှတ် ( Lord Earl Amherst) မှ မြန်မာ့ အင်ပါယာ နှင့် တရားဝင် စစ်ဖြစ်ကြောင်း ကြေဌာချက် ထုတ်လေသည်။ အင်္ဂလိပ်တို့သည် မြန်မာကို တိုက်ရန် အလောင်းမင်းတရား လက်ထက်ကတည်းက စနစ်တကျ ပြင်ဆင်နေပြီး ဖြစ်၏။ ထိုခေတ်က သူတို့၏ ရည်မှန်းချက်မှာ အာရှ တခွင်လုံးကို သိမ်းပိုက်ရန် ဖြစ်သည်။

အိန္ဒိယဘုရင်ခံချူ ပ် လော့အမ်းမှတ် ( Lord Earl Amherst) မှ ၁၈၂၄ မတ်လ ၅ ရက်နေ့ တွင် ကုန်းဘောင်အင်ပါယာ နှင့် တရားဝင် စစ်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုစစ်ကြေညာစဉ် ကုန်းဘောင်အင်ပါယာ ၏ စစ်သူကြီး  မဟာဗန္ဓုလ သည် ရခိုင်နယ်စပ်တွင် ရောက်ရှိနေပြီး ရှင်မဖြူ ကျွန်းအရေးကို စစ်နှင့် ဖြေရှင်းနေချိန်ဖြစ်သည်။ အင်းဝလွှတ်တော် တွင်လည်း အထူးအရေးပေါ် လွှတ်တော်အစည်းအဝေးခေါ်ယူကြပြီး အင်္ဂလိပ်ကို ခုခံရန် ဆွေးနွေးကြရလေ၏။

စစ်သေနာပတိ ဖြစ်သည့် မဟာဗန္ဓုလ ၏ ကွပ်ကဲမူ အောက်တွင် ရှိသော တပ်မ သည် ထိုခေတ်က အကောင်းဆုံး တပ်ဟု ဆိုနိုင်၏။  မဟာဗန္ဓုလ ကိုယ်တိုင် လေ့ကျင့်ပေးခဲ့ပြီး အမြဲတမ်းစစ်တပ် မထားရှိသည့် ကုန်းဘောင်ခေတ် တွင် အကောင်းဆုံးသော အရည်အသွေး ရှိသော စစ်တပ်ဖြစ်ခဲ့သည်။ ထိုတပ်မ ဖြင့်  မဟာဗန္ဓုလ သည် ပန်းဝါ(ရာမူး) တိုက်ပွဲ တွင် ဗြိတိသျှ တပ်များကို အနိုင်တိုက် နိုင်ခဲ့သည်။

မဟာဗန္ဓုလ ၏ အစီအစဉ်မှာ ဗြိတိသျှ တို့ကို ရခိုင်မှတဆင့် မျက်နှာစာ နှစ်ခုတွင် တိုက်ခိုက်ရန်ဖြစ်သည်။ ထိုမှတဆင့် စစ်တကောင်း၊ ကာလကတ္တားအထိ သိမ်းယူရန်ဖြစ်သည်။ သို့သော် ထိုအစီအစဉ်မှာ အင်္ဂလိပ်တို့ ရုတ်တရက် ရန်ကုန်ကို ရေကြောင်းဖြင့် ချီတက်လာသောအခါ အစီအစဉ်ပျက်ခဲ့ရသည်။ အင်္ဂလိပ်တို့၏ ပင်မ ဗျူ ဟာသည် နယ်စပ်တွင် ပုန်ကန် မူများ ဖြစ်စေပြီး ကုန်းဘောင်၏ တပ်မကြီး ချီတက်လာခဲ့လျှင် ရန်ကုန်မှတဆင့် ရုတ်တရက် ၀င်တိုက် ရန် ဖြစ်၏။

ထိုဗျူ ဟာကို ဗြိတိသျှ တို့ လွယ်ကူစွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ရန်ကုန်သို့ ရုတ်တရက် ချီတက်လာသော အင်္ဂလိပ်တပ်များကို ခုခံရန် ဘကြီးတော် တို့သည် အလျင်အမြန် အင်အား ၁ သောင်းကျော် ရှိ စစ်တပ်ကို ဖွဲ့ကာ ရန်ကုန်သို့ အပြင်း စေလွှတ်သည်။ ထိုနောက် ရခိုင်ရှိ အနောက်စစ်မျက်နှာစာ တပ်အားလုံး ရန်ကုန်သို့ အလျင်အမြန် အင်အားလာဖြည့်ရန် အမိန့်တော် လွှတ်လေသည်။

နန်းတော်တွင် မင်းသားကြီး မောင်အို တို့သည် အင်္ဂလိပ်၏ ကျူးကျော်စစ်ကို မိမိတို့ နိုင်မည်ဟု တရားသေ မှတ်ထား ကြသည်။ အကြံကြီးသူများ ဖြစ်ကြသော်လည်း ပြင်ပကမ္ဘာအကြောင်းကို မသိသော ဖားသူငယ်ကဲ့သို့ ဖြစ်နေကာ အင်္ဂလိပ်တို့၏ အင်အား ကို လျှော့တွက်ခဲ့ကြသည်။ ထိုပြင် သာယာဝတီမင်းသားမှ အင်္ဂလိပ်များကို ခုခံရာတွင် မိမိ ပါဝင်လိုကြောင်း ဘကြီးတော်ထံ လျှောက်ထားသော်လည်း မယ်နု နှင့် မောင်အို တို့မှ သာယာဝတီမင်းသား ပုန်ကန် မှာ စိုးသဖြင့် ဘကြီးတော်အား ခွင့်မပြု ရန် အကြိမ်ကြိမ် လျှောက်ထားကြ၏။

ဗြိတိသျှ ရေတပ်များ ရန်ကုန်ုဆိပ်ကမ်း(ဒလ) ကို တိုက်ခိုက်နေပုံ
အင်္ဂလိပ်များ၏ ရုတ်တရက် ၀င်တိုက်မူသည် အောင်မြင်လေသည်။ ရန်ကုန်တွင် မြို့ စောင့်တပ်မှာ အင်အား ရာ ဂဏန်း သာ ရှိ၏။ အမြှောက်တပ်များသည်လည်း ခေတ်မမှီ သော အမြှောက်များသာ ဖြစ်သည်။ ထိုနှစ် ၅ လပိုင်း ၁၁ ရက်နေ့တွင် အင်္ဂလိပ်သည် သင်္ဘောပေါ်မှ အမြှောက်ကြီးများဖြင့် ရန်ကုန်ဆိပ်ကမ်းကို အဆက်မပြတ် ပစ်ခတ်ပြီး သိမ်းပိုက်နိုင်ခဲ့လေသည်။ ရန်ကုန်မြို့ ဝန် နှင့် တပ်သား အနည်းငယ်များသည်လည်း ဆုတ်ခွာရလေ၏။ အင်္ဂလိပ်တပ်များသည် ရန်ကုန်ကို သိမ်းပိုက်ပြီး ရွှေတိဂုံစေတီတော် ကို ဗဟိုပြု ကာ ခံတပ် ဆောက်ကြလေသည်။

ရန်ကုန်မြစ်တလျှောက်ရှိ မြန်မာခံတပ်ကို ထိုးဖောက် တိုက်ခိုက်နေပုံ

အင်းဝနန်းတော်မှ ၀န်ကြီးမင်းကြီး မဟာမင်းခေါင် ဦးဆောင်သော တပ်များသည် ၂၄ ရက်တွင် ရန်ကုန်သို့ ရောက်လာပြီး အင်္ဂလိပ်များကို တိုက်ခိုက်လေသည်။ သို့သော်လည်း မထိုးဖောက်နိုင်သဖြင့် ကြည့်မြင်တိုင် ဘက်တွင် ခံတပ်ဆောက်ကာ အင်္ဂလိပ်ကို ခုခံရန် ပြင်ဆင်လေသည်။ ထိုနှစ် ၈ ရက် ၇ လပိုင်း အထိ ၂ လကြာအောင် ရန်ကုန် တွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ကြလေသည်။ ထို ၈ ရက်နေ့ တွင် ၀န်ကြီး မဟာမင်းခေါင် နှင့် ၀န်ထောက်မင်းကြီး နော်ရထာ တို့သည် ကမာရွတ် တိုက်ပွဲ တွင် ကျရူံးရလေသည်။ ကြည့်မြင်တိုင်ခံတပ်လည်း ကျရူံးရလေ၏။

ဗြိတိသျှ တပ်များ ကြည့်မြင်တိုင် ခံတပ်ကို ထိုးဖောက် နေပုံ
မင်းကြီး နှစ်ပါး ကျရူံးကြောင်း သတင်းကို နေပြည်တော်ထံ ပေးပို့ရာ သာယာဝတီမင်းသားမှ ဘကြီးတော်မင်းကြီး  အား မိမိ ကို ဦးဆောင်ခွင့်ပြု ရန် အတန်တန်လျှောက်တင်တော့မှ ဘုရင်လည်း ခွင့်ပြု လေသည်။ အနောက်စစ်မြေပြင် ရှိ  တပ်များကို ဆုတ်ရန် အမိန့်သည် မဟာဗန္ဓုလ တို့ထံ ၇ လပိုင်း ၂၆ ရက်နေ့တွင် ရောက်လေ၏။ ထိုအမိန့် နှင့် အတူ  မဟာဗန္ဓုလ ကို သတိုးမင်းကြီး ဘွဲ့ပါ ထပ်မံ အပ်နှင်းလိုက်ပြီး စစ်တကောင်းမြို့ ကိုပါ အစားပေးလေသည်။

မဟာဗန္ဓုလ သည် အမိန့်ရသည် နှင့် အလျင်အမြန် တပ်ကို ပြန်လည် စုရုံးပြီး ရခိုင်မှ အပြင်းချီတက်လေသည်။ ထိုလ သည် မုတ်သုန် မိုးအလွန်များသော လဖြစ်ပြီး ခရီးလမ်းမှ ပိုမို ကြမ်းတမ်းလေသည်။ ပုံမှန်အားဖြင့် ၃ လ ကြာ ချီတက်ရမည့် ခရီးကို  မဟာဗန္ဓုလ သည် ၁ လ ခရီးဖြင့် ဆင်ဖြူ ကျွန်းမြို့ ကို ၉ လပိုင်း ၂၀ ရက်နေ့ တွင် ရောက်လေသည်။

ထိုမှတဆင့် ဟံသာဝတီ စစ်ကြောင်း ဖြင့် ရန်ကုန်သို့ အပြင်းခရီးနှင်လေသည်။ သာယာဝတီမြို့ တွင်လည်း သာယာဝတီမင်းသားမှ  မဟာဗန္ဓုလ ၏ စစ်ကြောင်း နှင့် ပေါင်းရန် စစ်အင်အားအလုံးအရင်းဖြင့် စောင့်နေလေသည်။  မဟာဗန္ဓုလ သည် သာယာဝတီမင်းသား တပ်နှင့် ပူပေါင်းပြီး ရန်ကုန်အပြင်ဘက်တွင် အင်အား ၃ သောင်း ကျော်ဖြင့် အင်္ဂလိပ်များကို တိုက်ခိုက်ရန် ပြင်ဆင်လေသည်။ ဘုရင့်အမိန့်အရ  မဟာဗန္ဓုလ သည် စစ်အားလုံးကို ကွပ်ကဲ ရသော စစ်သူကြီး ဖြစ်သည်။ ထိုပြင်  မဟာဗန္ဓုလ သည် မယ်နု တို့၏ အုပ်စု ဖြစ်ရာ သာယာဝတီမင်းသား ၏ အတိုက်အခံ ဖြစ်၏။

ထို့ကြောင့် စစ်ဆွေးနွေး ပွဲတွင် သာယာဝတီမင်းသား ၏ တင်ပြချက် များကို  စစ်သူကြီး မဟာဗန္ဓုလ တို့ အုပ်စုမှ လက်ခံ ခြင်း မရှိပေ။ ထိုသို့ ခေါင်းဆောင်ပိုင်းတွင် မိမိတို့၏ ခံစားချက်များကို ထိပ်တန်း တင်ခြင်းသည်လည်း ကျရူံး မည့် ခြေလှမ်း တရပ်ဖြစ်၏။ ကုန်းဘောင်တပ်သည် အင်အား ၃ သောင်း ရှိသော်လည်း စစ်သုံး သေနတ် များကို အင်အား ၁ သောင်း သာ ကိုင်နိုင်သည်။ ထိုသေနတ်သည်လည်း ခေတ်မမှီသော သေနတ် ဖြစ်လေ၏။ အမြှောက်များသည် အမြှောက်အဆံအလုံးများကို ပစ်ခတ်နိုင်သော်လည်း ဗြိတိသျှ တို့၏ အမြှောက်မှာ ပေါက်ကွဲစေနိုင်သော အမြှောက်ဆံများကို ပစ်ခတ်နိုင်သည်။ ထိုပြင် တခါမှ မသုံးသေးသော လက်နက်အသစ်အဆန်းများကိုလည်း ဗြိတိသျှ တို့ ဘက်မှ အပြည့်အစုံ တပ်ဆင်ထားပြီး  မဟာဗန္ဓုလ တို့၏ တပ်မကို ဖြိခွဲ ရန် အသင့်ဖြစ်နေတော့သည်။

သာယာဝတီမင်းသားသည်  မဟာဗန္ဓုလ နှင့် ရန်ကုန်သို့ လိုက်ပါခြင်း မရှိတော့ဘဲ သာယာဝတီမြို့ ကို ဗဟိုပြု ပြီး ပန်းလိုင်ကျွန်း တွင် ခံတပ်၊ လိုင်မြစ်ပေါက် ထန်းတစ်ပင်ဝ ခံတပ်၊ ကျိုက်ကလိုဘုရားခံတပ် အစရှိသည့် ခံတပ် ၃ တပ် ကို တည်ဆောက်ကာ အင်္ဂလိပ်ကို ခုခံရန် ပြင်ဆင်ထား၏။ အင်္ဂလိပ်တို့လည်း သာယာဝတီမင်းသား ခံတပ် ၃ တပ် ကို ကွပ်ကဲကြောင်း သတင်းရလျှင် ရန်ကုန်မြို့တွင်းမှ ထွက်ပြီး ကျိုက်ကလိုခံတပ်ကို လာရောက် တိုက်ခိုက်လေ၏။ သို့သော် သာယာဝတီမင်းသား ကိုယ်တိုင် လာရောက် ကွပ်ကဲပြီး ခုခံသဖြင့် အင်္ဂလိပ်တို့ အရေးနိမ့်ကာ ဆုတ်ခွာသွားရလေသည်။

စစ်သူကြီး  မဟာဗန္ဓုလ လည်း ရန်ကုန်မြို့ တွင်းရှိ အင်္ဂလိပ်များကို ရက်ပေါင်းများစွာ စွန့်စွန့်စားစား တိုက်ခိုက်၏။ သို့သော် ခံတပ်အနား ရောက်လျှင် အင်္ဂလိပ်များမှ အမြှောက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သဖြင့် မကပ်နိုင်ဘဲ ဆုတ်ရလေ၏။ ထိုသို့  မဟာဗန္ဓုလ တပ်များ ဆုတ်လျှင် အင်္ဂလိပ်ဘက်မှ ခြေလျင်တပ်သား အမြောက်အများ ဖြင့် လိုက်တိုက် ရာ  မဟာဗန္ဓုလ သည် ဓနုဖြူ မြို့ အထိ ဆုတ်ခွာရလေသည်။

                      စစ်သူကြီး  မဟာဗန္ဓုလ

ဓနုဖြူ ခံတပ် တွင် ရက်ပေါင်း ၃၀ ကြာအောင် အင်္ဂလိပ်များကို ခုခံခဲ့သည်။ အင်္ဂလိပ်တို့သည်  မဟာဗန္ဓုလ ဦးဆောင် သော ခံတပ်ကို မထိုးဖောက်နိုင်ပေ။ ပဲခူးမြို့ ၊ပြည်မြို့ ၊ပုသိမ်မြို့ များကိုလည်း ခံတပ်မြို့ အဖြစ် ပြောင်းလဲကာ အင်္ဂလိပ်များကို ခုခံတိုက်ခိုက် ရစေသည်။ ရှမ်းပြည်တလွှားမှ ရှမ်းစော်ဘွားများ ဦးဆောင်သော စစ်ကူများသည် ၁၈၂၅၊ ၁ လပိုင်း ၁၀ ရက်နေ့တွင် အင်းဝနေပြည်တော်သို့ ရောက်ရှိလာပြီး ထိုမှတဆင့် အတွင်းဝန်မင်း မဟာဥဇနာ ဦးဆောင်ကာ မဟာဗန္ဓုလ ရှိရာသို့ အင်အားအလုံးအရင်း ဖြင့် တပ်အား ဖြည့်ကြရလေသည်။

အင်္ဂလိပ်တပ်များသည် ဓနုဖြူ ခံတပ်ကို ၃ လတိုင်အောင် တိုက်သော်လည်း မထိုးဖောက်နိုင်ခဲ့ပေ။ ထိုအချိန်တွင် ကုန်းဘောင် သမိုင်း၊ မြန်မာသမိုင်း တွင် အစားထိုးလို့မရနိုင်သော အပြောင်းအလဲ တခု ဖြစ်ပေါ်ခဲ့သည်။ စစ်သူကြီး  မဟာဗန္ဓုလ အမြှောက်ဆံ မှန်ခြင်းဖြစ်သည်။ ဖြစ်ပုံမှာ ဗိုလ်ကြီး သီဟကျော်ခေါင် နှင့် သီဟရဲထင် တို့ကို အင်္ဂလိပ်တို့ ဖမ်းဆီး မိပြီး  မဟာဗန္ဓုလ ရှိနိုင်မည့်နေရာ ကို စစ်ဆေးမေးမြန်း ၏။ သိရသော အခါ အမြှောက်ကြီးဖြင့် ထိုနေရာ ကို အဆက်မပြတ် ပစ်ခတ်သဖြင့်  မဟာဗန္ဓုလ သည် ဗုံးဆံမှန်ကာ စစ်ပွဲတွင် ကျရူံးရလေသည်။ စစ်သူကြီး  မဟာဗန္ဓုလ ကျရူံးသည့် နေ့မှာ ၁၈၂၅၊ ၄ လ၊ ၁ ရက်နေ့ ဖြစ်လေသည်။ ကျရူံးသော် ထုံးစံအတိုင်း ချက်ခြင်း မီးသဂြိလ်ကြလေ၏။ ( မှတ်ချက်။ ။ တချို့ မှတ်တမ်းတွင်  မဟာဗန္ဓုလ သည် မိမိ၏ တပ်သားများ အားတက်စေရန် စစ်ဝတ်တန်ဆာ အပြည့်အစုံဖြင့် ရွှေထီးမိုးကာ လိုက်လံ အားပေးနေစဉ် အင်္ဂလိပ်တို့ အဝေးမှ မြင်သဖြင့် အမြှောက်ဖြင့် လှမ်းပစ်ရာ ကျရူံးကြောင်း ရေးသားကြ၏။)

စစ်သူကြီး  မဟာဗန္ဓုလ ကျရူံးကြောင်း သတင်းသည် တပ်အနှံ ပြန့်သွားရာ တချို့ တပ်သားများ စိတ်ဓါတ်ကျကာ ပြေးကြကုန်၏။ အတွင်းဝန်မင်းကြီး မဟာမင်းလှရာဇ မှ ရနိုင်သမျှ စစ်သား များကို စုရုံး ကာ  မဟာဗန္ဓုလ ၏ အရိုးအိုး ဖြင့် ဓနုဖြူ မှ ဆုတ်ခွာလာလေသည်။ ဓည၀တီမြို့ ကို လည်း မြန်မာကို မလိုလားသော အုပ်စု များမှ ပုန်ကန်ကြကာ တိုက်ခိုက်ကြလေသည်။ စစ်ကူအဖြစ် ချီတက်လာသာ အတွင်းဝန်မင်း မဟာဥဇနာ လည်း ပြည်မြို့  ရောက်သော် စစ်သူကြီး  မဟာဗန္ဓုလ အကြောင်း သိရသဖြင့် နေပြည်တော်သို့ သတင်းပို့လေသည်။ နေပြည်တော်မှ တပ်များကို စနစ်တကျ စုရုံးပြီး အင်္ဂလိပ်များကို ခုခံ ရန် အမိန့်တော် ပြန်လေသည်။

ဒွာရာဝတီမင်းသား ဦးဆောင်သော တပ်အင်အား ၃ သောင်း ရှိသော ဟံသာဝတီ စစ်ကြောင်း မှ မလွန်မြို့တွင် ခံတပ်ဆောက်ကာ၊ မြေထဲမြို့ ၊ မြစ်ကိုင်းမြို့  များကို ခံတပ်အသီးသီး ဆောက်ပြီး အင်္ဂလိပ်တပ်များကို ခုခံခဲ့သည်။ ၁၈၂၅၊ ၆ လပိုင်း၊ ၁၀ ရက်နေ့ တွင်  အင်္ဂလိပ်ဘက်မှ စစ်ပြေငြိမ်းရန် အရင်ဆုံး ကမ်းလှမ်းလာလေသည်။ အင်းဝဘက်မှ ဒွာရာဝတီမင်းသား ဦးဆောင်ပြီး၊ အတွင်းဝန်မင်းကြီး ၂ ပါး၊ အရာရှိ များစွာဖြင့် ဆွေးနွေးကြရာ အဖြေမထွက်နိုင်ခဲ့ပေ။

အင်္ဂလိပ်နှင့် ကုန်းဘောင် စစ်ပွဲ သည် ၁၀ လကြာအောင် ဖြစ်ပွားခဲ့ပြီး အင်္ဂလိပ်ဘက်မှ တဖြည်းဖြည်းခြင်း ရှေ့သို့ ချီတက်လာနိုင်ရာ နောက်ဆုံး အင်းဝနေပြည်တော်မှ ၄ ရက်ခရီး ဖြင့် ရောက်သော ရန္တပိုရွာ သို့ ရောက်ရှိလာခဲ့လေသည်။ ထိုရွာ ရောက်မှ အင်းဝလွှတ်တော်ရှိ မှူးမတ်များ နှင့်တကွ ဘကြီးတော်ဘုရား တို့သည် မြန်မာတို့ စစ်ရူံးကြောင်းကို လက်ခံ ခဲ့လေသည်။ သဘောမတူနိုင်သ်ာလည်း အင်္ဂလိပ်တို့ တောင်းဆိုသော အချက်များကို လိုက်လျောခဲ့ရလေသည်။ ရန္တပို စာချူ ပ်များထဲမှ အရေးကြီးသော အချက်များမှာ -

၁. ဗြိတိသျှ အား ရခိုင်(အာရကန်)၊ တနင်္သာရီ၊ မဏိပူရ နှင့် အာသံ နယ်များကို ပေးအပ်ရန်
၂. ကချာ နှင့် ဂျိမ်းရှ နယ်များကို မထိပါးရန်
၃. လျော်ကြေးငွေ ပေါင် စတာလင် တစ်သန်း  ကို လေးရစ်ခွဲပေးရန် ( ထိုခေတ် မြန်မာငွေအရ ငွေဒင်္ဂါး ၁၀ သန်း ကျ သင့်ပြီး၊ ထိုခေတ် က အကြမ်းအားဖြင့် ရွာသား တဦး ၀င်ငွေ မှာ တလ ငွေ ဒင်္ဂါး တပြား သာ ရှိသည်)
၎. နှစ်ပြည်ထောင် အချင်းချင်း သံအမတ်ထားရှိရန်

ထိုအချက်များကို အင်းဝဘက်မှ လိုက်လျောခဲ့ရသည်။ ဘကြီးတော်ဘုရားသည် ပထမ အင်္ဂလိပ်ကျူးကျော် စစ်ပွဲ အပြီးတွင် စိတ်ဓါတ်အလွန်အမင်း ကျဆင်းသွားခဲ့ရသည်။ အလောင်းမင်းတရားလက်ထက်မှ စတင်ခဲ့သော ကုန်းဘောင်အင်ပါယာသည် မိမိလက်ထပ်တွင် ပြို လဲ သွားရသဖြင့် မစားနိုင်မသောက်နိုင် ဖြစ်ပြီး၊ တခါတရံ လသာဆောင်မှ အဝေးသို့ စကားမပြောဘဲ အချိန်ကြာမြင့်စွာ ငေးမော နေသဖြင့် ဘကြီးတော်ဘုရား ရူးသွားပြီဟု ကောလဟလ များ ထွက်ပေါ်လာလေတော့သည်။

ဘကြီးတော်ဘုရား သည် တိုင်းရေးပြည်ရေးများကို လုံးဝ လှည့်ကြည့်ခြင်း မရှိတော့ပေ။ ထိုစစ်ပွဲ အပြီး မယ်နု နှင့် မောင်အိုတို့သည် ဘုရင်အာဏာကို လုံးဝ ရရှိသွားသကဲ့သို့ ဖြစ်လေတော့သည်။ စစ်ပွဲကြောင့် မယ်နု နှင့် မောင်အိုကို ပြည်သူများစွာ ရွံမုန်းကြတော့သည်။ ယခင်က မယ်နု နှင့် မောင်အို ကို မုန်းတီးသူများမှာ နန်းတော် အတွင်းရှိ ဆွေတော်မျိုးတော် သာဖြစ်သည်။ သို့သော် စစ်ပွဲပြီးဆုံးသွားသည့်အခါ ပြည်သူများ က မယ်နု နှင့် မောင်အို တို့ကြောင့် စစ်ရူံးကြောင်း ပြောဆိုလာကြပြီး ရွံမုန်းလာကြသဖြင့် အဖတ်ဆယ် ရန် မယ်နု သည် ရဟန်းတော်များကို ရက်ရက်ရောရော ဒါန များစွာ ပြု လုပ်လာလေ၏။

ရဟန်းတော်များအတွက် ကျောင်းဆောင်များစွာ ကိုလည်း ဆောက်လုပ်လှူ ဒါန်းလေ၏။ ထိုပြင် ပြည်သူများ ချစ်ခင် သည့် စကြာမင်းသား လေး နှင့် မိမိ၏ သမီးတော်ကို လက်ဆက်စေလေသည်။ သို့သော် စကြာမင်းသား ကို အိမ်ရှေ့စံအဖြစ် မအပ်နှင်းပေ။ ဘကြီးတော်ဘုရားသည် တချိန်လုံး ငေးမော နေသဖြင့် အရာကိစ္စအားလုံး မယ်နု နှင့် မောင်အို သာ ဆုံးဖြတ်ကြလေသည်။

ဓနုဖြူ မြို့ ရှိ စစ်သူကြီး မဟာဗန္ဓုလ အုတ်ဂူ
ထို အင်္ဂလိပ် နှင့် ကုန်းဘောင် အင်ပါယာ ၏ ပထမဆုံး တိုက်ပွဲသည် မြန်မာ့သမိုင်းတွင် အကြာဆုံးသော ကျူးကျော်စစ်ပွဲ ဖြစ်သည့်အပြင် ငွေကြေးအရ တန်ဖိုးအကြီးဆုံး တိုက်ပွဲ ဖြစ်ခဲ့သည်။ ဗြိတိသျှ ဘက်မှ စတာလင်ပေါင် ၁၃ သန်း ( အကြမ်းအားဖြင့် ယခုခေတ် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ ) ကုန်ကျခဲ့ပြီး ထိုစစ်ပွဲ ကြောင့် အိန္ဒိယ တွင် စီးပွားရေး ကပ်ဆိုက်မူ ဖြစ်ပေါ်ခဲ့သည်။

မြန်မာဘက်တွင်လည်း ထိုခေတ်အရ သိက္ခာအကြီးအကျယ် ကျခဲ့ပြီး ( ကုန်းဘောင်မင်း များသည် အလွန်ဘုန်းကံကြီးသော မင်းအဖြစ် ထင်မှတ်ကြပြီး အိမ်နီးချင်း နိုင်ငံများနှင့် တိုက်သော စစ်ပွဲ တိုင်း နိုင်သဖြင့် မိမိကိုယ်ကို အလွန်အထင်ကြီးကြကုန်၏) မိမိတို့ တိုင်းပြည် စီးပွားရေး လည်း ယခင်ထက်ပိုပြီး ကျဆင်းခဲ့သည်။ သို့သော် ထိုသို့ အဘက်ဘက် ချွတ်ချုံ ကျဆင်းနေသည့်ကြားမှ သာယာဝတီမင်းသည် နေပြည်တော်ထပ်မံ ပြောင်းခဲ့သေး၏။

စစ်သူကြီး မဟာဗန္ဓုလ ၏ ဘွဲ့သည် အဂ္ဂမဟာ သေနာပတိ၊ သတိုးမဟာ ဗန္ဓုလ၊ နေမျိုးသူရ ရဲခေါင် ဖြစ်ပြီး သူ၏ သမိုင်းဝင် နောက်ဆုံးပြောခဲ့သော စကားမှာ -

ကျွန်ုပ်တို့သည် တိုက်ပွဲတွင် ရှုံးကောင်းရှုံးမည်။ ဤအရာသည် ကျွန်ုပ်တို့၏ ကံကြမ္မာဖြစ်သည်။ ကျွန်ုပ်တို့ အကောင်းဆုံးတိုက်ခိုက်ကြပြီး ကျွန်ုပ်တို့၏ အသက်များကို ပေးဆပ်ကြမည်။ မည်သို့ ပင်ဖြစ်စေ သတ္တိနှင့် တိုက်ခိုက်မှုစွမ်းရည် ကင်းမဲ့သည့်အတွက် တိုက်ပွဲရှုံးနိမ့်ရခြင်း ကြောင့် ဂုဏ်သိက္ခာမဲ့ခြင်းနှင့် အရှက်ရခြင်းကို ကျွန်ပ်မခံစားနိုင်ပါ။ မြန်မာတို့ တိုက်ပွဲရှုံးနိမ့် ရခြင်းမှာ သူတို့၏အကြီးအကဲ တပ်မှူးချုပ်ကိုဆုံးရှုံးရခြင်းကြောင့်ဖြစ်ကြောင်း သူတို့အား သဘော ပေါက်ပါ စေ။ ဤအရာသည် အမြဲတည်ရှိနေမည့် မြန်မာတို့၏ တိုက်ခိုက်မှုစိတ်ဓာတ်ကို သက်သေပြ လိမ့်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများအလယ်တွင် ကျွန်ုပ်တို့တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာ နှင့် ခမ်းနားထည်ဝါခြင်းကို ပို၍ ပြည့်စုံစေလိမ့်မည်ဖြစ်သည်။

မူရင်း သမိုင်းပုံရိပ်

No comments:

Post a Comment