Sunday, November 19, 2017

မွန်အမတ်သူရဲကောင်း သမိန်ဗရမ်း (ပထမ သမိန်ဗရမ်း)

မွန်အမတ်သူရဲကောင်း သမိန်ဗရမ်း
(ပထမ သမိန်ဗရမ်း)
၇၇၆ ခုတွင် ဘုရင်မင်းခေါင် စံနေသော အင်းဝကို တရုတ်တို့ ဝန်းရံလေ၍ တစ်လခန့်ရှိသော် တရုတ်တို့က ဤသို့ စေလာ၏။ " ငါတို့ အလိုရှိသော မော်တုံ မော်ကယ်စားနှင့် သားမယားတို့ကိုလည်း မပေး ၊ ထွက်၍လည်းမတိုက် နေသည်။ သို့ဖြစ်သော် ငါတို့ မြင်းစီးချင်း တိုက်စေမည်။ ငါတို့ရှုံးလျှင် ပြန်မည်။ ငါတို့နိုင်သော် မော်တုံ မော်ကယ်စားတို့ကို ပေးပါတော့ " ဟု ဆိုလာ၏။
ထိုအခါ၌ မြန်မာသူရဲကောင်းတို့သည် သားတော် မင်းရဲကျော်စွာနှင့် မွန်ပြည်မှာချည်း နေလေသည်။ မင်းရဲကျော်စွာက ရ၍ ဆက်လိုက်သော မွန်သူရဲကောင်း သမိန်ဗရမ်းသာ ရှိ၏။ သမိန်ဗရမ်းကား လက်ဖျံရိုးတစ်လုံးတည်း ရှိ၍ အလွန်သန်မာသန်စွမ်း အတိုက်အခိုက် ကျင်လည်စွာ ရှိ၏။
ဘုရင်မင်းခေါင်က ထိုသမိန်ဗရမ်းကိုပင် စီးချင်းတိုက်ရန်အတွက် စုံစမ်းသော် " ကျွန်တော်သည် ယခု သံခြေချင်းနှင့် ဆင်းရဲကျဉ်းမြောင်းစွာ နေရ၍ ပင်ပန်းနွမ်းနယ်သော်လည်း တစ်ယောက်ချင်းတိုက်ရာ၌ လာလိုသူလာစေ ၊ မရှောင်ပါ ၊ တိုက်ပါမည် " ဟု လျှောက်၏။ ထိုအခါမှ ခေါင်းဆေး ၊ ကျွေးမွေး ၊ အဝတ်အစား ပေးပြီးသော် " တရုတ်သူရဲကို နိုင်လျှင် ကြီးစွာသော ချီးမြှောက်ခြင်းကို ပြုမည် " ဟု မိန့်တော်မူ၏။
ဘုရင်မင်းခေါင်လည်း အင်းဝတွင်ရှိသမျှ မြင်းတို့ကို ယူ၍ ပြသည်။ တစ်စီးမျှ သမိန်ဗရမ်း မကြိုက်လေ။ နောက်မှ ကျုံးနားတွင် စားနေသော မြင်းနီမန်ကျည်းစေ့ရောင် တစ်စီးကို မြင်မှ ကြိုက်၍ယူပြီးလျှင် အကျိုးအကြောင်း သိအောင် ခုနစ်ရက် စီးနင်းပြီးသော် ယောက်ျားကောင်းချင်း တွေ့စေရမည်ဟု စေလ၏။
တရုတ်ဘက်မှ သူရဲကောင်း ဂါမဏိသည်လည်း မြင်းနီကြီးကို ရွှေကထိုး၍ ရွှေကုန်းနှီးတင်၍ စီးသည်။ သံချပ်ဝတ်သည် ၊ မျက်နှာမည်းဓားကို ပတ္တမြား အပြည့်စီ၍ စွဲသည်။ ရွှေလှံအောင်း ခုနစ်ဆင့်နှင့် ကိုင်သည်။ နတ်မြင်းသည်နှင့် အတူ တင့်တယ်၏။
ချိန်းချက်သည့် အခါကျသော် ဘုရင်မင်းခေါင်သည် စီးတော်မူသည့် ပတ္တမြား က နှင့် လက်သုံးတော် ပတ္တမြားဓားကို ပေးတော်မူ၍ ကျောသပ် လက်သပ် ပြုကာ " ငါ့သား သည်တစ်ခါ သတိဝီရိယနှင့် နိုင်အောင်တိုက်ပါ " ဟု မိန့်တော်မူ၏။ သမိန်ဗရမ်းကလည်း " နိုင်ပါစေမည် ၊ ကျွန်ုပ် ထိုး၍ကျလျှင် ခေါင်းကို ချွန်းနှင့် ချိတ်ငင် ဖြတ်ယူပြီးသော် ခြင်းတွင် ထည့်ယူလာပါမည်။ ချိတ်စရာချွန်းနှင့် ထည့်စရာခြင်း ပေးတော်မူပါ " ဟု လျှောက်၏။ မြန်မာတို့ကြားသော် " ယုန်မရခင်က သံပရာရှာသော " ဟု ပြက်ရယ်ပြုကြ၏။
ကြည့်ရှုသူ ရဟန်းရှင်လူ ၊ ကျား မ ကြီးငယ်တို့သည် သောသောရုတ်မျှ အလွန်များပြားကုန်၏။ နှစ်ဦးဆိုင်မိကြသော် သမိန်ဗရမ်းက " ငါတို့ နှစ်ယောက်မှာ သူရဲကောင်းများ ဖြစ်ကြသည်။ ခြေကာလက်ကာ စနောင့်စနင်း မပြုနှင့် ၊ အများ ကြည့်ပါစေ " ဟု ဆို၏။
ပြီးလျှင် သမိန်ဗရမ်းသည် ကိုယ်ကိုချုံ့၍ မြင်းအမြန်စီးသည်။ နောက် ရပ်၍စီးသည်။ နောက်လက်နှစ်ဖက်ကို ဖြန့်၍စီးသည်။ ဂါမဏိလည်း အလုံးစုံတု၍ စီးသည်။
ဤသို့စီးကြရာ တရုတ်သူရဲတွင် ချပ်ဝတ်ကြိုး ပြတ်နေသည်ကို သမိန်ဗရမ်း မြင်တွေ့လျှင် " ငါတို့နှစ်ယောက် စီးကြသည်မှာ သုံးကြိမ်ရှိပြီ ၊ ယခုသော် အနိုင်ပြုကြရတော့မည် " ဟုဆိုကာ လှံနောက်ကိုထားလျက် လက်တစ်ဖက်ဆန့်၍ စီးသည်။ ဂါမဏိလည်း လက်ကိုဆန့်၍ လိုက်၏။ ဤသို့အားဖြင့် သမိန်ဗရမ်းသည် အပါးသို့ရောက်လျှင် မြင်းကို ရုတ်တရက်လှည့်၍ လက်ယာကို ပတ်သောအခါ တရုတ်သူရဲက ဓားကိုမြှောက်၍ ခုတ်မည်မိုးရာတွင် ဆန့်သည့်လက်အောက် ချပ်ကြိုးပြတ်နေသည့်နေရာ၌ နံစပ်အသားလေးသစ်ခန့် လပ်သည်ကို သမိန်ဗရမ်းက လှံဖြင့် ထိုးလိုက်လေသည်။ လက်ဝဲကသည် လက်ယာသို့ဖောက်၍ ကျလေ၏။
သမိန်ဗရမ်းလည်း အကောင်ကို ချွန်းနှင့်ချိတ်ယူ ခေါင်းကိုဖြတ်၍ ခြင်းတွင်ထည့်ယူခဲ့၏။
ဘုရင်မင်းခေါင်လည်း အလွန်အားရတော်မူ၍ ဆုလာဘ်များစွာ ပေးပြီးသော် တရုတ်ရာဇသူ သမီးအငယ်နှင့် စုံဖက်တော်မူ၍ မင်းညီမင်းသားတို့ အဆောင်အရွက်နှင့် လယ်ကိုင်းမြို့ကို ပေးတော်မူသည်။ ပြည်သူပြည်သားတို့ ကလည်း များစွာသော ဆုလာဘ်ပေးကြကုန်၏။
တရုတ်တို့လည်း ကတိအတိုင်း ပြန်ကြလေသတည်း။
အင်းဝဘုရင် မဟာသီဟသူရ လက်ထက် ပဲခူးဘုရင် ဓမ္မစေတီ လက်ထက် ၈၃၉ ခုတွင် အင်းဝ၌ တရုတ်သူရဲကောင်းအမတ် စလုံကျော်ခေါင်နှင့် ငယ်မည် မင်းညီတုံး မည်သော သမိန်ဗရမ်းတို့ စီးချင်းတိုက်ကြသည်မှာလည်း ဤနည်းအတိုင်းပင် ဖြစ်၍ သမိန်ဗရမ်းပင် နိုင်သည်။
သမိန်ဗရမ်း နှစ်ဦး တိုက်ပွဲမှာ ၈၃၉ နှင့် ၇၇၆ ဖြစ်၍ ၆၃ နှစ် ခြားသည်။ ပထမ သမိန်ဗရမ်းမှာ ရာဇာဓိရာဇ်၏ သမက် ၊ ဥပါကောင်း လည်း ခေါ်သည်။ ဒုတိယ သမိန်ဗရမ်းမှာ ငယ်မည် မင်းညီတုံး ဖြစ်သည်။
" ဥပါကောင်းခံ ၊ ရဲအားသံ ၊ လက်ဖျံရိုးမကွဲ "
(ကဝိလက္ခဏာသတ်ပုံ)

မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာ (ဦးဖိုးကျား)

Posted by မင်းအရိပ်

Crd-Tin Maung Hlaing

No comments:

Post a Comment