Tuesday, December 19, 2017

မြင်ကွန်းမင်းသား(သီလ၀)နှင့် မြင်းခုန်တိုင်မင်းသား

၁၈၆၆-ခုနှစ်၊ သြဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် မင်းတုန်းဘုရင်နှင့် တောင်ရွှေရေးဆောင် မိဖုရားတို့က မွေးသော သားတော်ကြီးများဖြစ်သည့် မြင်ကွန်းမင်းသား(သီလ၀)နှင့် မြင်းခုန်တိုင်မင်းသား (ဖိုးထင်) နှစ်ပါးက ဦးဆောင်ပြီး လွှတ်တော်တွင် စည်းဝေးနေသော အိမ်ရှေ့ စံ ကနောင်မင်းသားကြီးကို ဥပါယ်နှင့် လုပ်ကြံခဲ့သည်။

အကြောင်းရင်း

* ကုန်းဘောင်မင်းဆက်တည်ထောင်သည့် အလောင်းမင်းတရား က `ငါ့သားကြီးများ အစဉ်အတိုင်း မင်းပြုရစ်´ဟု မှာကြားခဲ့သည့်အတိုင်း သားတော်ကြီး နောင်တော်ကြီးမင်း ကွယ်လွန်အနိစ္စရောက်သည့်အခါ ညီတော် မြေဒူးမင်း(ဆင်ဖြူရှင်)က ထီးနန်းအမွေဆက်ခံသည်။ မြေဒူးမင်းက ဖခင်မှာကြားသည့်အတိုင်း မလုပ်ဘဲ သားတော် စဥ့်ကူးမင်းကို အိမ်ရှေ့အရာပေးသည်။ စဥ့်ကူးမင်းနေပြည်တော်မရှိခိုက် ဖောင်းကားစား မောင်မောင်က ထီးနန်းလုသည်။ ဖောင်းကားစား မောင်မောင်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)ကမှူးမတ်အကူအညီဖြင့် တိုက်ခိုက်အောင်နိုင်ပြီး ထီးနန်းသိမ်းပိုက်သည်။

ဘိုးတော်ဘုရားသည်  မြေးတော် ဘကြီးတော်(စစ်ကိုင်းမင်း)ကို ဆက်လက်အိမ်ရှေ့စံထားသည်။ စစ်ကိုင်းမင်းကို ညီတော် သာယာဝတီမင်းက ပုန်ကန်ပြီး နန်းတက်သည်။ သာယာဝတီမင်း၏ ထီးနန်းအမွေကို သားတော် ပုဂံမင်းက ဆက်ခံသည်။ ပုဂံမင်းကို မင်းတုန်းမင်းနှင့် ကနောင်မင်းသားက တော်လှန်ကာ မင်းတုန်းမင်း နန်းတက်သည်။

မင်းတုန်းမင်းသည် သားတော်များကို ထားပြီး ညီနောင်ကနောင်မင်းကို အိမ်ရှေ့စံ အဆောင်အယောင်များ အပ်နှင်းသည်။  အိမ်ရှေ့စံ ကနောင်မင်းသား၏ နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်နေမှုကို နယ်ချဲ့အင်္ဂလိပ်တို့က မလိုလားကာ မြင်ကွန်းမင်းသားညီနောင်များအား သွေးထိုးပေးသည် ။
ကနောင်မင်းသား၏ သမီးတော် တောင်ညိုမင်းသမီးနှင့် လက်ထပ်ခဲ့သဖြင့်
သမက်တော်စပ်သည်။

မြင်ကွန်းမင်းသားသည် မင်းတုန်းမင်း အမရပူရမြို့၊ အိမ်နိမ့်စံအဖြစ် စံတော်မူစဉ် ရွှေရေးဆောင်မိဖုရားမှ ဖွားမြင်တော်မူသော သားတော်ဖြစ်သည်။ ငယ်နာမည်မှာ မောင်မျိုးအေးဖြစ်ပြီး ပထမဆုံးရသောဘွဲ့တော်မှာ သီလ၀ ဖြစ်သည်။ မြင်ကွန်းမင်းသားသည် ပုဂံမင်းလက်ထက်ကပင် သတိုးမင်းလှကျော်စွာဘွဲ့နှင့် မတဲးမြို့ကို စားရ၏။ ခမည်းတော် မင်းတုန်းမင်း နန်းတက်သောအခါ သုမဟာသီရိဓမ္မရာဇာဘွဲ့နှင့် မြင်ကွန်းမြို့ကို စားရသောကြောင့် မြင်ကွန်းမင်းသားဟု ခေါ်ဆိုကြလေသည်။

မင်းတုန်းမင်း၏ သားတော်များတွင် အသက်အားဖြင့် အကြီးဆုံးဖြစ်သည်။ သတ္တိဗျတ္တိ အကောင်းဆုံးနှင့် စိတ်ဓာတ်အားဖြင့် အထက်ဆုံးဖြစ်ပြီး ညီတော်၊ နှမတော်များကိုလည်း ချစ်ခင်သောကြောင့် ညီတော်၊ နှမတော်အားလုံးက အထူးပင် ချစ်ကြောက်ရိုသေရလေသည်။

* တစ်နေ့၌ မြင်ကွန်းမင်းသားညီနောင်တို့သည် ငယ်ကျွန်များနှင့်တကွ ဥယျာဉ်တော်ထဲတွင် ကစားနေကြသည်။ အကစားလွန်ပြီး မိုးချုပ်သွားသောအခါ အိမ်တော်၌လည်း အစောင့်မကျန်ရစ်ခဲ့သဖြင့် ထမင်းဟင်းချက်ပြုတ်ထားမည့်သူ မရှိဘဲ ဖြစ်နေလေသည်။ ထိုအခါ မြင်ကွန်းမင်းသားညီနောင် နှစ်ပါးသည် ကျုံးတော်အနီး၌ မြက်စားနေကြသော ဘုရင်၏ မင်္ဂလာနွားဖြူ တစ်ရှဉ်းလုံးကို ဖမ်း၍သတ်ကာ ချက်ပြတ်၊ ကြော်လှော်ပြီး စားသောက်လိုက်ကြသည်။

ကြံစည်ကြပုံ

မြင်ကွန်းမင်းသားသည်  ညီတော်မြင်းခုန်တိုင်မင်းသားနှင့်  ပုန်ကန်ပြီး ထီးနန်းသိမ်းပိုက်ရန် ကြံစည်သည်။  ရတနာပုံနေပြည်တော်ရှိ အင်္ဂလိပ်ကိုယ်စားလှယ်များက ကနောင်မင်းသားမရှိလျှင် ခေတ်မီရေးလုပ်ငန်းများ ရပ်စဲကုန်လိမ့်မည်ဟု အင်္ဂလိပ်တို့က ယုံကြည်ကြပုံပေါ်သည်။ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ဦးပုည တွက်ချက်ပေးသော အခါတော်အတိုင်း လှုတ်ရှားရန် ပြင်ဆင်ကြသည်။

ဖြစ်ပွားပုံ

သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော်(၇)ရက်၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ သြဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် အိမ်ရှေ့စံ ကနောင်မင်းသားသည် ယာယီလွှတ်တော်အနီးရှိ တဲကြီးအတွင်း၌ မြတောင်ဝန်ကြီးဦးမှို၊ ပခန်းဝန်ကြီး ဦးရန်ဝေး တို့နှင့်အတူ သဿမေဓကိစ္စများကို တိုင်ပင်ဆွေးနွေးနေသည်။

မင်းတုန်းမင်းတရားကြီးမှာ တောင်နန်းမတော် မိဖုရားနှင့်အတူ မဟာလောကမာရဇိန် ဘုရားပရိဝှဏ်တော်အတွင်း၌ ပါဠိပိဋကတ်တော်များ ကျောက်ထက်အက္ခရာတင်ရာတွင် ကြီးကြပ်ရန် စီစဉ်နေသည်။ မင်းတရားနှင့်အတူ သားတော်မက္ခရာမင်းသား၊ အနောက်ဝန်ရပ်စောက်မြို့စား၊ လှိုင်းတက်မြို့စား၊ ဘုန်းတော်ဖြစ်သေနတ်ဗိုလ်၊ ကိုယ်ရံတော်၊ စားတော်ကွမ်း၊ ရေထီးဓားလက်စွဲ စသည့် နောက်လိုက်ငါးဆယ်ခန့်တို့ လိုက်ပါရန် ပွဲတော်ဆောင်မှ စံနန်းတော်အနောက်တံခါးဆီသို့ ထွက်လာကြသည်။

နန်းတော်ဝင်းနှင့် ကပ်လျက်ရှိ မြင်ကွန်းမင်းသားဝင်းတွင် ငဖြူသီး၊ ဇော်ဂျီဗိုလ် အစရှိသော မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့၏ နောက်လိုက် (၅၀)ခန့်မှာ အရက်သေစာ သောက်စားရင်း ရဲဆေးတင်နေကြသည်။

မွန်းတက်ချိန့် ရောက်သည်နှင့် တောင်ပြင်ဟော်ကုန်းဘက်တွင် စောင့်နေသူတို့က မီးရှို့အချက်ပေးသည်။ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ရန်ဖြစ်လေဟန် အကွက်ဆင်ပြီး  မြင်ကွန်းမင်းသားသည် ဓားကိုင်ကာ ခုတ်မည့်ဟန်ဖြင့် မြင်းခုန်တိုင်မင်းသားနောက်မှ လိုက်သည်။  အသက်ဘေးမှ လွတ်အောင်ပြေးသည့်ဟန်ဖြင့် ပြေးလာရင်း လွှတ်တော်အနီးသို့ ရောက်သည့်အခါ `ဘထွေးတော် ကယ်တော်မူပါ´ ဟု အသံကုန်အော်သည်။

ကနောင်မင်းသားသည် မင်းသားညီနောင်တို့ ရန်ဖြစ်နေကြပြီဟု မှတ်ထင်ပြီး တားရန်ကြိုးစားသည်။ သို့သော်  ဓားကိုင်၍၀င်လာသော မူမမှန်ပုံကို သတိပြုမိသွားသည်။ ၀င်လာပုံမှာ မရိုးသားဟု အိမ်ရှေ့စံ ကနောင်မင်းသား စဉ်းစားမိသွားသည်။ မင်းသားညီနောင်တို့နောက်မှ နောက်လိုက်များ ပါလာသည်ကလည်း မသင်္ကာစရာ ဖြစ်၏။

ထိုအချိန်တွင် စုံစမ်းရန် ရှေ့သို့တိုးထွက်သွားသော မြတောင်ဝန်ကြီးဦးမှိုမှာ ပုန်ကန်သူတို့၏ ဓားချက်မိသွားလေသည်။ ကနောင်မင်းသားသည် တူတော်မောင်မင်းသားများ ရန်ရှာမည့် အစီအစဉ်ကို သိသွား၍ လွှတ်တော်ပေါ်သို့ ပြေးတက်၏။

လှေခါးအတက်တွင် မြင်ကွန်းဘက်တော်သား ငဖြူသီး မီလာပြီး ဓားနှင့်ခုတ်သဖြင့် ခြေထောက်ကို ဓားချက်ထိပြီး လဲကျသည်။ ထိုအချိန်မှာပင် မြင်းခုန်တိုင်မင်းသား ရောက်လာကာ အိမ်ရှေ့စံ ကနောင်မင်းသား၏ ခေါင်းကို ဖြတ်ယူလိုက်သည်။  မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသားတို့ကို  လိမ်ညာခေါ်ယူကာ စံနန်းတော် လက်ယာဝင်း တံခါးအပြင်၌ လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။

ဒီအရေးမှာ အိမ်ရှေ့စံ ကနောင်မင်းသား၊ မြတောင်မြို့စားသေနတ်ဝန်ကြီး၊ မလွန်မင်းသား၊ စကုမင်းသားနဲ့ ပြင်စည်မင်းသားတို့ ကျဆုံးခဲ့ကြသည်။  မြင်ကွန်း မြင်းခုန်တိုင်ညီနောင်တို့၏ နောက်လိုက်သားများသည် တံခါးနီ နန်းမြေဘုံစံနန်းတော်ကို အတင်းဝင်ကြသည်။ အရှေ့ဝင်းမှူး၊ တောင်ထားဝယ်ဗိုလ်၊ ကင်းဝန်မင်းကြီးတို့သည် စံနန်းတော်သို့ကျူးကျော်လာသော မြင်ကွန်းမင်းသားတို့အား ခုခံတိုက်ခိုက်သည်။ သူရဲဝန် `ရွှေပြည့်ရန်အောင်မြင်းဝန် သတိုးမင်းကြီး မဟာသမိန်ဘေဖြတ်စ´လည်း  ကျဆုံးရ၏။

အတွင်းဝန် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို ဓားများဖြင့်မိုးကာ ခြိမ်းခြောက်၍ သစ္စာခံစေသည်။ သူရဲဝန်၏ ကျောက်စီဓားကို ငဖြူသီးက ရလေသည်။ ဗောင်းတော်ဆောင်မာရဘင် တံခါးကိုဖျက်၍ အတင်းဝင်ရောက်လုပ်ကြံကြသဖြင့်  တောင်ဒ၀ယ်ဗိုလ်လည်း ကျဆုံးရလေသည်။ မင်းတုန်းမင်းအနီး ခစားနေသော ကင်းဝန်မဟာမင်းလှဇေယျသူမှ `ခမည်းတော်ကို မလုပ်ကြံသင့်ပါ ဘုရား´ဟုဆိုကာ ရှေ့မှစီး၍ကာကွယ်သဖြင့် မြင်းခုန်တိုင်မင်းသားလက်ချက်ဖြင့် ကင်းဝန်မဟာမင်းလှဇေယျသူမှာလည်း ကျဆုံးရလေသည်။

မင်းတုန်းမင်းလည်း  အခင်းဖြစ်သည်ဆိုသည်နှင့် နန်းတော်သို့ ၀င်ရန်ကြိုးစားသည်။ ၀င်းအပြင်သို့အရောက်တွင် မြင်ကွန်းမင်းသားက လုပ်ကြံရန် တာဝန်ပေးထားသော ရွှေဓားဗိုလ် ငပိုက်ကြီးနှင့် တွေ့သည်။ မင်းတုန်းမင်းသည် သူ့အား လုပ်ကြံရန်စောင့်နေသော ငပိုက်ကြီးကို တွေ့သည်နှင့် `ငပိုက်ကြီး ငါ့ကိုပို့စမ်း´ဟု အမိန့်ပေးသည်။

ငပိုက်ကြီးသည် မင်းတုန်းမင်း၏ အမိန့်ပေးသံကို ကြားသည်နှင့် သူ၏ တာဝန်ကို မေ့လျော့သွားသည်။  မင်းတုန်းမင်းကို ချီပိုးပြီး နန်းတော်စီသို့ ခတ်သုတ်သုတ်လျှောက်သည်။ မိဖုရားခေါင်ကြီးကိုလည်း ကုလားပျိုသေနတ်စာရေး မောင်ခြုံက ချီပိုးပြီး ပို့ရသည်။ မက္ခရာမင်းသားမှာ နောက်လိုက်နောက်ပါများနှင့် အတူ ဖခင်မင်းတရားကို ကာကွယ်ပြီးလိုက်သည်။

လမ်းခရီးတွင် အနောက်ဝန်ဦးတက်တူကို မြင်းနှင့်တွေ့သည်။ မင်းတုန်းမင်းသည် ထိုမြင်းပေါ်သို့ပြောင်းစီးပြီး ခရီးဆက်ကာ နန်းတော်သို့ မြို့တော်မြောက်ဘက် ပန်းဦးတံတားမှ ဘေးကင်းစွာ ၀င်နိုင်ခဲ့သည်။ ၀န်ကြီးဦးရန်ဝေးမှာလည်း တပ်တော်နှင့် တွေ့ပြီး နောက်ကလိုက်ပါလာသည်။

မင်းတုန်းမင်း ရွှေနန်းတော်သို့ ၀င်ရောက်သွားချိန်တွင် မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ယာယီနန်းတော်အတွင်း မွှေနှောက်ပြီး ခမည်းတော်ကို လိုက်လံရှာဖွေသည်။ စံနန်းတော်တွင် မတွေ့ရသည့်အခါ နောက်ကြောင်းပြန်လှည့်လာပြီး ရွှေမြို့တော် ဦးထိပ်တံခါးမှ မြို့အတွင်းသို့ ၀င်သည်။

ရွေးတော်ယူတံခါးတွင် နတ်ရှင်ရွေး သေနတ်ဗိုလ်တပ်က မြင်ကွန်းတပ်ကို မတားနိုင်သဖြင့် ဆုတ်ခွာရာ ရွေးတော်ယူတံခါး ပွင့်သွား၏။ မြင်ကွန်းမင်းသား၏ အမိန့်နှင့် နောက်လိုက် တပ်သားများက လွှတ်တော်ကို ၀င်စီးသည်။  မကွေးမြို့စားဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှ သီဟသူ၊ ၀န်ထောက်ကျောက်ရဲ မြို့စားမင်းကြီး မင်းခေါင်သီဟသူ၊ အသည်ဝန်ထောက်မင်းကြီး မဟာသီဟသူရ၊ ၀န်ကြီးဦးကြာနုနှင့် မှူးမတ်များ အဖမ်းခံကြရသည်။

မြင်ကွန်းမင်းသား၏ တပ်သည် တံခါးနီကို စီးနိုင်ရန် ကြိုးစားသည်။ တံခါးနီပေါက်လျှင် နန်းတော်သို့ရောက်ပြီ။  တံခါးနီမှနေ၍ မက္ခရာမင်းသားနှင့် ပခန်းဝန်ကြီးတို့ ဦးစီးသောတပ်များက ရွတ်ရွတ်ချွန်ချွန် ပြန်လည်ခုခံသည်။

ကနောင်မင်းသား၏တပ်များက  နန်းတော်သို့ ချီတက်လာသောအခါ
ထွက်ပြေးကြရသည်။ အသာစီးရနေသော မြင်ကွန်းမင်းသားတပ်များသည် တခဏအတွင်းမှာပင် အရေးနိမ့် သွားကြသည်။ တိုက်ပွဲတွင် မြင်ကွန်းမင်းသားဘက်က အထိနာပြီး အနောက်ရုံးဘက်တွင် သွားရောက်စုရုံးစဉ် မင်းတုန်းမင်းအား လွှတ်ပေးလိုက်သော ငပိုက်ကြီးကို တွေ့သည်နှင့် မြင်ကွန်းမင်းသားက အဆုံးစီရင်လိုက်သည်။ အနောက်ရုံးမှနေ၍ တစ်ညလုံး နန်းတော်သို့ သေနတ်စိန်ပြောင်းများဖြင့် ပစ်ခတ်သည်။

မင်းတုန်းမင်းတပ်က နန်းတော်မှနေ၍၎င်း ကနောင်မင်းသားတပ်က သစ်တပ်အပြင်မှနေ၍၎င်း တိုက်ခိုက်သဖြင့် မြင်ကွန်းတပ်သည် ည သုံးချက်တီးကျော်အချိန်၊ မြို့တောင်ဘက် `ရန်နှိမ်´တံခါးမှ ဆုတ်ခွာကာ ဆိပ်ကမ်းရှိ ဘုရင်ပိုင်ရေနန်းစကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီးပြေးကြသည်။ လမ်းခရီးတွင် မြို့ရွာများကို တိုက်ခိုက်ကာ ရွှေငွေရတနာပစ္စည်းများကို သိမ်းယူသည်။

မြင်ကွန်းမင်းသားတို့ကို ဖမ်းဆီးရန်အတွက် အတွင်းဝန် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို လက်နက်လူသူအပြည့်နှင့် မြနန်းစကြာ သင်္ဘောဖြင့် လိုက်စေသည်။

* မြင်ကွန်းမင်းသား ညီနောင်နှင့်အတူ မိခင် တောင်ရွှေရေးမိဖုရားလည်း ပါသွားလေသည်။မြင်ကွန်းမင်းသား ညီနောင်တို့သည် နောက်လိုက်အခြွေအရံ အနည်းငယ်နှင့် ရန်ကုန်သို့ ထွက်ခွာလာရာ အလွန်မောပန်းတော်မူသဖြင့် တောစပ်တစ်ခု၌ အိပ်ပျော်နေစဉ် နယ်ချဲ့အင်္ဂလိပ်တို့က မလွတ်တမ်း အစောင့်အကြပ် ပြင်းထန်စွာဖြင့် ဖမ်းဆီးပြီးလျှင် အလွန်ကျဉ်းမြောင်းလှသော အချုပ်အနှောင်တို့ဖြင့် ကပ္ပလီကျွန်းသို့ ပို့လေသည်။ ထိုမှတဆင့် ကာလကတ္တားသို့ ၎င်း၊ င့် ချူနာမြို့သို့၎င်း၊ တဖန် ဗာရာဏသီမြို့သို့ ၎င်း ပို့ဆောင်ကာ မည်သည့်ကိုမျှ ထွက်ခွင့် မပြုတော့ချေ။

* ကနောင်မင်းသား လုပ်ကြံခံရသောနေ့မှာပင် ကနောင်မင်းသား၏ သားတော်ကြီး ပန်းထိမ်းမင်းသားက နောက်လိုက်များနှင့် ရွှေဘိုသို့ ထွက်သွား၍ နေပြည်တော်ကို ပုန်ကန်သော ပန်းထိမ်းမင်းသား အရေးအခင်းဖြစ်လာလေသည်။

မလျှော့သောဇွဲ

ကနောင်မင်းသားကို လုပ်ကြံခဲ့သော မြင်ကွန်းမင်းသားသည် တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အာဏာသိမ်းမည့်အကြံအစည်ကို မလျှော့ဘဲ  ထွက်ပြေးလွတ်မြောက်ကာ ပြင်သစ်အပိုင် ချန္ဒရာနဂိုမြို့သို့ အရောက်သွားပြီး ပြင်သစ်အစိုးရထံ ခိုလှုံသည်။

ဘ၀နိဂုံး

၁၉၀၈-ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်တွင် မြင်ကွန်းမင်းသား၏ မိခင် တောင်ရွှေရေးမိဖုရားသည် ဗီယက်နမ်နိုင်ငံ၊ ဆေးဂုံမြို့ (ယခု-ဟိုချီမင်းမြို့)၌ ကွယ်လွန်သည်။

၁၉၂၁-ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်တွင် မြင်ကွန်းမင်းသားကြီး (၁၈၄၂-၁၉၂၁)သက်တော် (၇၉)နှစ်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကံကုန်သည်။

ပန်းထိမ်းမင်းသား အရေးအခင်း---From Myanmar Online Encyclopedia
ပန်းထိမ်းမင်းသားသည် အိမ်ရှေ့စံ ကနောင်မင်းသားနှင့် ကိုယ်လုပ်တော် ရှင်ကျေး မှ မွေးဖွားသော သားတော်ကြီးဖြစ်သည်။ မောင်နှမ ငါးဦးရှိသည်။
1. ပန်းထိမ်း မင်းသား (ငယ်မည်=မောင်ညို)
2. တောင်ညို မင်းသမီး (မြင်ကွန်းမင်းသား၏ မိဖုရား)
3. ရန်အောင်မြင် မင်းသမီး
4. စမ္ပယ်နဂိုရ် မင်းသမီး (ကနောင်မင်းသား၏ အချစ်ဆုံးသမီးတော်)
5. တိုင်တား မင်းသားတို့ ဖြစ်သည်။

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းကြောင့်  အိမ်ရှေ့အတွင်းဝန် ဦးသင်၏ မြှောက်ပေးမှုကြောင့် ပန်းတိမ်းမင်းသားနှင့် နောက်လိုက်မင်းသားများသည် ရွှေဘိုသို့ ထွက်ခွာသွားကြသည်။  ပန်းတိမ်းမင်းသားနှင့် အတူ ကြေးမြင့်မင်းသား၊ တိုင်တားမင်းသား၊ တောင်ဆင်းမင်းသား၊ တောင်ပုံမင်းသား၊ ရွာသာမင်းသား၊ တူရွင်းတိုင်မင်းသားတို့ ပါဝင်ကြသည်။  ကျန်ရှိနေသော မယ်တော်နှင့် ညီမတော်မင်းသမီးများအား နေပြည်တော်မှာ ထိန်းသိမ်းခံကြရသည်။

မင်းတုန်းမင်းသည် ကနောင်မင်းအား အိမ်ရှေ့စံ အပ်နှင်းခဲ့သည်။  ယခုသော် ကနောင်ကျဆုံးပြီးနောက် ပန်းတိမ်မင်းသား ဆက်ခံနိုင်ခွင့် မရှိတော့ခြင်းကြောင့်  ပုန်ကန်တော်လှန်ကြခြင်း ဖြစ်သည်။ ပန်းတိမ်းမင်းသား၏ တပ်မတော်သည် ရွှေဘို၌ လူအင်အား လက်နက်အင်အား တစ်နေ့တစ်ခြား တိုးတက်များပြားလျှက်ရှိနေသည်။  မင်းတုန်းမင်းတရားကြီးအနေဖြင့် ပန်းတိမ်းမင်းသားအပေါ်  အပြစ်အမျိုးမျိုးကို ခွင့်လွှတ်၍ နေမြဲအရာကို ပြန်လည်ချီးမြှင့်မည်ဟု သံတမန်စေလွှတ်၍ အကြောင်းကြားသည်။ ပန်းတိမ်းမင်းသားနှင့် အပေါင်းပါများက  ပယ်ချလိုက်သည်။  မင်းသားသည်  သူပုန်တပ်မတော်ကြီးကို ဦးစီး၍ နေပြည်တော်သို့ တစ်ရှိန်ထိုး ချီတက်ခဲ့လေသည်။

မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသားနှင့် သုံးဆယ်မင်းသားတို့ကို ဘုရင့်တပ်မတော်ကို ဦးစီး၍ တိုက်ခိုက်သည်။ ရေရှည်စစ်ကို ဆင်နွဲလာသောအခါ ပန်းတိမ်းမင်းသား တပ်များသည် မခံနိုင်ဖြစ်လာသည်။ ထို့ကြောင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ကာ ကျောက်မြောင်းသို့ ဆုတ်ခွာခဲ့လေသည်။ ညောင်ရမ်းမင်းသား ဦးစီးသော ဘုရင့်တပ်ကလိုက်လံတိုက်ခိုက်၍ ကျောက်မြောင်းတွင် အဖမ်းခံရသည်။

ကွက်မျက်ခြင်း

အကျဉ်းချထား ခံရစဉ် ပန်းတိမ်းကိုယ်တော်လေးနှင့် မင်းသားငယ်များက ထောင်ထဲမှနေ၍ နှမတော် ရန်အောင်မြင် မင်းသမီးနှင့် ပူးပေါင်း၍ နောက်ထပ်ပုန်ကန်ရန် ကြံစီသည်ဟု အတွင်းတော် ၀န်ကြီးများက စွပ်စွဲလေသည်။ ထို့ကြောင့် လွှတ်တော်က စီရင်ချက်ချကာ သူပုန်မင်းသား အားလုံး ကွက်မျက်စေသည်။
မင်းတုန်းမင်းတရားကြီး  သူသိပြီး  အားလုံးလွှတ်ရန် အမိန်ပေးလိုက်လေသည်။ သို့သော် ကွက်မျက်ပြီးဖြစ်နေ၍ တိုင်တားမင်းသားနှင့် အခြားမင်းသားများ အသက်ချမ်းသာရာ ရကြလေသည်။

ကိုးကား
1. ↑ မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း2. ↑ တက္ကသိုလ်စိန်တင်၏ ငွေဓားဗိုလ်
Posted by leoninedragon

http://aungproducts.blogspot.com

No comments:

Post a Comment