ဓမ္မစေတီမင်းသည် (၈၃၄ - ၈၅၄) ဉာဏ်ပညာ ကြီးကျယ်ကြောင်းကို သီဟိုဠ် (သီရိလင်္ကာ) မင်းကကြား၍ အမတ်စိတ္တနာကုလ ၊ စိတ္တရာဇာကုလ တမန် နှစ်ယောက်နှင့် လူငါးကျိပ်ကို လွှတ်လိုက်၏။ သဝဏ်စာ ပါသည်ကား
အချစ်တော် ဓမ္မစေတီမင်း
( ၁ ) အရိုးသာ အတောင် အမြီး ဖြစ်သောငှက် ၊
( ၂ ) အသားသာ အတောင် အမြီး ဖြစ်သောငှက် ၊
( ၃ ) အမွေးသာ အတောင် အမြီး ဖြစ်သောငှက် ၊
( ၄ ) ကျော့ကွင်းထဲမှာ စား၍ ကျော့ကွင်းထဲမှာ သေသောငှက် ၊
( ၅ ) ကျော့ကွင်းပြင်မှာ စား၍ ပြင်မှာ သေသေငှက် ၊
( ၆ ) ကျော့ကွင်းထဲမှာ စား၍ ပြင်မှာ သေသေငှက် ၊
( ၇ ) ကျော့ကွင်းပြင်မှာ စား၍ အထဲမှာ သေသောငှက် ၊
( ၈ ) ခေါင်းကြီးသည်မှာ အဘယ်ငှက်နည်း ၊
( ၉ ) ပုဂ္ဂိုလ်တစ်ပါးသည် အလင်းမှ လာ၍ အမိုက်သို့ သွားသည် ၊
(၁၀) အမိုက်မှ လာ၍ အလင်းသို့ သွားသည် ၊
(၁၁) အလင်းမှ လာ၍ အလင်းသို့ သွားသည် ၊
(၁၂) အမိုက်မှ လာ၍ အမိုက်သို့ သွားသည် ၊
(၁၃) မြတ်စွာဘုရားသည် ရဟန္တာကို အဘယ်သို့ ပိုက်အုပ်ရသည် ၊
(၁၄) မည်သူကား ကောင်းမှု မပြုရပြီနည်း ၊
(၁၅) မည်သည့်အရာ လေးသည် ၊
(၁၆) မည်သည့်အရာ ပေါ့သည် ၊
သည်အမေး ၁၆ ချက်ကို အချစ်တော် ဓမ္မစေတီမင်းသည် ပညာကြီးကျယ်သည့် မင်းဖြစ်၍ ဖြေဆိုတော်မူပါဟု စာတွင်ပါ၏။
ဓမ္မစေတီမင်းလည်း ချက်ချင်းပင် အမှာတော်ရေး သီလဝကို အရေးခန့်၍ ရေးစေရသည်ကား
( ၁ ) အရိုးသာ အတောင် အမြီး ဖြစ်သည်မှာ ပိတုန်း ၊
( ၂ ) အသားသာ အတောင် အမြီး ဖြစ်သည်မှာ ရှူးပျံငှက် ၊
( ၃ ) အမွေးသာ အတောင် အမြီး ဖြစ်သည်မှာ ဥဒေါင်းငှက် ၊
( ၄ ) ကျော့ကွင်းထဲမှာ စား၍ ကျော့ကွင်းထဲမှာ သေသောငှက် ဆိုသည်မှာ ကာမဂုဏ် နယ်တွင်း၌ အိမ်ထောင်၍ အိမ်ထောင်ရင်းပင် သေရသည်ကို ဆိုလိုသည်။
( ၅ ) ကျော့ကွင်းပြင်မှာ စား၍ ပြင်မှာသေသောငှက်မှာ ငယ်ရွယ်စဉ်ကစ၍ ရှင်ရဟန်းပြုလျက် ထိုရဟန်းအဖြစ်နှင့် သေရသူကို ဆိုလိုသည်။
( ၆ ) ကျော့ကွင်းထဲမှာ စား၍ ပြင်မှာ သေသောငှက်မှာ လူအဖြစ်နှင့် အိမ်ထောင်၍ ကြီးမှ ရဟန်းပြုပြီးလျှင် သေရသူကို ဆိုလိုသည်။
( ၇ ) ကျော့ကွင်းပြင်မှာ စား၍ အထဲမှာ သေသောငှက်မှာ ငယ်ရွယ်စဉ်က ရဟန်းပြု၍ ကြီးမှ လူထွက်ပြီးလျှင် သေရသည်ကို ဆိုလိုသည်။
( ၈ ) ဦးခေါင်းကြီးသော ငှက်တို့သည် အများပင်ရှိသည်။ သို့ရာတွင် သူ့ဦးခေါင်းကို သူ မ ချီနိုင်ကြသည်။ လင်းဆွဲခေါ် လင်းနို့ကြီး တစ်မျိုးကား သူ့ဦးခေါင်းကို သူ မချီနိုင်ချေ။ ဇောက်ထိုးတွဲလဲ နေကြရသည်။
( ၉ ) အလင်းမှလာ၍ အမိုက်သို့သွားသည် ဆိုရာမှာ နတ်ပြည် ဗြဟ္မာပြည်က စုတေ၍ လူ့ပြည်သို့ ရောက်လာသော် မကောင်းမှုကို ပြု၍ သေသောအခါ အပါယ်သို့ လားရသည်ကို ဆိုလိုသည်။
(၁၀) အမိုက်မှလာ၍ အလင်းသို့သွားသည် ဆိုရာမှာ အပါယ်ဘုံက စုတေ၍ လူ့ပြည်သို့ ရောက်လာသော် ကောင်းမှုပြု၍ နတ်ပြည် ဗြဟ္မာပြည် သို့ လားရသည် ဆိုလိုသည်။
(၁၁) အလင်းကလာ၍ အလင်းသို့ သွားသည်မှာ နတ်ပြည် ဗြဟ္မာ့ပြည်မှ လူ့ပြည်သို့ရောက် ၊ ကောင်းမှုပြု လာရင်းဘုံသို့ ပြန်ရသည် ဆိုလိုသည်။
(၁၂) အမိုက်ကလာ၍ အမိုက်သို့ သွားသည်မှာ အပါယ်ဘုံက လူ့ပြည်ရောက် ၊ မကောင်းမှုပြု ၊ အပါယ်ဘုံသို့ ပြန်ရောက်သည် ဆိုလိုသည်။
(၁၃) ရဟန္တာကို မြတ်စွာဘုရား ဘယ်သို့ ပိုက်အုပ်ရသည် ဆိုရာမှာ မိဘတို့သည် အလျင်ဖြစ်၍ သားသမီးတို့ကို ချီပိုးပိုက်အုပ် ဆုံးမရသကဲ့သို့ မြတ်စွာဘုရားလည်း ရဟန္တာတို့ကို ချီပိုးပိုက်အုပ် ဆုံးမရသည်။
(၁၄) မည်သူသည် ကောင်းမှုကို မပြုရပြီနည်း မေးရာဝယ် (၁) ရဟန်း (၂) မင်း
(၃) အိမ်ထောင်သည်မိန်းမ ဤသုံးဦးသည် ကောင်းမှုကို အထူးထပ်၍ မပြုရတော့ပြီ။ ရဟန်းမှာ မိမိ၏ ဝိနည်းသိက္ခာပုဒ် ၊ သီလ ၊ ဘာဝနာတို့ကို စောင့်လျှင် ပြီးတော့သည်။ မင်းမှာ မင်းကျင့်တရား ဆယ်ပါး စသော မင်းကျင့်ဝတ်တို့ကို စောင့်လျှင် ပြီးတော့သည်။ အိမ်ထောင်မိန်းမမှာ မယားကောင်းတို့ ကျင့်ဝတ်ကို စောင့်လျှင် ပြီးတော့သည်။ ကုသိုလ် အထူးထပ်၍ လုပ်ရန်မလိုတော့ချေ။
(၁၅) လေးသည် ဆိုရာ၌ မြင်းမိုရ်တောင်သည် လေး၏။ သို့ရာတွင် တန်ခိုးကြီးသူတို့ ဆောင်လျှင် ပေါ့ရချေသည်။ လူမိုက်တို့စိတ်သာ စင်စစ် လေးလှတော့သည်။
(၁၆) ပေါ့သည်ဆိုရာ၌ လဲ ၊ ဝါ သည် ပေါ့လှ၏။ သို့ရာတွင် လူတို့စိတ်နှင့်စာသော လူတို့စိတ်သာ ပေါ့လှတော့သည်။
ဤသို့ ဓမ္မစေတီမင်း၏ ဖြေသံကို ကြားရလျှင် ၊ သီဟိုဠ် (သီရိလင်္ကာ) မင်း၏ သံတို့သည် အလွန် ချီးမွမ်းအံ့ဩလျက် အရှင်မင်းမြတ်သည် လျှို့ဝှက်နက်နဲသော အမေးတို့ကို တစ်နေရာတည်း၌ တစ်ခဏမျှဖြင့် မှန်ကန်အောင် ဖြေနိုင်ပါလေသည် ဆို၍ သီဟိုဠ် (သီရိလင်္ကာ) မင်း ထွက်ဝင်သည့် မြှောက်စည်ကို တီးမှုတ်သသူနှင့်တကွ အစုံဆက်လေသည်။ ယခုတိုင် ကုလား လက်ကျပ်စည် ခေါ်တွင်လေသည်။
ကျည်းပြည်က အမေးကို ဖြေဆိုပုံ
တစ်ခါသော် ကျည်းပြည်က သံစေလွှတ်လိုက်၏။ အမှာစားကား
" အချစ်တော် ဟံသာဝတီမင်း ဤအမေးကို သိမြင် မှတ်သားရအောင် ဖြေတော်မူပါ။ ၁-၂-၃-၄-၅-၆-၇-၈-၉-၁၀ " ၊ ဤမျှသာ ပါသည်။
ဓမ္မစေတီမင်းလည်း သုံးလေးရက် ဆိုင်းပြီးမှ ဆရာတော်တို့ကိုပင့်၍ မေးတော်မူရာ ဆရာတော်တို့က " ဒါယကာမင်းမြတ်သာ ဖြေတော်မူပါ ၊ ငါတို့လည်း ကြားနာမှတ်သားလိုပါသည် " ဟု မိန့်တော်မူ၏။ ထိုအခါ ဓမ္မစေတီမင်းသည် အောက်ပါအတိုင်း ဖြေတော်မူသည်။
၁ ကား ဘုရား ။ ၂ ကား ကုသိုလ် ၊ အကုသိုလ် ။ ၃ ကား ပိဋကတ်သုံးပုံ ။ ၄ ကား သစ္စာလေးပါး ။ ၅ ကား ဤကမ္ဘာတွင် ပွင့်သော ဘုရားငါးဆူ ။ ၆ ကား နတ်ပြည်ခြောက်ထပ် ။ ၇ ကား အဘိဓမ္မာ ခုနစ်ကျမ်း ။ ၈ ကား ဂုဏ်တော်ရှစ်ပါး ။ ၉ ကား လောကုတ္တရာ ကိုးပါး ။ ၁၀ ကား ဉာဏ်တော် ဆယ်ပါး ။
ဆရာတော်နှင့်တကွ ကျည်းမင်း၏ သံတို့ ကြားရလျှင် " ဤအမေးသည် ဘုရားသခင်တို့ အလိုတော် အမိန့်တော်များပင် ဖြစ်ပေသည်။ သီဟိုဠ် (သီရိလင်္ကာ)တွင် မဂဓ ဘာသာဖြင့် အက္ခရာနှစ်လုံးမျှကို မေးပါသည် ၊ မဖြေနိုင်ကြပါ။ ယခု အရှင်မင်းကြီးကား တစ်ခဏမျှနှင့်ပင် အက္ခရာ ဆယ်လုံးကို မှန်ကန်စွာ ဖြေပါလေသည်။ ဓမ္မစေတီ အမည်ကို ခံယူထိုက်လှပေသည် " ဟု ဆို၍ ကျည်းပြည်က ပါသော ဝတ်မျိုး ၊ ထည်မျိုး ။ ရွှေပန်းငွေပန်း ၊ ကျည်းမြှောက်စည် ခုနစ်လုံးကို တီးမှုသူနှင့်တကွ ဆက်သပူဇော်၍ ပြန်ကြလေသတည်း။
ရှိန်းတူပြည်က ဆက်သော လက်နက်သေတ္တာကြီး
တစ်ရံခါသော် ရှိန်းတူပြည် (တရုတ်နယ်တစ်ခု) က စတုရန်း ငါးထောင်ရှိသော သေတ္တာကြီးကို ဖွင့်သောအခါ ခြောက်မျက်နှာလုံး ပွင့်၍ အတွင်းမှ များစွာသော အဆိပ်လူးမြားတို့ တစ်ပြိုင်တည်း ထွက်ပစ်အောင် စက်ခလုတ်တပ်ပြီးမှ အပြင်က ဆေးရောင်စုံ ခြယ်လှယ်လျက် သော့ကျင်းကိုလည်း အပြင်က ဆွဲထား၍ ဖွင့်မည့်နေရာတွင် ' ကရောဖ စောလ ရောင်က ' ဤစာကား သုံးလုံးကို ရေးသားကာ သံအမတ်ကြီး လေးယောက် ၊ လူငါးကျိပ်နှင့် ပုသိမ် သင်္ဘောဆိပ်ကတစ်ဆင့် လာရောက်ကြပြီးလျှင် ဓမ္မစေတီမင်းအား ဆက်လေ၏။
မင်းကြီးလည်း တုရင်ဒေ၀ ၊ ပုညသာရီ ဆရာတော်တို့ကို ပင့်၍ ဆွမ်းလုပ်ကျွေးတော်မူပြီးမှ မှူးမတ်စုံညီရှေ့တွင် သေတ္တာကိုကြည့်ကြ၏။ ဖွင့်မည့် နေရာတွင် အက္ခရာစာကို မြင်သော် ဤသို့မိန့်၏။
" ဤသေတ္တာသည် ထူးဆန်း၏ ၊ ရုတ်တရက် မဖွင့်ရာ။ ' ကရောဖ ၊ စောလ ၊ ရောင်က ' ဤစကားသုံးခွန်းကို ဆင်ခြင်သော် ' ကရောဖ ' မှာ မွန်ဘာသာ ' ဖဦးထုပ်၏နောက် ' ဆိုလို၍ ' ပစောက် ' ကို ယူရမည်။ ' စောလ ' မှာ မြေးအဘိုး ဆိုလို၍ မြေးသည် အဘိုးကို ' လ ' ဟူ၍ ခေါ်သည်။ သို့ကြောင့် ' လ ' ကို ယူရမည်။ ' ရောင်က ' မှာ ' ငါးကို မျှော်ကြည့်သည် ' ဆိုလို၍ ငါးကို မျှော်ကြည့်သူမှာ ' ဗျိုင်း ' ဖြစ်သည်။ ဗျိုင်းကို မွန်တို့ဘာသာဖြင့် ' ပေါက် ' ခေါ်သည်။ သို့ကြောင့် ' ပေါက် ' ကို ယူရမည်။ သုံးချက်ကို ပေါင်းသော် ' ပလပေါက် ' ဖြစ်သည်။ ပလပေါက်မှာ မြန်မာအလို ' မဖွင့်နှင့် ' ဆိုလိုသည်။ ဤသို့အားဖြင့် ဤသေတ္တာသည် ဖွင့်လျှင် ဘေးအန္တာရယ် ပြုမည့်သေတ္တာ ဖြစ်ဟန်ရှိသည်။ သို့ကြောင့် ငါတို့ သတိနှင့် ဖွင့်ရမည် " ဟု မိန့်တော်မူ၏။
ပြီးမှ ဖွင့်ရန်စီမံသည်ကား လူရှင်းသော ကျုံးနဖူးမှာ ထန်းတစ်ဖျားခန့်ရှိ ငြမ်းကိုဆင်၍ သားရေကိုးထပ် ခင်းပြီးမှ သေတ္တာကို ငြမ်းအောက်တွင် ထားလျက် ငြမ်းထက်မှ လူတစ်ကျိပ်ခန့်တို့အား အုတ်ကျောက်ကြီးများကို သေတ္တာပေါ်သို့ ပစ်ချစေ၏။
ဤသို့ ပစ်ချလျှင် သေတ္တာကွဲ၍ မီးခိုးကဲ့သို့ အခိုးများ ထွက်လာကာ များစွာသော မြားတံတို့သည် ပတ်ဝန်းကျင်သို့ အရှိန်ပြင်းထန်စွာနှင့် ထွက်လာကြကုန်၏။ အထက်ကို တက်သော မြားတို့သည် အုပ်ကာထားသည် သားရေးကိုးချပ်အနက် ငါးထပ်မျှ ပေါက်ကုန်၏။ လေးမျက်နှာသို့ ထွက်သော မြားတို့သည် အနီးအနားရှိ သစ်ပင်တို့၌ တွဲလဲတန်းလန်း စိုက်၍နေကြကုန်၏။ အောက်အဖို့ မြေသို့လည်း မြားများစွာ စူးဝင်ကြကုန်၏။
ဤသို့ ကြောက်မက်ဖွယ်ရာများကို ရဟန်းရှင်လူတို့ မြင်ကြရသော် " ရှိန်းတူပြည်သားတို့သည် ငါတို့တစ်မြို့လုံး သေကျေပျက်စီးအောင် ကြံဆောင်လေသည်။ ပညာဉာဏ်ကြီးကျယ်သော အရှင်မင်းကြီးကြောင့်သာ သတ္တဝါတို့ ချမ်းသာရာ ရပေသည် " ဟု ချီးမွမ်းကြလျက် မဟောသဓာ ကဲ့သို့ ကယ်ဆယ်နိုင်သော မင်းမြတ်သည် ရင့်မာသော အလောင်းတော် ဖြစ်ရာသည်ဟု ဆုတောင်းမေတ္တာ ပို့ကြကုန်၏။
ရှိန်းတူပြည်သား သံအမတ်ကြီးများလည်း ပညာဉာဏ်ကို ချီးမွမ်းလျက် မိမိတို့မြို့မှ ဖြစ်သော အဝတ်တန်ဆာများကို လည်းကောင်း ၊ တီးမှုတ်သူနှင့်တကွ စည်သုံးလုံးကို လည်းကောင်း ဆက်သပြီးလျှင် ပြန်ကြလေသတည်း။
ရွှေတိဂုံဆံတော်ရှင်တွင် ခေါင်းလောင်းကြီးလှူခြင်း
တစ်ရံခါသော် ဓမ္မစေတီမင်းသည် အမြို့မြို့တွင် အိမ်ရှိစာရင်းကို ယူစေရာ စာရင်းယူသော အမတ်လေးယောက်တို့သည် စာရင်းယူရုံသာ မဟုတ် ၊ ယုံမှတ်ကြေးလည်း ကောက်ရမည် ထင်၍ ကောက်ပြီးလျှင် ရသောကြေး တစ်သန်း ရှစ်သိန်းကို မင်းကြီးအား ဆက်လေ၏။
မင်းကြီးလည်း " အိမ်ရှိကိုသာ သိလို၍ ခန့်ထားသည် ၊ ဆင်းရဲသူဆင်းရဲသား တို့ထံမှ ကြေးကို ကောက်ယူကောင်းမည်လော " ဟု အမတ်လေးယောက်ကို အပြစ်ပေးလျက် " ကြေးများကို ပြန်၍ပေးစေ " ဟု မိန့်တော်မူလေ၏။
ထိုအခါ ဆင်းရဲသားတို့က " ကျွန်တော်တို့ ပြန်၍ မယူလိုပါပြီ ၊ တော်သင့်ရာ ကောင်းမှု တစ်စုံတစ်ခုကို ပြုတော်မူပါ " ဟု လျှောက်ကြ၏။
လျှောက်ကြသည့်အတိုင်း " တိဂုံ ဆံတော်ရှင်တွင် ဆွဲလှူရန် ခေါင်းလောင်းကြီး သွန်းစေ " ဟု ဗညားအိန် အမတ်ကြီးကို ခန့်တော်မူ၏။ အမတ်ကြီးလည်း ဇောက် တစ်ဆယ့်နှစ်တောင် ၊ အ၀ ခုနစ်တောင်ရှိ ခေါင်းလောင်းကြီးကို သွန်းရန် အခါပေးကြ၏။
သွန်း၍ ပြီးခါနီးမှ လောကဉာဏဆရာက " ခေါင်းလောင်းသည် သွန်းပြီးလျှင် အပြစ်အဆာ မရှိ ချောမောလိမ့်မည် ၊ သို့ရာတွင် အသံကောင်းစွာ မမြည်ရှိလိမ့်မည် " ဟု မင်းကြီးအား လျှောက်လေ၏။
မင်းကြီးကလည်း " အထက်က မလျှောက် ၊ ယခုမှ လျှောက်သည် ၊ မမှန်လျှင် အမျိုးခုနစ်ဆက်တိုင် အပြစ်ပေးမည် ၊ မှန်သော် ချီးမြှောက်မည် " ဟု မိန့်တော်မူ၏။
သွန်းပြီးကြသောအခါ " ဆရာတို့ပေးသော အခါသည် နက္ခတ်ခြောက်လုံး မိကျောင်းနက္ခတ် ဖြစ်သည်။ မိကျောင်းမှာ လျှာမရှိ ၊ မမြည်နိုင်။ သို့ကြောင့် ခေါင်းလောင်းမှာ အသံမရ ၊ မမြည်ပါ " ဟု လျှောက်ကြလေ၏။
မင်းကြီးလည်း " ဤသို့ဖြစ်လျှင် မှန်ပေသည် " ဟု လောကဉာဏဆရာအား ဆုကြီးလာဘ်ကြီးပေး၍ ရာဇပုရောဟိတ် အမည်ကိုလည်း ပေးတော်မူ၏။
ခေါင်းလောင်းကြီးကိုကား တိဂုံဆံတော်ရှင်မှာ ဆွဲလှူလေသတည်း။
[မှတ်ချက် အင်းဝ အနောက်ဘက်လွန်မင်း (၉၆၇ - ၉၉၁) လက်ထက် သန်လျင်မြို့ (ပေါ်တူဂီလူမျိုး) ကုလား ငဇင်ကာသည် ဤဓမ္မစေတီ လှူထားသော ခေါင်းလောင်းကြီးကို လက်နက်သွန်းလုပ်ရန်ဟု ရွှေတိဂုံဘုရားမှ ခိုးယူသွားရာ လှိုင်မြစ်အတွင်းသို့ ကျ၍ ဆုံးလေသည်။
ယခု ရွှေတိဂုံကုန်းတော် ရာဟုထောင့်ရှိ ခေါင်းလောင်းမှာ စဉ့်ကူးမင်းသည် ၁၁၄၀ တွင် လှူထားသော ခေါင်းလောင်းဖြစ်သည်။ အင်္ဂလိပ် မြန်မာ ပထမစစ်အတွင်း အင်္ဂလိပ်တို့က နိုင်၍ စစ်နိုင်ပစ္စည်းအနေဖြင့် ထိုခေါင်းလောင်းကို ဘင်္ဂလားသို့ ယူသွားကြရန် သင်္ဘောသို့ အတင်တွင် ရန်ကုန်မြစ်ထဲသို့ ကျသွားသည်။ နောက်မှ (၁၁၈၈ ခု) (1826) တွင် ပြန်၍ ဆယ်ယူပြီး နေရာရင်း ရွှေတိဂုံ ကုန်းတော်သို့ ပြန်ပို့ထားသည်။
ယခု ရွှေတိဂုံကုန်းတော် တနင်္ဂနွေထောင့်ရှိ ခေါင်းလောင်းကြီးမှာ ကုန်းဘောင်မင်းသည် ၁၂၀၃ တွင် စသွန်း၍ ၁၂၀၄ တွင် လှူထားသော ခေါင်းလောင်းကြီး ဖြစ်သည်။ ]
မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာ(ဦးဖိုးကျား)
Posted by မင်းအရိပ်
No comments:
Post a Comment