ရွှေနန်းကြော့ရှင် နရပတိ နန်းတက်သော နှစ်၊ ခရစ်နှစ် ၁၅၀၁ ဒီဇင်ဘာလ တွင် နတ်ရွာလားသွားပြီဖြစ်သော ဘုရင် မဟာသီဟသူရ သားတော်ရွှေနော်ရထာ ၏ ကျွန် ငသောကြာ မှ နရပတိ ကို လုပ်ကြံလေ၏။ လုပ်ကြံပုံမှာ ဘုရင်နရပတိမှ နန်းတော်၏ ဥယျာဉ်တော်ရှိ စံနန်းတွင် စံနေခိုက် ငသောကြာမှ အခစားဝင်ကာ ဘုရင်၏ သက်တော်စောင့်ကို ရုတ်တရုက်ထ ထိုးပြီး ဓားကိုလုကာ ဘုရင်ကို လှမ်းခုတ်လေ၏။ ( ဘုရင်ကို အခစားဝင်လျှင် သက်တော်စောင့်မှ တပါး မည်သူမှ လက်နက်ကိုင်ခွင့်မရှိ) ဘုရင်လည်း ရှောင်လိုက်ရာ ထီးဖြူ ကို ခုတ်မိလေ၏။
ဘုရင်ဘေးတွင် အခစားဝင်နေသော ရေနံ့သာစားလည်း ချက်ခြင်းထကာ ငသောကြာကို ၀င်လုံးလေ၏။ ထိုနေ့တွင် ဘုရင်နရပတိသည် သက်တော်စောင့် ၁ ဦးနှင့် ရေနံ့သာစားကိုသာ ခေါ်ကာ ဥယျာဉ်တော် အတွင်း အပန်းဖြေနေခြင်းဖြစ်သည်။ ရေနံ့သာစားလည်း ငသောကြာကို အတင်းဖက်ထားကာ ဘုရင်နရပတိအား ဓားဖြင့်နှစ်ဦးလုံးကိုသာ ကွပ်တော်မူပါတော့ ဟု ဘုရင်ကို အော်ကာ လျှောက်တင်လေ၏။
ဘုရင်နရပတိမှာမူ ဓားဖြင့် ငသောကြာကိုသာ ရအောင် ထိုးပြီး ကွပ်မျက်လေ၏။ ငသောကြာလည်း ထိုနေရာ တွင်ပင် သေဆုံးလေသည်။ ဘုရင်နရပတိလည်း ချက်ခြင်း အတွင်းတော်သို့ဝင်ကာ မင်းသားရွှေနော်ရထာကို ဖမ်းရန် အမိန့်ထုတ်လေ၏။ ရွှေနော်ရထာသည် အသက် ၁၂ သာရှိသေးသည်။ ထိုမှ ရွှေနော်ရထာ၏ မယ်တော်ကိုလည်း ဖမ်းလေ၏။ ဘုရင်နရပတိသည် ထိုအရေးအခင်းကို စစ်ဆေးစေပြီး ရွှေနော်ရထာအား နောက်ကွယ်မှ ထောက်ခံသူတို့အား ကွပ်မျက်လေ၏။ ရွှေနော်ရထာကိုလည်း မင်းညီမင်းသားတို့အား ကွပ်မျက်သည့်အတိုင်း ရေထဲတွင် ကွပ်မျက်လေသည်။
အေဒီ ၁၅၀၂ တွင် မိုးညှင်းစော်ဘွားမှ အင်းဝပိုင်ဖြစ်သော မြေတူးကို တိုက်လေသည်။ မြေတူးစားလည်း မခံနိုင်သဖြင့် မြို့ မှ ဆုတ်ရလေသည်။ဘုရင်နရပတိမှ စစ်တပ်လွှတ်ပြီး ပြန်လည်တိုက်ခိုက်ခြင်း မရှိခဲ့ပေ။ ထိုနှစ်တွင် စလင်းစား ကွယ်လွန်ပြီး စလင်းစား၏ မိဖုရားမှ ပြည်စား နှင့် ပေါင်းကာ အင်းဝ ကို ပုန်ကန်သဖြင့် ဘုရင်နရပတိလည်း ဘုရင့်တပ်များကို စလင်း သို့ စေလွှတ်လေသည်။ စလင်းကို တိုက်ခိုက်အောင်နိုင်လေသည်။
အေဒီ ၁၅၀၅ အရောက်တွင် ညောင်ရမ်းစား ငတုံးတာ မှ အင်းဝကို ထပ်မံ ပုန်ကန် ပြန်လေသည်။ ငတုံးတာ သည် ပြည်စား၊ တောင်ငူစား တို့နှင့် ပူးပေါင်းကာ စလေမြို့ ကို တိုက်ခိုက်သိမ်းပိုက်လေ၏။ နရပတိလည်း ပုန်ကန်သူတို့၏ အင်အားလည်း အလွန်များသောကြောင့် အင်းဝ မဟာမိတ်ဖြစ်သော အုန်းပေါင်စော်ဘွားကို စစ်ကူခေါ်လေသည်။
ဘုရင်နရပတိလည်း အုန်းပေါင်စော်ဘွား တပ်နှင့် အင်းဝတပ် ကို ပေါင်းပြီးလျှင် စလေကို ချီတက်လေသည်။ စလေမြို့ ကို အပြင်းအထန် ၀င်တိုက်သဖြင့် ငတုံးတာလည်း မခံနိုင်ဖြစ်ပြီး တပ်ပျက်လေသည်။ ပြည်စား နှင့် တောင်ငူစား ၏ တပ်လည်း ပျက်လေသည်။ ငတုံးတာလည်း ထိုစစ်ပွဲ တွင် ကျလေသည်။
မြန်မာသက္ကရာဇ် ၈၆၈ (အေဒီ ၁၅၀၆) တွင် မိုးညှင်းစော်ဘွားမှ ဒီပဲယင်းမြို့ ကို ၀င်ရောက်တိုက်ခိုက်လေ၏။ ထိုအခါ အင်းဝဘုရင်မှ ပုဂံသတိုးကို ဗိုလ်မှူး ခန့်ပြီး ဒီပဲယင်းမြို့ ကို ပြန်လည်တိုက်ခိုက်စေလေ၏။ပုဂံသတိုး လည်း မိုးညှင်းစော်ဘွား၏ စစ်အင်အားကို လေ့လာသည်။ အင်အားကြီးမားလွန်းသည်ကို သိသဖြင့် မိုးညှင်းစော်ဘွားအား ငြိမ်းချမ်းရေး အနေဖြင့် တွေ့ရန် စာပို့လေသည်။ နှစ်ဦး တွေ့ဆုံသော် ပုဂံသတိုးမှ ဒီပဲယင်းအထိ မိုးညှင်းစော်ဘွားအပိုင်ဖြစ်စေရန် နှင့် နောက်ထပ် နယ်များကို စစ်မပြု ရန် စသဖြင့် လျှောက်ထား လေ၏။ မိုးညှင်းစော်ဘွားလည်း သဘောတူလေသည်။
အေဒီ ၁၅၀၇ ရောက်သော် ပုခန်းကြီးကို စားသော ဘိုးတော်သီဟပတေ့ အနိစ္စရောက်ရာ ရွှေနန်းကြော့ရှင် ၏ ညီတော် ၃ ပါးမှ နာရေးသွားသည့်ဟန်ဖြင့် ဆင်မြင်းဗိုလ်ပါ စည်းရုံးပြီး ပုခန်းမြို့ ကို သိမ်းပိုက်ကာ ရွှေနန်းကြော့ရှင်ကို ပုန်ကန်လေ၏။ ဘုရင်လည်း အင်းဝတပ်များကို စေလွှတ်ကာ ပုန်ကန်သော ညီတော်များကို နှိမ်နင်းစေလေသည်။ ညီတော် ၃ ပါးလည်း အင်အားမမျှသဖြင့် မြို့ ကျကာ အဖမ်းခံရလေသည်။ ရွှေနန်းကြော့ရှင်လည်း ညှာတာတော်မမူဘဲ ညီတော် ၃ ပါး ကို ကွပ်မျက်လေ၏။
အေဒီ ၁၅၁၁ တွင် မိုးညှင်းစော်ဘွား နှင့် အုန်းပေါင်စော်ဘွားတို့ အချင်းများပြီး အုန်းပေါင်စော်ဘွားပိုင် ဗန်းမော်မြို့ ကို မိုးညှင်းမှ ၀င်တိုက်လေသည်။ အင်းဝဘုရင်လည်း မဟာမိတ်ဖြစ်သော အုန်းပေါင်စော်ဘွား ကို စစ်ကူလွှတ်လေ၏။ အင်းဝဘုရင်သည် စစ်ကြောင်း ၁၂ ကြောင်းဖြန့်ပြီး မိုးညှင်းစော်ဘွား၏ ခံတပ်ဖြစ် သော မြေတူးကို ၀ိုင်းရံကာ တိုက်ခိုက်လေ၏။ သို့သော် မြို့မှ သေနတ်ပြောင်းလက်နက်များ ထူထပ်သောကြောင့် မြို့ နားမကပ်နိုင်ဘဲ အဝေးမှ အမြှောက်များဖြင့်သာ ပစ်ခတ်လေ၏။
ထိုသို့ ၀ိုင်းရံနေသော အင်းဝတပ်ကို မိုးညှင်းစော်ဘွားလက်အောက်ခံဖြစ်သော တွင်းသင်းစား၊မင်းခင်းစား၊ ကလေးစား တို့မှ ညဉ့်နှစ်ချက်တီးတွင် အလစ်ဝင်တိုက်သဖြင့် အင်းဝတပ်ပျက်လေ၏။ ရွှေနန်းရှင် နရပတိလည်း တပ်ပျက်သဖြင့် အင်းဝနေပြည်တော်သို့ ပြန်လည် ဆုတ်ခွာလေသည်။ အုန်းပေါင်စော်ဘွား၏ ပိုက်နက် တစ်ဝက်ကျော်လည်း မိုးညှင်းစော်ဘွားလက်အောက်သို့
ရောက်သွားလေ၏။
အေဒီ ၁၅၁၇ တွင် အင်းဝဘက်မှ ကတိဖျက်သည်ဟု မိုးညှင်းမှ စာပို့ကာ အင်းဝကို စစ်ကြေငြာလေသည်။ မိုးညှင်းစော်ဘွားတပ်မှာ တိုက်ဆင် သုံးရာ၊ မြင်းရှစ်ထောင်၊ ခြေလျင်စစ်သည် ရှစ်သောင်းဖြင့် ချီတက် လာ၏။ ရွှေနန်းရှင် နရပတိလည်း စစ်အင်အား တစ်သိန်းနှစ်သောင်း ရှိသော အင်းဝစစ်တပ်ကို စည်သာအရပ်တွင် တပ်ခိုင်တပ်လုံ တည်ကာ မိုးညှင်းစော်ဘွားအလာကို စောင့်နေလေ၏။ သို့သော် မိုးညှင်းစော်ဘွား တပ်မှာပေါ်လာခြင်းမရှိသဖြင့် စုံစမ်းစေရာ ကလေးစားမှ ပုန်ကန်သဖြင့် မိုးညှင်းတပ်များ ပြန်လှည့်သွားကြောင်း သတင်းရ သဖြင့် အင်းဝတပ်များကို နေပြည်တော်သို့ ပြန်လည် ဆုတ်စေလေသည်။
မိုးညှင်းနှင့်ကလေး စစ်ဖြစ်နေချိန် ရွှေနန်းကြော့ရှင်လည်း မှူးမတ်များနှင့် တိုင်ပင်ပြီး မိုးညှင်းစော်ဘွားတပ် များ ချီလာနိုင်သည့် မြို့ များကို အခိုင်အလုံ ပြုထားစေလေသည်။ စစ်အင်အားကိုလည်း ဖြည့်ထားစေပြီး ရိက္ခာအလုံအလောက်ရှိရန် ပြင်ဆင်ထားလေ၏။ မိုးညှင်းစော်ဘွားသည် ကလေးကို အောင်နိုင်ပြီးနောက် ၆ နှစ် အချိန်ယူကာ အင်အားပြန်လည် ဖြည့်တင်းနေလေ၏။
အေဒီ ၁၅၂၃ အရောက်တွင် မိုးညှင်းစော်ဘွားသည် အင်းဝသို့ ထပ်မံ ချီတက်လာသည်။ အင်းဝဘုရင် နရပတိလည်း အင်းဝတပ်များကို စေလွှတ်ကာ မြေတူးမြို့ တွင် နှစ်ဦးနှစ်ဘက် အပြင်းအထန် တိုက်ခိုက်ကြလေ၏။ မိုးညှင်းဘက်မှ ရွပ်ရွပ်ချွံချွံ တိုက်သဖြင့် အင်းဝတပ်မခံနိုင်ဘဲ ဆုတ်ရလေ၏။
အင်းဝတပ်လည်း မြေတူးမှ စည်ပုတ္တရာကို ဆုတ်ပြီး ခုခံပြန်၏။ မိုးညှင်းဘက်မှ အပြန်းအထန် ထပ်မံ တိုက်သဖြင့် ရွှေနန်းကြော့ရှင်လည်း မခံနိုင်တော့ဘဲ ရသမျှ စစ်သားစုကာ မြင်းဖြင့် ပြေးလေ၏။
ထိုစစ်ပွဲတွင် ရွှေနန်းကြော့ရှင်၏ လက်ရုံးတော်ဖြစ်သော အမတ်ရာဇသင်္ကြ ကျလေ၏။ ရွှေနန်းကြော့ရှင် လည်း မိမိအားကိုးသော အမတ်လည်းကျ တပ်လည်းပျက်သဖြင့် အင်းဝသို့ လက်ကျန်တပ်များစုကာ ဆုတ် လေ၏။ မိုးညှင်းစော်ဘွားလည်း ပုခန်းမြို့ တိုင်အောင် သိမ်းပိုက်ပြီး ထိုမှတဆင့် သရက်တိုင်အောင် ချီတက်သိမ်းပိုက်အောင်မြင်လေ၏။ ထိုသို့ မိုးညှင်းစော်ဘွားမှ အင်းဝနှင့် စစ်ပြုနေသော သတင်းကို ပြည်စား ကြားလျှင် မိုးညှင်းစော်ဘွားသို့ လက်ဆောင်ဖြင့် ချည်းကပ်ကာ မဟာမိတ်ပြုလေ၏။ မိုးညှင်းစော်ဘွားမှ လက်ခံသဖြင့် ပြည်စားနှင့် မိုးညှင်းပူးပေါင်းတပ်များသည် အင်းဝနေပြည်တော်ကို အပြီးသိမ်းရန် ချီတက်လာတော့၏။
ရွှေနန်းကြော့ရှင်နရပတိသည် မိုးညှင်းစော်ဘွားကို မိမိတစ်နိုင်ငံတည်း တိုက်လျှင် အင်အားမမျှမှန်း သိသဖြင့် မဟာမိတ်ဖြစ်သော အုန်းပေါင်စော်ဘွားထံစစ်ကူတောင်းလေ၏။ အုန်းပေါင်စော်ဘွားလည်း စစ်ကူတောင်းစာ ရောက်သည်နှင့် အင်အားအလုံးအရင်းဖြင့် အင်းဝနေပြည်တော်သို့ ချီတက်လာလေ၏။
နရပတိသည် မင်းခန်းမင်းနားဖြင့် ကြိုဆိုကာ မိုးညှင်းစော်ဘွားအား ပြန်လည်ခုခံရန် ဆွေးနွေးလေသည်။ ထိုသို့ လွှတ်တော်တွင် ဆွေးနွေးနေစဉ် မိုးညှင်းစော်ဘွားနှင့် ပြည်စား ပူးပေါင်းတပ်များ နေပြည်တော်သို့ အပြင်းချီတက်လာပြီး မြို့ရွာများကို သိမ်းပိုက်နေကြောင်း သတင်းပို့လေ၏။ ရွှေနန်းကြော့ရှင်လည်း သက်တော်ရှည်ကျော်ထင် နှင့် နေမျိုးကျော်ထင် တို့ကို စစ်အင်အား သုံးသောင်း၊ တိုက်ဆင် ၄ ရာ၊ မြင်း ၃ ထောင်ဖြင့် အလျင်ချီတက်စေပြီး ကျောက်တစ်လုံးမှ ခုခံစေလေသည်။
ရွှေနန်းကြော့ရှင်နရပတိလည်း နောက်မှ ချီတက်ရန် အင်းဝတပ်များကို စီစဉ်လေ၏။ မိုးညှင်းစော်ဘွား၏ သားတော်ဖြစ်သော စ၀်ဆေဟန်ဖ(သိုဟန်ဘွား) သည်လည်း စစ်အင်အားအများအပြားဖြင့် ရှေ့မှ ချီတက်လာရာ သက်တော်ရှည်ကျော်ထင် နှင့် နေမျိုးကျော်ထင် တပ်များရှိရာ ကျောက်တစ်လုံးသို့ ရောက်
သော် နှစ်ဦးနှစ်ဖက် အပြင်းအထန် တိုက်ကြလေသည်။ကျောက်တစ်လုံးခံတပ် မခံနိုင်ဘဲ ကျလေသည်။
ဆင်စီးချင်းထိုးနေပုံ
ခံတပ်ကျလျှင် လက်ကျန်အင်းဝတပ်တို့လည်း နေပြည်တော်သို့ ဆုတ်လေသည်။ ထိုအချိန်တွင် အင်းဝနေပြည်တော်တွင် ရှိနေသော ဘုရင်နရပတိနှင့် အုန်းပေါင်စော်ဘွားတို့သည် ကျောက်တစ်လုံးခံတပ် ကျသော သတင်းကြားလျှင် နေပြည်တော်တွင် မနေ၀ံ့သောကြောင့် မှူးမတ်၊ဆွေမျိုးများ နှင့် ရွှေငွေရတနာ များကို လှည်းပေါ်အပြည့်တင်ကာ နေပြည်တော်မှ ဆုတ်ခွာလေ၏။
မိုးညှင်းစော်ဘွားတပ်များလည်း အင်းဝနေပြည်တော်သို့ ချီတက်လာလျှင် မြို့တံခါးမှာ ဖွင့်လျက်ရှိပြီး မြို့တွင်း ရှိ လူသူများလည်း ခြောက်ကပ်လျက်ရှိနေလေသည်။ အင်းဝဘုရင်နရပတိ မြို့မှ ဆုတ်သွားကြောင်း သိလျှင် ပြည်စားအား အင်းဝပလ္လင်တွင် ဘိသိတ်ခံစေပြီး ဘုရင်အဖြစ် တင်မြှောက်ပေးကာ၊ မိမိဖမ်းထား သော အင်းဝတပ်သားသုံ့ပန်းများကိုလည်း လွှတ်ပေးပြီး စစ်ကိုင်းဘက်သို့ ပြန်လည် ချီတက် ကာ မိုးညှင်းသို့ ပြန်လည် ချီတက်သွားလေ၏။
ပြည်စားလည်း အင်းဝတွင် မနေလိုသဖြင့် ပြည်သို့ ပြန်လည် စုန်ဆင်းလေသည်။ ထိုသတင်းကို
ရွှေနန်းကြော့ရှင်ကြားလျှင် အင်းဝနေပြည်တော်သို့ ပြန်ရန် စီစဉ်လေသည်။ နေပြည်တော်သို့ ပြန်ရောက် လျှင် စစ်အင်အားကို ပြန်လည်ဖြည့်တင်းပြီး ရိက္ခာများကိုလည်း ဖြည့်တင်းလေ၏။
အေဒီ ၁၅၂၆ ရောက်သော် မိုးညှင်းစော်ဘွားမှ ထပ်မံ ချီတက်လာ၏။ မိုးညှင်းတပ်များ ဟန်လင်းသို့ ရောက် မှ သတင်းရသဖြင့် နရပတိလည်း အလျင်အမြန် အုန်းပေါင်စော်ဘွားထံ စစ်ကူတောင်းစေပြီး၊ မိမိသားတော် အိမ်ရှေ့မင်းသား အား စစ်အင်အား သုံးသောင်းဖြင့် ပုခန်းကြီးတွင် ခံစေလေသည်။ အိမ်ရှေ့မင်းသား ပုခန်းကြီးတွင် တပ်ချပြီး မိုးညှင်းရှမ်းတို့ သိမ်းပိုက်ထားသော အမြင့်၊ဗဒုံ၊ကမ်းနဲ စသည့် မြို့များကို ပြန်လည် တိုက်ခိုက် သိမ်းယူလေသည်။ ကမ်းနီတွင် တပ်စခန်းချနေစဉ် အပြင်းဖျားပြီး နတ်ရွာစံလေ၏။
မှူးမတ်၊တပ်မှူးတို့လည်း အိမ်ရှေ့မင်းသား လွန်သဖြင့် ပုခန်းကြီးသို့ ပြန်လည် ဆုတ်လေသည်။ မိုးညှင်းစော်ဘွားလည်း ဟန်လင်းမှ စစ်ကိုင်းသို့ ချီတက်ပြီး ကျောက်တလုံးတွင် တပ်ချလေ၏။ ထိုမှ အင်းဝ နေပြည်တော်သို့ ချီတက်ကာ ၀ိုင်းရံထားလေသည်။ ရွှေနန်းရှင် နရပတိလည်း အုန်းပေါင်မှ စစ်ကူ မရောက်သေးသဖြင့် မြို့ ကို အခိုင်ပြုကာ မြို့တွင်းမှ ခုခံရန် ပြင်ဆင်လေသည်။
နောက်နေ့ မနက်တွင် မိုးညှင်းတပ်များသည် အလုံးအရင်းဖြင့် အင်းဝမြို့ရိုးသို့ လှေကားထောင်တက်
လေသည်။ အင်းဝမြို့မှ ပြောင်းသေနတ်များဖြင့် အပြင်းအထန် ပြန်လည်ပစ်ခတ်သော်လည်း မိုးညှင်းတပ်သား များ နောက်ဆုတ်ခြင်းမရှိဘဲ မြို့ရိုးပေါ်သို့ တက်နိုင်လေသည်။ မိုးညှင်းတပ်များ အင်းဝမြို့ရိုး ပေါ်သို့ ရောက်ကာ တိုက်ခိုက်နေသည်ကို ရွှေနန်းရှင် နရပတိမြင်လျှင် ဒေါသထွက်ကာ
မြို့တံခါးကို ဖွင့်စေကာ ဆင်ဖြင့် ထွက်တော်မူလေသည်။
မိုးညှင်းစော်ဘွားသားတော် စ၀်ဆေဟန်ဖ(သိုဟန်ဘွား) လည်း ဆင်ဖြင့် ရွှေနန်းရှင်ကို စီးချင်းထိုးလေ၏။ ထိုသို့ နှစ်ဦးနှစ်ဖက် အပြင်းအထန် တိုက်ခိုက်ရင်း ရွှေနန်းရှင်နရပတိ ရူံးကာ ဆင်ပေါ်တွင် နတ်ရွာစံလေ သည်။ နန်းတော်ရှိ ဆွေတော်မျိုးတော်တို့လည်း ဘုရင်ကျသည့်သတင်းကြားလျှင် ရုပ်ဖျက်ကာ တောင်ငူ သို့ စုန်ပြေးကြလေ၏။ အင်းဝဘုရင်နရပတိ ကျသည့်နှစ်တွင် ဟံသာဝတီတွင်လည်း ဘုရင်ဗညားရံ နတ်ရွာ စံကာ သားတော် သုရှင်တကာရွတ်ပိ မင်းဖြစ်လေ၏။ မိုးညှင်းစော်ဘွားလည်း အင်းဝနေပြည်တော်ကို ပြန်လည် ပြုပြင်ကာ သားတော်ဖြစ်သော စ၀်ဆေဟန်ဖ(သိုဟန်ဘွား) အား ဘုရင်အဖြစ် တင်မြှောက်ပေးလေ၏။
မူရင်း သမိုင်းပုံရိပ်
No comments:
Post a Comment