Tuesday, December 19, 2017

ဘကြီး​တော်​ဘုရား ညီလာခံမှတ်​တမ်း

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အင်းဝနေပြည်တော်သို့ လာရောက်သော သံမှူး John Crawfurd ၏ မှတ်တမ်း ကို လေ့လာနိုင်စေရန် တင်ပြလိုက်ရပါသည်။

ကျွန်တော်တို့ သံအဖွဲ့ကို ရှေ့တော်သို့မ၀င်မီ လွှတ်တော်၏ အရှေ့တွင်ရှိသော အဆောင်တခုတွင် နားနေကြရန် နေရာထိုင်ခင်း ပေးပါသည်။ လွှတ်တော်မှာ ကျွန်းသားနှင့် ဆောက်လုပ်ထားသော ဇရပ်ကြီး ဖြစ်သည်။ ရွှေချခြင်း၊ ပန်းပုလက်ရာတို့နှင့် မွမ်းမ့ခြင်း မရှိပါ။ ထရံများလည်း မရှိပါ။ ဘန်ကောက်မြို့ တော်တွင် ယိုးဒယားဘုရင် ၏ ရှေ့တော်သို့ ၀င်ခဲ့စဉ်က ကျွန်တော်တို့ ခေတ္တရပ်နားခဲ့သော ဗိမာန်မှာ ယခုရုံးတော်ထက် အပုံကြီး သာပါသည်။

John Crawfurd
ရှင်ဘုရင်၏ ညီလာခံသို့ မင်းသားများ တက်ရောက်ကြမည်ဖြစ်ရာ ကျွန်တော်တို့ သံအဖွဲ့မှာ သူတို့နောက်မှ လိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်ရှေ့ အဆောင်တွင် ၂ နာရီကျော်မျှ ထိုင်စောင့်ကြရသည်။ ပထမဦးဆုံး အဆောင်အယောင်နှင့် ရောက်လာသူမှာ ဘုရင့်ညီတော် ပုဂံမင်းသား ( သမိုင်းထဲက ဘုရင်ဖြစ်သူမဟုတ်) ဖြစ်၏။ ထို့နောက် သံတွဲမြို့ စား မင်းသား မင်းမြတ်ဗိုလ်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီး မြန်မာတပ် အသီးသီး ကို အုပ်ချူ ပ်သူမှာ မင်းသား မင်းမြတ်ဗိုလ်ပင်ဖြစ်ပါသည်။

မင်းသား မင်းမြတ်ဗိုလ်သည် ငယ်ရွယ်သူဖြစ်လျက် သူ့ဘေးတွင် ကောလင်းဝန်ကြီးက အမြဲလိုက်ပါ ကွပ်ကဲရသည်။ ထိုနောက် သာယာဝတီမင်းသား ၏ သားတော် မင်းတုန်းမင်းသား နှင့် နောင်တော် မက္ခရာမင်းသား တို့ ရောက်လာကြသည်။ သူတို့နောက်တွင် နန်းမတော် မယ်နု၏ မောင်တော် မင်းသားကြီး ရောက်လာ၏။ နောက်ဆုံး တွင် သာယာဝတီမင်းသား ၀င်တော်မူလာ၏။ အမြင့်မြတ်ဆုံးသော ညီတော်မင်းသားအဖြစ် ရွှေထီး ၁၀ လက် မိုးရ၏။ မင်းသားကြီး မောင်အို အတွက် ရွှေထီး ၈ လက်သာ ရရှိလေသည်။ ကျန်မင်းသားများသည် ရွှေထီး ၁ လက်စီသာ မိုးရ၏။ မောင်အိုသည် မင်းသွေးမဟုတ်သော်လည်း နှမတော် မျက်နှာဖြင့် ဘုရင့် မြှောက်စားမူ ခံရသူဖြစ်သည်။

ထိုမင်းသားများ အဆင့်အတန်းအလိုက် ၀င်ကြရာတွင် ရှေ့ဆုံးမှ ကိုယ်ရံတော်စစ်သားများ ပါရှိ၏။ မင်းသားများကား ဝေါစီးလိုက်ပါကြ၏။ ထိုနောက်မှ ဆင်များ၊မြင်းများ လိုက်ပါကြ၏။ မှူးကြီး မတ်ကြီးများကား ရွှေထီးဆောင်းလျက် တံခါးနီးသို့ ရောက်သောအခါ အခြွှေအရံများကို အပြင်၌  ထားခဲ့ကြရ၏။ မင်းညီမင်းသားများ အဖို့ကား မိမိ စီးနင်းလိုက်ပါလာသော ဝေါများကို ထိုတံခါးမှ လွန်၍ နန်းတော်လှေကားအရောက် သွားနိုင်၏။ လက်နက်ကိုင် နောက်ပါများကား အားလုံးပင် တံခါးအနီးမှ ကျော်လွန် လိုက်ပါခွင့် မရကြပေ။

နန်းတော်သို့ အခစားဝင်ရတွင် မင်းသားများသည် မိမိတတ်နိုင်သလို အခြွှေအရံများစွာ နှင့် အခမ်းအနား ၀င်လာနိုင်၏။ ထိုနေ့က အခမ်းနားဆုံးမှာ မင်းသားကြီး မောင်အို၏ အဖွဲ့ ဖြစ်သည်။ နောက်လိုက်ပါပေါင်း ၄၀၀ ကျော်ခန့် ပါရှိ၏။ ထိုသူတို့တွင် အင်္ဂလိပ်စစ်ဗာရီ (sepoys) ယူနီဖောင်း ၀တ်သူ ၃၀ ကျော်ခန့် ပါရှိရာ ထိုသူများမှာ စစ်တကောင်း တိုက်ပွဲမှ မြန်မာတို့ ဖမ်းဆီးခဲ့သော သုံ့ပန်းများ ဖြစ်ဟန် တူ၏။
Sepoys ယူနီဖောင်း

မှူးကြီး မတ်ကြီး တို့နှင့် မင်းညီမင်းသားများသည် နန်းတော်လှေကား အထိ ဖိနပ်စီးခြင်း စသော အခွင့်အရေး များ ရရှိသည်ကို မြင်တွေ့ရသောအခါ ကျွန်တော်တို့အဖွဲ့ကိုလည်း အလားတူ ခွင့်ပြုရန် ကျွန်တော်က တောင်းဆိုတော့၏။ အမေရိကန် သာသနာပြု ဆရာ ဂျပ်ဆင်က ဘာသာပြန် အဖြစ် ပါရှိ၏။ မူလကမူ ကျွန်တော် တို့ ရုံးတော်မှ စပြီး ဖိနပ်ချွတ်ရန် စီစဉ်ခဲ့သည်။ ယခင်က အင်းဝသို့ အရင် ရောက်သူ သံမှူး မိုက်ကယ်ဆိုင်း ကိုလည်း မြန်မာအရာရှိများက နန်းတော်သို့ မ၀င်မီ အကြိမ်ကြိမ် ရှိခိုးရန် သွေးဆောင်ခဲ့သည်။

ကျွန်တော်တို့ အနောက်နိုင်ငံသားများအဖို့ ဦးထုတ်ကို ချွတ်၍ အလေးပြု ရန် ၀န်မလေးသော်လည်း ဖိနပ်ချွတ်ရန်နှင့် မြန်မာနည်းတူ ဒူးတုပ်၍ ရှိခိုးရန်မှာ ဘောင်းဘီဝတ်သူအဖို့ မလွယ်ကူသောကြောင့်အထူးပင် လိုက်လျောရန် ခက်လေသည်။ ထို့ကြောင့် ကျွန်တော်မှ တင်းမာစွာ တောင်းဆိုမှ အမတ်တဦးက ခွင့်ပြုခဲ့သည်။

ထိုနောက် နာခံတော်တဦး ရှေ့ဆောင်ကာ နန်းတော်ဆီသို့ သွားရန် ပြင်ကြ၏။ အင်္ဂလိပ် ဘုရင်ခံချူ ပ်၏ သ၀ဏ်လွှာကို တင်ရန် ငွေလင်ပန်းတခု တောင်းရာ မရချေ။ ထိုကြောင့် ကျွန်တော်၏ လက်ထောက် ကို ထို သ၀ဏ်လွှာ ကိုင်ဆောင်စေလျက် ကျွန်တော်နှင့် ယှဉ်တွဲ လိုက်ပါစေခဲ့သည်။

ရုံးတော်မှ နန်းတော်အထိ သွားရာတွင် တံတိုင်း ၃ ခုရှိရာ တံခါး ၃ ပေါက်မှ ၀င်ရ၏။ ပထမတံတိုင်းမှာ သစ်တံတိုင်း ဖြစ်၏။ ဒုတိယ နှင့် တတိယမှာ အုတ်တံတိုင်း ဖြစ်၏။ ၎င်းတို့ကို ကျော်လွန်ပြီးမှ နန်းတော် အရှေ့မုခ်လှေကား သို့ရောက်၏။ ကျွန်တော်တို့ကို လမ်းပြသော သံတော်ဆင့်က ပထမတံခါးသို့ ရောက်လျှင်ပင် နန်းတော် ကို စတင် ဦးချ၏။

ညီလာခံ အဆောင်တော်မှာ ပြာဿ      ဒ်ကြီး မားမားမတ်မတ် လွှမ်းမိုးလျက်ရှိသော ဗဟိုဆောင်ဖြစ်၏။ ၀ဲယာတွင် ပြာသာဒ်မပါသော အဆောင်ကြီး ၂ ခုတို့က အလျားလိုက် ခြံရံနေ၏။ ရာဇပလ္လင်ရှိရာ အပိုင်းမှ တပါး အကာအရံများ မရှိချေ။ ကျွန်းသား မျက်နှာကြက်နှင့် တိုင်များကို ရွှေချထားသည်မှာ ဖိတ်ဖိတ်တောက်နေ၏။ ကြမ်းပြားကား ကျောက်ဖြူ ပြားတို့နှင့် ပြီးလျက် အလွန် ချောမွေ့ တောက်ပြောင်ပေသည်။ ရွှေတိုင်ကြီးများ အောက်ပိုင်း လူတစ်ရပ်လောက်ကိုကား ဟင်္သပဒါး သုတ်ထား၏။

ရာဇပလ္လင်ရှိရာ ဘက်တွင်ကား  ရွှေရောင်သည် အ၀င်းဆုံးတည်း။ ပန်းခြူးပန်းနွယ် စသော ပန်းပုအမွမ်းအမံတို့ လည်း အများဆုံး ရှိနေပေသည်။ ရှင်ဘုရင် စံတော်မူရာ ပလ္လင်ကား ရွှေနှင့် ဖန်မှန်များ ရောနှော မွမ်းမံထားသဖြင့် အတောက်ပြောင်ဆုံး ဖြစ်၏။ ဗိမာန်တခုလုံး အလွန် ခံ့ညား တင့်တယ်ပေသည်။ အနောက်ဗိသုကာစနစ်များနှင့် လုံးဝ မတူသော်လည်း အထူး ထည်ဝါ တောက်ပြောင်လှပေသည်။ တခြားနိုင်ငံများ၌ ဤသို့ ထူးခြားဆန်းပြားသော နန်းတော်မျိုး ရှိမည် မထင်ပါ။
သူ ဘန်ကောက် ရောက်ခဲ့စဉ်က ပန်းချီ

နန်းတော်တို့ ၀င်ရာ လှေကားပေါက် သုံးခုအနက် ကျွန်တော်တို့က လက်ယာဘက်မှ ၀င်ပါသည်။  ကျွန်တော်တို့ကို ရာဇပလ္လင်၏ ရှေ့နား လက်ဝဲဘက်တွင် နေရာချထား ပေးပါသည်။ လက်ဆောင် များကို ကျွန်တော်တို့ ရှေ့တွင် စီတန်းချထားပါသည်။ ဆယ်မိနစ်ခန့်ကြသော် ရှင်ဘုရင် ထွက်တော်မူလာသည်။ ထွက်တော်မူချိန်တွင် မြန်မာတူရိယာသံများ ကြားရသည်။ ထို့နောက် ရာဇပလ္လင် တံခါးပွင့်သံများ ကြားရ၏။

ရှင်ဘုရင်သည် မင်းမြောက်တန်ဆာများ ပြည့်စုံစွာ ၀တ်ဆင်ကာ လှေကားမှ တက်လာရာ ထိုတန်ဆာများ အတန်ပင် လေးပုံရ၏။ သရဖူမှာ စေတီပုထိုးများ၏ ထီးတော်နှင့် တူပါသည်။ ၀တ်လုံတော်မှာ ရွှေထည် ဖြစ်လျက် ကျောက်သံပတ္တမြားများ စီခြယ်ထား၏။ လက်ယာဘက်၌ သားမြီးယပ်တောင် ကိုင်ဆောင်ထား၏။ ထီးဖြူ တော် မိုးလျက် သားမြီးယပ်ဖြင့် ပလ္လင်တော်ကို အမိုက်လှည်းသလို ပြု ပြီးမှ ထိုင်တော်မူသည်။

ရှင်ဘုရင် ထွက်တော်မူလာလျှင်ပင် အရှေ့တိုင်းထုံးစံအရ မှူးမတ်အရာရှိ အားလုံးတို့က ဦး ၃ ကြိမ် ချကြရလေသည်။ ကျွန်တော်တို့ အနေဖြင့် အနောက်ထုံးစံအတိုင်း ဦးထုပ် ချွတ်ပြီး ခေါင်းညွှတ်ကာ ဆလံ ပေးကြပါသည်။ မိဖုရာခေါင်ကြီးလည်း ရှင်ဘုရင်၏ နောက်တော်ပါးမှ ပါလာသည်။ သူသည်လည်း ရှင်ဘုရင် ကဲ့သို့ တောက်ပြောင်သော အ၀တ်အစားများဖြင့် သမီးတော်လေးနှင့်အတူ ပါလာ၏။ သမီးတော်ကား အသက် ၅ နှစ် အရွယ်မျှ ရှိပေ၏။

ကုန်းဘောင်ခေတ်မှ မင်းသားတို့ ၀တ်စားဆင်ယင်ပုံ
ပထမ အစီအစဉ် အနေဖြင့် ပုဏ္ဏးတော်များက ဂါထာများ သံပြိုင်ရွတ်ဆိုကြသည်မှာ ၃ မိနစ်ခန့် ကြာ၏။ ထိုနောက် အနယ်နယ်အရပ်ရပ်က စော်ဘွား၊မြို့ စား၊နယ်စား များ၏ လက်ဆောင် ဆက်သမူကို စတင်ကြသည်။ အနောက်ဆုံးတွင် ကျွန်တော်တို့ စာရင်း ပါရှိသည်။ ထိုနောက် မိဖုရားခေါင်ကြီး ဘုရင်ခံမှ ဆက်သသော လက်ဆောင်စာရင်း သီးသန့် ဖတ်ကြားပေးပါသည်။

ထိုနောက် ရှင်ဘုရင်မှ ကျွန်တော်တို့ကို မေးခွန်းများ မေးကြားပါသည်။ ကျွန်တော်တို့လည်း လေးစားစွာဖြင့် ဖြေဆိုကြပါသည်။ ထိုနောက် စားသောက်ဖွယ်ရာ များကို ရွှေခွက် နှင့် ကျွန်တော်တို့ကို ဧည့်ခံပြု စုပါသည်။ ကျွန်တော်တို့လည်း လေးစားသောအားဖြင့် ထပ်မံ ဆလံပေး အလေးပြုကြပါသည်။ ဘုရင်မှ ကျွန်တော်တို့ အဖွဲ့ကို ကျောက်နီလက်စွပ် ၊ ပိုးအုပ် တခုစီ၊ ယွန်းထည် တစုံ စီ ပေးကမ်း၏။ ဘုရင်ခံချူ ပ်ထံမှ စာကို ဖတ်ရူခြင်း မရှိချေ။ ညီလာခံမှာ ၄၅ မိနစ်ခန့် ကြာသည်။

အရှင်နှစ်ပါး ၀င်တော်မူသောအခါ ထပ်မံ ရှိခိုးကြပြန်သည်။ ကျွန်တော်တို့လည်း ဦးထုပ်များကို ပြန်လည် ဆင်မြန်းကြ၏။ ညီလာခံတွင် ပြည်သူများ ချစ်သော စကြာမင်းသားလေးကို မတွေ့မိချေ။ ငယ်ရွယ်သူ ဖြစ်သောကြောင့် ညီလာခံ မတက်ခြင်း ဖြစ်မည် ထင်မိပါသည်။ ညီလာခံ တက်သူ အားလုံး ၀တ်စား ဆင်ယင်ပုံမှာ ဘန်ကောက်နန်းတော် အမူထမ်းများထက် သာလွန်ထည်ဝါ ခံ့ညားပေသည်။

ကျွန်တော်တို့အဖွဲ့လည်း ညီလာခံပြီးလျှင် မင်းသားများ၊ မှူးမတ်ကြီးများ အားလုံး ထွက်ပြီးပါမှ ထွက်ခွင့်ရခဲ့ပါသည်။ မြန်မာတို့မှ အင်္ဂလိပ်ကို စစ်ရူံးထားပြီး ဖြစ်သဖြင့် မည့်သည့် မှူးမတ်မှ ကျွန်တော်တို့ကို စကားပြောဆိုခြင်း မရှိကြပါ။ မက္ခရာမင်းသား တပါးသာ သာကြောင်းမာကြောင်း များ လာရောက် မေးမြန်းပါသည်။

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

ဆရာတော်ကြီးသည် စကားပြော အလွန်နည်းပါး၏။ အမြဲတမ်း စာဖတ်ခြင်း၊ စာရေးခြင်း များကို ပြု နေတတ်၏။ အကြောင်းမဲ့ သူ့ကို ချဉ်းကပ်သူများကို မလိုအပ်သော အနိဌာရုံ အနှောင့်အယှက်များဟု ယူဆ၏။ သာသနာပိုင် ဆရာတော် ကို လည်းကောင်း၊ ဘုရင် နှင့် မိဖုရားကို လည်းကောင်း ခပ်ပြတ်ပြတ် ဆက်ဆံ၏။ စကားကို လိုသည်ထက် ပိုမပြောချေ ။ တရားကိုလည်း အပို မဟောချေ ။ ထို့ကြောင့် သူ့ကို ထိုခေတ်က အလွန် ဘုကျသော ခွ ကလန့် ဆရာတော် ဟု ဆိုကာ ဝေဖန် ကြောက်ရွံကြ၏။

အမှန် တွင်ကား ဗုဒ္ဓဘာသာ အစစ်အမှန်ကို နားလည်သူများအဖို့ အတွက်တော့ ဆရာတော် ကို နားလည်ပါလိမ့်မည်။ တရားအဆီအနှစ် များကို မှတ်မိအောင် အတိုချူ ပ် ပြောဟောတတ်သည်။ ဆရာတော်၏ တရားများသည် ရောဂါကျသော ဆေးခါးသာ ဖြစ်လေသည်။

ဆရာတော်သည် သမာဓိ အားကောင်း၏။ ပေတချပ်ကို ၃ ကြိမ် ကြည့်မိလျှင် အာဂုံရသည်။ ရဟန်း ၂ ၀ါ အတွင်း ၀ိနည်း ၅ ကျမ်းကို အာဂုံ ရသည်။ ပိဋကတ် ၃ ပုံကို အာဂုံ ဆောင်နိုင်သော်လည်း ဆောင်နိုင်ကြောင်း မပြသဖြင့် ပြန်လွန်တော်မူပြီး နောက်ပိုင်းမှ အနီးကပ် တပည့်များ လျှောက်တင်မှ သိကြလေ၏။ ဆွမ်းဘုန်း ပေးရာတွင် မင်းဆရာ ဖြစ်သဖြင့် ဟင်းခွက်များစွာ အလှူ ခံရ၏။ သို့သော် ဟင်းခွက်များကို လှမ်းကျော်ပြီး မနိုက်၊ မိမိ နီးရာ ဟင်းခွက်ကိုသာ ကောင်းဆိုး မရွေး ဘုဉ်းပေးတော်မူ၏။ ထို့ကြောင့် ဘကြီးတော် နှင့် မိဖုရား မယ်နုတို့သည် မိမိတို့ လှူ သော ဟင်းခွက်များကို ကပ္ပိယ များအား အနီးတွင်သာ ထားပေးရန် လျှိဝှက် အမိန့်ပေးထားကြ၏။

ဆရာတော်ကို နေပြည်တော်သို့ လာရောက် သီတင်းသုံးရန် ဘုရင်နှင့် မိဖုရား ကိုယ်တိုင် လျှောက်ထားသော် လည်း ဆရာတော်မှ သူကြွချင်သော အချိန်တွင် ကြွမည်ဟု သာ ပြတ်ပြတ်မိန့်၏။ တရက်တွင် ဆရာတော် မှ  နေပြည်တော်သို့ ကြွရန် ပြင်ဆင်လေတော့မှ ဆရာတော်အား လျှို့ ဝှက် ကြည့်ရူနေသော ဘုရင့်အမူထမ်းများမှ နန်းတော်သို့ အပြေးအလွှား သတင်းပေးကြလေသည်။ ထိုအခါ ဘုရင် နှင့် မိဖုရား တို့ ဆရာတော်ကို လာရောက် ကြို ဆိုကြလေသည်။

အုတ်ကျောင်းကြီး အလှူ  နေ့

ဆရာတော်အား အုတ်ကျောင်းကြီးကို အပ်လှူ သော နေ့တွင် ဘုရင်နှင့် မိဖုရား အမှူးရှိသော ပရိသတ်က ကန်တော့ခန်း ပြီးဆုံးချိန် ဆရာတော်ဦးဗုဓ်က ဆုမပေးဘဲ နေ၏။ အနီးရှိ ကိုယ်တော်က " ကိုဗုဓ်က တော့ လုပ်ရော့မဗျာ။ အခုမှ စ ကာ ရှိသေး၊ ဘာများ အလိုမကျတယ် မပြောတတ်ဘူး ဟု ခပ်တိုးတိုး ဆရာတော် ကြားအောင် " ညည်းတွား၏။ အတန်ကြာမှ " ရှိခိုး ၀တ်ချတယ်ဆိုတာ ကျမ်းဂန်ကတော့ ပဉ္စပတ်ဠိတ လို့ ခေါ်တယ် " မိန့်၏။ (ထိခြင်း ၅ ပါး ကို ဆိုလို ခြင်းဖြစ်သည်)

ထိုအခါ နန်းမတော် မယ်နု က ရှင်ဘုရင်၏ တံတောင်ဆစ် အောက်ရှိသော ကတ္တီပါ ခေါင်းအုံးကြီးကို ဖယ်လိုက် ပြီးမှ ထပ် ကန်တော့ကြရလေ၏။ ထိခြင်း ၅ ပါး မမှန်သေးသဖြင့် ထပ်ရှိခိုးကြရပြန်၏။ တတိယအကြိမ် တွင် သီလ ပေးပြီးသော် ဘုရင်မှ သြ၀ါဒ ပေးတော်မူပါဘုရား ဟု လျှောက်ရာ ဦးဗုဓ်က"မင်းကျင့်တရားတို့နှင့် အညီ ကျင့်ပါက ငါတို့က ဆုံးမသြ၀ါဒပေးရန် မလို။ မင်းနှင့် တူအောင် မကျင့်က ငါနှင့် မဆိုင်၊ အ၀ီစိနှင့်သာ ဆိုင်သည် " ဟု ခပ်ပြတ်ပြတ် မိန့်တော်မူလေ၏။

နန်းမတော် မယ်နု ကလည်း " တပည့်တော်မသည် ယခု အုတ်ကျောင်းကြီးကို ငွေ ၃ သိန်း အကုန်ခံ ဆောက်လုပ် လှူ ဒါန်းခြင်း ဖြစ်သည်။ ဖလံခုံရွာ တွင်လည်း တသိန်းတန် ကျောင်းကြီး ကို ဆောက်လုပ်လှူ ပါသည်။ သို့သော် အလှူ ဒါန တွင် တင်းတိမ်သည် မရှိပါဘူး ဘုရား၊ ဒါန ၏ အကျိုးတရားများကို ဟောတော်မူစေချင် ပါသည် " ဟု လျှောက်တင်၏။

ဆရာတော်မှ ဖလားတခု နှင့် ရေခပ်စေ၏။ ထိုနောက် ရေကို သွန်စေသည်။ ပြီးလျှင် ပရိသတ်ကို ကြည့်ပြီး " ယခု သွန်ပစ်သော ရေသည် လှူ ရာပါပစ္စည်းနှင့် တူ၏၊ ဖလားတွင် ကပ် ကျန်ရစ်သော ရေသည် မိမိ အတွက် ရရှိသော ကုသိုလ် နှင့် တူ၏ " ဟု မိန့်တော်မူ၏။ ထိုအခါ နန်းမတော် မယ်နု သည် အားမရ ပေ။ သို့သော် ဆရာတော်အကြောင်း သိသဖြင့် ဘာမှ ပြန်မလျှောက်တော့ပေ။

ဘုရင် လည်း မနေရ

တနေ့ ဆရာတော် သီတင်းသုံးရာ ကျောင်း သို့ ဘကြီးတော် ရောက်ရှိသော အခါ ဦးဗုဓ်မှ တံမြက်လှည်းနေခိုက် ဖြစ်၏။ မင်းစေတဦးမှ ဆရာတော်ထံ ချဉ်းကပ်ကာ ကျောင်းပေါ်သို့ ကြွရန် လျှောက်တင်ရာ ဆရာတော်က " နင်တို့ ရှင်ဘုရင် လာတာကို ငါက အာဂန္တု က ၀တ်ပြု ရဦးမှာလား " ဟု ပြန်ပြောသဖြင့် ရှင်ဘုရင်ကပင် ဆရာတော် တံမြက်လှည်းရာ သို့ လာရောက် ကန်တော့ရလေ၏။

နောက်တခါ နန်းတော် တွင် ပရိတ်ရွတ်ပွဲ ရှိရာ ရှင်ဘုရင်နှင့် တကွ ပရိသတ် စုံသော်လည်း နန်းမတော် မယ်နု မရောက်သေး သဖြင့် ခေတ္တစောင့်ပါရန် အပါးတော်မြဲ တဦးက လျှောက်ရာ ဆရာတော်က " နန်းမတော် ပါမှ အန္တရာယ်ကင်းမှာလား ဟု မိန့်သဖြင့် ဘုရင်ဘကြီးတော်မှ ကန်တော့ကြပါ ဟု ဆိုကာ ကန်တော့ကြရလေ၏။

ဆင်ဖြူ မရှင်လောင်း သမီးတော်ကလေး

တနေ့ ဆရာတော်ထံ သွားကြရန် နန်းမတော် မယ်နု က ဘုရင်ကို ခေါ်၏။ သို့သော် ဘုရင်မှ ဆရာတော် ဆီသွားရ စကားလည်းမပြော၊ တရားလည်း မဟော၊ ခြောက်ကပ်ကပ်ကြီး ရှိလှတယ်၊ ထိုကြောင့် မသွားလို ဟု ဆိုသဖြင့် မယ်နု မှ ဆရာတော်ကို စကားပြောအောင် လုပ်ပါ့မယ် ဟုဆိုကာ သမီးတော်ကလေး ( စုဖုရား လတ်အမေ လောင်း ) ကို ခေါ်သွားလေ၏။

ကျောင်းတော် ရောက်သော် ထုံးစံ အတိုင်း ရှင်ဘုရင်နှင့် မိဖုရား တို့က ဆရာတော်ကို ၀တ်ပြု လေ၏။ ဆရာတော်မှ ဘာမှ မပြောဘဲ စာကို ကြည့်မြဲကြည့်နေလေ၏။ ထိုအချိန် ၂ နှစ် အရွယ် သမီးတော်လေးသည် ကြောက်ရွံရမှန်း မသိ။ ဟိုပြေး ဒီသွားနှင့် ဘုန်းကြီး၏ ရွှေကလပ်ပေါ်မှ ပေစာများကို ဆွဲယူ၏။ ထိုအခါ ဆရာတော်မှ " ဟဲ့ ဟိုအနားက တချောက်ချောက်နဲ့ ဘယ်က ဟာကလေးလဲ " ဟု မိန့်ရာ မယ်နု မှ " သမီးတော်ကလေး ပါဘုရား " ဟု လျှောက်လေ၏။

ဆရာတော်ဦးဗုဓ်ကလည်း သမီးတော်ကလေးကဖြင့် တယ်လည်း ကမြင်း သကိုး ဟု မိန့်သဖြင့် မယ်နု က အလိုက်သိစွာ သမီးတော်ကို ပွေ့ပြီး ဘုန်းကြီးကို ကန့်တော့ကာ ပြန်ထွက်လာခဲ့ကြလေသည်။ ထိုအဖြစ်အပျက် ကို ရှင်ဘုရင် နှင့် မိဖုရားတို့မှ သဘောကျ ကာ ကျောင်းအောက်ရောက်သော် တ၀ါးဝါး ရယ်မောက ၀မ်းမြောက်နေကြလေ၏။

နာမည်ကျော် ဦးပေါ်ဦး လည်း မနိုင်

အမတ်ကြီး ဦးပေါ်ဦး သည် ဘကြီးတော်လက်ထက်တွင် သက်တော်ရှည် အမတ်ကြီး အဖြစ် အမူတော်များကို ဆက်လက် ထမ်းဆောင်၏။ ဆရာတော် ဦးဗုဓ်ကို ဦးပေါ်ဦးမှ တနေ့ သွားရောက် ဖူးမော်လေ၏။ ထိုချိန် ဆရာတော်မှ ရေကန်အနီးတွင် တံမြက်လှည်းနေချိန်ဖြစ်သည်။

ဦးပေါ်ဦး။   ။ ရေကန်ကြီး ကဖြင့် အလွန် ကောင်းပါပေသည် ဘုရား၊
ဦးဗုဓ်    ။    ။ အေး ကောင်းတယ်။
ဦးပေါ်ဦး ။   ။ ရေကလည်း အလွန် ကြည်ပါတယ် ဘုရား။
ဦးဗုဓ်   ။      ။ အေး.. ကြည်တယ်။
ဦးပေါ်ဦး ။    ။ ရေကန်ကြီး မည်မျှ နက်ပါသနည်း ဘုရား။
ဦးဗုဓ်   ။       ။ ငါ... မသိဘူး။
ဦးပေါ်ဦး ။    ။ ဆရာတော် သီတင်းသုံးတော်မူသော ကျောင်းတိုက် အတွင်း ဖြစ်သဖြင့် နီးသည့်အတွက် သိလိမ့်မည် ထင်မှတ်၍ လျှောက်မိပါသည် ဘုရား။
ဦးဗုဓ်  ။    ။ သင်၏ နူတ်ခမ်း ဘယ်နှပင် ရှိသနည်း။
ဦးပေါ်ဦး ။   ။ သတိမထားမိ ၍ ဘယ်နှပင်ရှိကြောင်း မသိပါ ဘုရား။
ဦးဗုဓ်။   ။ သင့် နူတ်ခမ်းမွေး ဘယ်နှပင် ရှိသည်ဟု သင်တောင် မသိဘဲ ရေကန် အတိမ်အနက်ကို ကော ငါ သိနိုင်မည်လား။

ဟု မိန့်လေရာ နာမည်ကျော် ဦးပေါ်ဦး လည်း ရှိခိုး ဦးချ ကာ ပြန်လာခဲ့ရရှာ၏။

Image result for ဆရာတော် ဦးဗုဓ်

ပထမကျော် ခိုးပွဲ

အင်းဝနေပြည်တော် တွင် နယုန် ဆိုလျှင် သုဓမ္မာ စာပြန်ပွဲများ ကျင်းပလေ့ရှိ၏။ ထိုစာပြန်ပွဲတွင် နှစ်စဉ် သာယာဝတီ မင်းသားကြီး ၏ ကျောင်းတိုက်ကချည်း ပထမကျော် ထွက်ပေါ်ခဲ့ရာ အပြိုင်အဆိုင်ဖြစ်သော နန်းမတော်မယ်နု မှ အနိုင်ရရန် ကြံစည်ကြသည်။ မယ်နု သည် သာယာဝတီ မင်းသားကြီး၏ ကျောင်းတိုက် ရှိ ကျောင်းထိုင် ဆရာတော်ထံ ချဉ်းကပ်ကာ စာတော်သော ရဟန်း အကြောင်းကို စကားနိုက်လေ၏။ သိရလျှင် မိမိ၏ ကျောင်းထိုင် ဆရာတော် ထံ ကပ်ကာ ထို ရဟန်း ကို ဖြားယောင်းခေါ်ယူ ကြံစဉ်လေသည်။ ကြံစဉ် သည့်အတိုင်း အောင်မြင်ပြီး ထို စာတော်သော ရဟန်းသည် မယ်နု တို့ ကျောင်းသို့ ပြောင်းလေ၏။

ထိုအကြောင်းကို သာယာဝတီမင်းသား ကြားသိလျှင် ဘကြီးတော် ထံ မိဖုရားခေါင်မှ ပထမကျော်လောင်းလျာ ကို ခိုးသည်ဟု တရားစွဲ လေ၏။ ဘုရင် လည်း ညီတော် နှင့် မိဖုရားခေါင်တို့၏ အမူ ဖြစ်နေသဖြင့် သုဓမ္မာ ဆရာတော်များ လက်သို့ လွှဲအပ်လိုက်လေ၏။ သုဓမ္မာဆရာတော်တို့လည်း အမူမှာ အသေးအဖွဲ့ မဟုတ် အင်အားကြီး ၂ စု တို့၏ ပွဲ ဖြစ်နေသဖြင့် အမူကို မစစ်ဘဲ အကြောင်းပြချက် များစွာ ဖြင့် ရှောင်နေကြ၏။

ထိုအခါ ဆရာတော် ဦးဗုဓ်က " ကိုယ်တော်တို့ဟာ နေတိုင်းစားပြီး အိပ်နေကြသလား၊ အရေးကိစ္စရှိမှ စာကြည့်နေကြသလား " ဟု ခပ်ဆတ်ဆတ် ၀င်ပြောသော အခါ ဆရာတော်ကြီးများက " ဒါဖြင့် ဒီအမူကို ကိုယ်တော်လေး ဆုံးဖြတ်နိုင်မလား ဟု မေးမြန်းလေရာ ဦးဗုဓ်မှ အမူအပ်လျှင် ဆုံးဖြတ်နိုင်သည် ဟု လျှောက်သဖြင့် အမူအပ်ကြလေ၏။

ဆရာတော် ဦးဗုဓ်လည်း အောက်ပါအတိုင်း စီရင်ချက် ချလေ၏။

၁. ယခု အမူသည် သာယာဝတီမင်းသား ငခင် နှင့် လည်း မဆိုင်။ နန်းမတော် မိနု နှင့်လည်း မဆိုင်။ ဘုန်းကြီးချင်း တပည့်လက်သားကို ဖြားယောင်းခေါ်ယူသဖြင့် ၀ိနည်းတော်အရ စီရင်ရန် ဖြစ်၏။
" နိဘိက္ခဝေ- အညဿ      ပရိသာ " ဟူသော  ပုဒ်မ အရ မိနု ကျောင်းတိုက်က ဘုန်းကြီးသည် သူတပါး၏ တပည့်လက်သားကို ဖြားယောင်း ခေါ်ယူသဖြင့် ဒုက္ကဋ္ဋ် အာပတ် သင့်၏။ ဒေသနာ ပြောကြားစေ။ အနားက ဘုန်းကြီးတပါး က ဒေသနာ ခံလိုက်စေ။
၂. ပထမကျော်လောင်း သည် သူတပါး ဖြားယောင်းရာသို့ ဆန္ဒာဂတိ လိုက်ခြင်းကြောင့် ယခုနှစ် ပထမကျော် မပြန်ဆိုရ။ သူ့ရပ်ရွာသို့ ပြန်သွားစေ။

အထက်ပါအတိုင်း စီရင်ချက် ချသဖြင့် ရဟန်းရှင်လူ ပရိသတ် တို့မှ ချီးကြူးကြကုန်လေ၏။

မယ်နု ၏ ဘုံကထိန်ပွဲ

မယ်နု သည် နှစ်စဉ် ဘုံကထိန်ပွဲကို စည်ကားသိပ်မြိုက်စွာ ကျင်းပလေ့ရှိ၏။ တနှစ်တွင် ဘုရင် နှင့် မိဖုရားမှ ဆရာတော် ဦးဗုဓ် ကို တရားဟော ရန် လျှောက်ထားရာ ဆရာတော်မှ ၂၄ ပစ္စည်း ပဌာန်း ဒေသနာ တော်ကြီး အကျဉ်း ကို ရွတ်ဆိုလေသည်။ ရွတ်ဆို ပြီးသည့်နောက် ဆိတ်ဆိတ်နေလျှင် အကြောင်းသိသော ရှင်ဘုရင်မှ ရေစက်သွန်းချ အမျှ ဝေရလေ၏။

ထိုအခါ လေးပြင်လေးရပ် ကြွလာတော်မူကြသော ဆရာတော်ကြီးများက"  ဦးဗုဓ်ကို စာတတ်သည်ဟု ကြည်ညို လွန်းလှ၍၊ ဧရာမ ကျောင်းတော်ကြီး ကို လှူ ဒါန်း၍ ဧရာမ မိဖုရာကြီးက ဧရာမ ကထိန်ပွဲကြီး ကျင်းပရာမှာ တကတဲဗျာ၊ ရှားရှားပါးပါး ဟောလိုက်သည့်တရားက ဟေတုပစ္စယော တဲ့ဗျာ "ဟု ၀ိုင်း၍ ဘုရင်နှင့် ပရိသတ်ရှေ့တွင် ကဲ့ရဲ့ ကြလေ၏။ ဆရာတော် ဦးဗုဓ်ကလည်း "ဧရာမ ကျောင်းတော်ကြီး လှူ ဒါန်းပြီး ဧရာမ မိဖုရားကြီးက ဧရာမ ကထိန်ပွဲကြီး ကျင်းပ ရာမှာ ဧရာမ ပဌာန်းတရားတော်ကြီး ကို ဟောလိုက်တာ ဘယ်သူက ဘာပြောချင်ကြသေးသလဲ " ဟု ဖြေရာ မည်သူမျှ ပြန်လည် မချေပနိုင်တော့ဘဲ။ ( ပဌာန်းကျမ်းတော်ကြီး ၏ အကြောင်း နှင့် အနက် အဓိပ္ပါယ် ကို ဗုဒ္ဓဘာသာဝင်စစ်စစ် များ သိရှိကြပါ၏။ တခြား ဘာသာဝင် စာရူသူများ သိလိုလျှင် ကျနော်ဆီ စာပို့ မေးမြန်းနိုင်ပါတယ်။ ) 

ဆရာတော်အကြောင်း သိသော ပရိသတ်တို့မှ သာဓု သုံး ကြိမ် ခေါ်ကြလေတော့ သည်။

မယ်နု ၏ နေ၀င်ချိန်

သာယာဝတီမင်းသား မှ ပုန်ကန်မူတွင် အောင်မြင်ပြီးနောက် ဘုရင် အဖြစ် ၃ နှစ်မြှောက် တွင် နန်းမတော် မယ်နု နှင့် မင်းသားကြီး ဦးအို အပေါင်းအပါ တို့ကို သေဒဏ်ပေးလေသည်။ ထိုအချိန်တွင် သာယာဝတီမင်း သည် အမရပူရသို့ မင်းနေပြည်တော် ပြန်လည် ပြောင်းရွှေ့ ပြီး စိုးစံနေချိန်ဖြစ်၏။ ဆရာတော် ဦးဗုဓ်လည်း အမရပူရ သို့ ပြောင်းရွှေ့ သီတင်းသုံး ရလေ၏။ မယ်နု ကို မြို့ ဝန် နှင့် အာဏာသားတို့ သေဒဏ် စီရင်ရန် ခေါ်ဆောင်သွားချိန် မယ်နု မှ မိမိ၏ ဆရာရင်း ဖြစ်သော ဆရာတော် ဦးဗုဓ်ကို နောက်ဆုံးအနေဖြင့် ဖူးမြော် ကန်တော့ ရန် အခွင့်တောင်းလေ၏။ မြို့ ဝန် လည်း ခွင့်ပေးကာ ဆရာတော်ထံ ပို့ဆောင်ပေးကြလေသည်။

ဆရာတော်ကား စာကြည့်နေချိန်ဖြစ်သည်။ မယ်နုက ဦးချကာ " ဘုရားတပည့်တော်မ သည် ကုန်းဘောင်မင်း(သာယာဝတီမင်း) ၏ ဘုန်း ဖုံးအုပ်လာ၍  သူ၏ အာဏာစက်ဖြင့် အဆုံးစီရင်ခြင်း ခံရပါတော့မည်။ ယနေ့ကား ဆရာတော်ဘုရားကို နောက်ဆုံး ဖူးမြှော်ကန်တော့ခြင်း ဖြစ်ကြောင်းပါ ဘုရား ဟုလျှောက်တင်၏။
ဆရာတော်သည် စာကြည့်နေရာက မယ်နု ရှိရာ ဘက်သို့ မျက်နှာမူပြီးလျှင် " မိနု၊ သူ့ ကြွေး ရှိလျှင် ဆပ်ရလိမ့်မည် " ဟု အမိန့်ရှိလေ၏။ ထိုသို့ အမိန့်ရှိသောအခါ မယ်နု သည် မိမိအား တခါမှ ထိုသို့ ကြည့်ပြီး မမိန့်ဖူး သဖြင့် အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်လေသည်။ ထိုနောက် မယ်နု ကို တောင်သမန်အင်း၏ အရှေ့မြောက်ထောင့်၊ မယ်ဘယက်ကုန်း ကမ်းစပ်တွင် ရေချ ကာ အဆုံးစီရင် ခဲ့ကြလေသည်။

ပထမ-အင်္ဂလိပ် ကျူးကျော်စစ် အပြီးတွင် ဘကြီးတော်ကို လူထုထောက်ခံမူ ကျဆင်းလာလေသည်။ ဘကြီးတော် သည်လည်း တိုင်းပြည်အရေးကိစ္စအ၀၀ လျစ်လျူ ရာမှ မင်းသားကြီး မောင်အို နှင့် မိမိ၏ မိဖုရားခေါင်မယ်နု တို့ထံ အလုံးစုံသော အာဏာ အလိုလို ရောက်လာသလို ဖြစ်သွားလေ၏။ မောင်အို တို့ အုပ်စု သည် ကျန်ရှိနေသေးသော မြို့ ရွာများက စည်ပင်အောင် တနည်းအားဖြင့် လူထု ထောက်ခံမူ ပြန်ရအောင် ကြိုး ပမ်းကြလေ၏။
အစီအစဉ်များကို မောင်အို ဦးဆောင်သော မှူးမတ်တို့မှ ရေးဆွဲဆွေးနွေးကြပြီး ဘကြီးတော် ထံ ခွင့်ပြု ချက် တောင်းကြ၏။ ဘကြီးတော်လည်း အလွယ်တကူ ခွင့်ပြု လေသည်။ ထို့ကြောင့် မောင်အိုသည် မိမိ၏ အုပ်စု မဟုတ်သော ၀န်ကြီး မင်းကြီး မဟာမင်းလှရာဇ (ဟံသာဝတီဝန်ကြီး) ကို အမူထမ်း ၁၅၀၀ ကျော် ပေးအပ်ကာ ဘုရင့်အမိန့်ဖြင့် နေပြည်တော်မှ ရန်ကုန်အထိ မြို့ ရွာများ သာယာ စည်ပင်အောင် လုပ်ဆောင်ရန် တာဝန်ပေးအပ်လေ၏။

ထိုအချိန်တွင် ရန်ကုန်မြို့ တွင် သန်လျင်မြို့ ဝန်ဟောင်း သမိန်ပရူခံ မှ ပုန်ကန်ထကြွ လေသည်။ ထိုပုန်ကန်မူကို ဖြေရှင်းရန် ဟံသာဝတီဝန်ကြီး ကို အထူးအာဏာကုန် လွဲအပ်ကြကာ တာဝန် ပေးလေ၏။ ဟံသာဝတီဝန်ကြီးလည်း အင်္ဂလိပ်တပ်များ နှင့် ပူပေါင်းသွားမည်ကို စိုးရိမ်သဖြင့် ရန်ကုန် သို့ အပြင်း စုန်ဆင်းလေ၏။

ထိုနောက် ပုသိမ်ဝန်ထောက် ကိုလည်း အင်္ဂလိပ်စစ်ဗိုလ်ချူ ပ်ထံ သွားရောက်စေကာ ပုန်ကန်သူများကို မထောက်ခံရန် သတိပေးစေလေ၏။ အင်္ဂလိပ်စစ်ဗိုလ်ချူ ပ်မှ စာချူ ပ်အတိုင်းသာ ပြုမူမည် ဖြစ်သဖြင့် စိတ်မပူပါရန် အကြောင်းပြန်လေသည်။ ၀န်ကြီး မင်းကြီး မဟာမင်းလှရာဇ သည် ၁၈၂၆၊ ၁၁ လပိုင်း၊ ၂၄ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ပြီး အင်္ဂလိပ်ဗိုလ်ချူ ပ် တို့မှ ကြည့်မြင်တိုင် ရွာဆိပ် တွင် လာရောက် တွေ့ဆုံကြလေ၏။

အင်္ဂလိပ်တို့ဘက် မှ အမြှောက်သံ ၁၉ ချက် ပေးကာ ၀န်ကြီးကို အလေးပြု လေ၏။ ၁၂ လပိုင်း ၉ ရက်နေ့ တွင် ရန်ကုန်မြို့  ထောင်တော်တံခါးပြင် တွင် စိုက်ထားသော အင်္ဂလိပ်အလံ ကို ချ ကာ မြန်မာဘုရင့်အလံတော် ကို အမြောက်သံ သုံးချက်ပေးပြီး တင်ထားလေသည်။ အင်္ဂလိပ် ဗိုလ်ချူ ပ် နှင့် အရာရှိတို့လည်း ကိစ္စ အားလုံးကို ဆောက်ရွက်ပြီး ဖြစ်သဖြင့် စစ်သည်များကို သိမ်းပြီး ရန်ကုန်မြို့ မှ ထိုနေ့ တွင် ထွက်သွားကြလေသည်။

အင်္ဂလိပ်တို့ ထွက်ခွာသွားပြီး နောက်နေ့ ၁၀ ရက်နေ့ တွင် အင်အား ၁ ထောင်ကျော် ရှိ သမိန်ပရူခံ ဦးဆောင်သော ပုန်ကန်သူများမှ ပုဇွန်တောင် တွင် ရှိနေသော အင်းဝတပ်ကို တိုက်ခိုက်ကြလေသည်။ ၀န်ကြီး လည်း အပြင်းအထန် နှိမ်နင်းစေလေသည်။ သို့သော် လိုက်လံ တိုက်ခိုက်ခြင်း မရှိဘဲ ခုခံမူကိုသာ ပြုလုပ်စေလေသည်။ ၀န်ကြီး ၏ လက်အောက်တွင် တပ်အင်အား ၅၀၀ ကျော်သာ ရှိသဖြင့် လိုက်လံ မတိုက်ခိုက် စေခြင်း ဖြစ်သည်။ ထိုနောက် ဟံသာဝတီမှ နေမျိုးမင်းလှရာဇကျော် ၏ အင်အား ၁ ထောင် ရှိ တပ်မှ စစ်ကူ အဖြစ် ရန်ကုန်ကို ချီတက်လာလေသည်။

ညီလာခံ တက်ရန် ကြွလာသော မင်းညီမင်းသား၊ မှူးမတ်များ ပန်းချီ

သမိန်ပရူခံ လည်း သန်လျင်မြို့ ကို တိုက်ခိုက်သိမ်းယူလေသည်။ ၀န်ကြီးသည် အထူးအာဏာကုန် လွှဲအပ် ခြင်း ခံရသူ ဖြစ်သဖြင့် ဘုရင့်တံဆိပ်ကို အရေးပေါ် သုံးခွင့်ရှိသူဖြစ်သည်။ ထိုကြောင့် မုတ္တမမြို့ ဝန်ကို စစ်ကူ လွှတ်ရန် အမိန့်တော်ပြန်လေ၏။ မုတ္တမမြို့ ဝန် မှ လူအင်အား ၁၅၀၀ ကျော် စေလွှတ်လေသည်။ ဟံသာဝတီဝန်ကြီး ဘက်မှလည်း အင်အား ၂ ထောင်ကျော် ဖြင့် သန်လျင်မြို့ ကို တိုက်ခိုက်ကြ၏။

သို့သော် အရေးမသာခဲ့ပေ။ သမိန်ပရူခံ ၏ တပ်များ အောင်ပွဲ ခံပြီး၊ ဟံသာဝတီဝန်ကြီး တို့ တပ်ဆုတ်ခွာရလေသည်။ သမိန်ပရူခံ ၏ တပ်များသည် ဒလဘက် ရှိ ပိုင်တူရွာ တွင် ဟင်္သာရုပ်အလံ ကို ထောင်ကာ အမြောက်များ ဖြင့် ရန်ကုန်ဘက် သို့ နေ့ညဥ့်မပြတ် ပစ်လွှတ်လေ၏။ သမိန်ပရူခံ ၏ တပ်များ နှင့် ဟံသာဝတီဝန်ကြီး တို့၏ တပ်များ အပြင်းအထန် တိုက်ကြရာ နောက်ဆုံးတွင် ရန်ကုန်မြို့ ကို သမိန်ပရူခံ ၏ တပ်များ ၀ိုင်းရံ ထားနိုင် လေသည်။

ဝန်ကြီး မဟာမင်းလှရာဇ လည်း နေပြည်တော်သို့ စစ်ကူတောင်းပြီး ရန်ကုန်မြို့  မကျအောင် အပြင်းအထန် ခုခံ လေသည်။ ၁ လတိုင်အောင် ခုခံရာ မွန်ဘက်မှလည်း အမြောက်များဖြင့် နေ့စဉ် ပစ်လေ၏။ ၂၇ ရက်နေ့ တွင် နေပြည်တော်မှ စေလွှတ်လိုက်သော မြင်းခုံတိုင်မြို့ စား ဦးဆောင်သည့် စစ်ကူများ ရောက်ရှိလာလေသည်။ ထိုပြင် မဟာမင်းခေါင်သင်္ခယာ ဦးဆောင်သော စစ်ကူများလည်း ရောက်ရှိလာရာ ဟံသာဝတီဝန်ကြီး မှ ထို တပ်များကို အားလုံး စုပေါင်းပြီး တညီတညွှတ်တည်း သူပုန်များကို ထွက်တိုက်စေလေသည်။

ထိုအခါ သမိန်ပရူခံ ငစပ်ငယ် ၏ တပ်များ မခံနိုင်တော့ဘဲ သန်လျင်ဘက်သို့ ပြန်လည် ဆုတ်ခွာရလေသည်။ ငစပ်ငယ် လည်း သန်လျင်တွင် လူသူအင်အား ပြန်လည် စုရုံးပြီး အင်းဝတပ်ကို တိုက်ခိုက်ပြန်လေသည်။ သို့သော် အရေးမသာတော့ဘဲ ရူံးနိမ့်သဖြင့် ငစပ်ငယ်လည်။ မော်လမြိုင်သို့ ထွက်ပြေးလေ၏။ အင်းဝတပ်များ သန်လျင်မြို့ ကို ၈ ရက် ၂ လပိုင်း ၁၈၂၇ တွင် သိမ်းပိုက်မိလေသည်။

ထိုနောက် တပ်ဆုတ်သွားသော ပုန်ကန်သူများကို လိုက်လံဖမ်းဆီးရာ ၂၆ ရက်နေ့ ၂ လပိုင်းတွင် ခေါင်းဆောင် များအားလုံး ဖမ်းဆီးမိလေ၏။ ၀န်ကြီး မဟာမင်းလှရာဇ လည်း အားလုံးကို သေဒဏ်ပေးလေသည်။ နေပြည်တော်မှ ၀န်ကြီး မင်းကြီးကျော်ထင် သည် ဘုရင့်အမိန့်တော်ဖြင့် ရန်ကုန်သို့ ၉ ရက် ၃ လပိုင်း တွင် ရောက်ရှိလာလေသည်။ အမိန့်တော်တွင် ငစပ်ငယ် ကို သေဒဏ်မပေးရန် ဖြစ်သည်။ ထိုပြင် ပါဝင်သူ အားလုံး( ခေါင်းဆောင် မပါ ) လွှတ်ပေးရန် အမိန့်ဖြစ်၏။ သို့သော် ငစပ်ငယ် နှင့် ခေါင်းဆောင်အားလုံးသည် သေဒဏ် ပေးပြီး ဖြစ်ရာ ကျန်ရှိနေသာ ပုန်ကန်သူ တပ်သားများကိုသာ လွှတ်ပေးလေသည်။

ဝန်ကြီး မဟာမင်းလှရာဇကိုလည်း ရန်ကုန်တိုင်း ၀န်ကြီး အဖြစ် ခန့်အပ်ကာ အောက်ပြည်တလွှားကို အုပ်ချု ပ်စေလေသည်။ သမိန်ပရူခံ ငစပ်ငယ်၏ ပုန်ကန်မူ သည် ၃ လ ကျော် ကြာမြှင့် ခဲ့ပြီး ထို ပုန်ကန်မူကြောင့် ဘကြီးတော်အပေါ် အောက်ပြည်အောက်ရွာ ပြည်သူများ ထောက်ခံမူ ပိုမို ကျဆင်းခဲ့ရလေသည်။ ထိုကြောင့် ထောက်ခံမူ ပြန်ရရန် မင်းသားမောင်အိုတို့မှ ပုန်ကန်သူများကို အသက်ချမ်းသာခွင့် ပေးခြင်းဖြစ်၏။

ဘကြီးတော်ဘုရားသည် ၁၈၂၉၊ ၅ လ၊ ၃ ရက်နေ့ မနက် ညီလာခံတွင် ခေတ်အဆက်ဆက်က ဘုရင်များ၏ ရာဇ၀င်တော်ကြီးကို ရေးသားလိုစိတ်ရှိကြောင်း ထုတ်ဖော်လေ၏။ ထိုချိန်က စဉ့်ကိုင်သဌေးသား မောင်ကုလား ရေးသားသော ရာဇ၀င်ကြီး ရှိနေပြီးဖြစ်သည်။ သို့သော် ဘုရင်မှ ပြုစုလိုသဖြင့် အမတ်များနှင့် တိုင်ပင်ရာ မှန်နန်းရာဇ၀င်တော်ကြီး ဆိုပြီး ထွက်ပေါ်လာလေသည်။

ဘကြီးတော်သည် ဘုရားတည်ခြင်း၊ တိုင်းခန်းလှည့်ခန်း များကိုသာ ပြုမူနေပြီး တိုင်းရေးပြည်မူများကို စလင်းစား မင်းသားမောင်အို နှင့် အပေါင်းအပါတို့မှ ဆောက်ရွက်လေသည်။ ဘကြီးတော်သည် အသက်အရွယ်ကြီးရင့်လာပြီး မကျန်းမမာဖြစ်လာလေ၏။ ကိန်းခန်းအရ ရွှေနန်းတော်၏ ဥယျာဉ်တော်တွင် ယာယီတဲနန်းကို ဆောက်လုပ်ကာ ထိုနေရာတွင် စံမြန်းလေ၏။

ထိုအချိန်တွင် နန်းတွင်းအရေးသည် ယခင်ကထက် ပိုမိုရူပ်ထွေးလာသည်။ မိဖုရားခေါင်ကြီး နှင့် မင်းသား မောင်အို တို့ အုပ်စုသည် ဘကြီးတော် ရုတ်တရက် လွန်လျှင် ထီးနန်းကို လက်ဝယ် ရရေးအတွက် အပူတပြင်း ကြံစည် ကြလေ၏။ ဘကြီးတော်၏ သားတော် ပြည်သူချစ်သော စကြာမင်းသားလေးကိုလည်း ထီးနန်းမပေးလိုပေ။ မိဖုရားခေါင်မှ ဘုရင်ဖြစ်လိုသော ဆန္ဒမရှိသော်လည်း မင်းသားမောင်အိုသည် ဘုရင်ဖြစ်လိုစိတ်ရှိသူဖြစ်၏။ မိဖုရားခေါင် မယ်နုသည် မိမိ မောင်ကို အလွန်ချစ်သဖြင့် မောင်အို၏ ဆန္ဒကို လိုက်လျောခဲ့ဟန် ရှိသည်။

၁၈၃၆ ၊ ၁၀ လ၊ ၉ ရက်နေ့ တွင် ဘုရင့်အမိန့်တော်ဖြင့် သာယာဝတီမင်းသား၏ ငယ်ကျွန် ငစဉ့်ကူအုံမြို့ သူကြီး ကို ဖမ်းဆီးစေ၏။ အကြောင်းအရင်းမှာ ငစဉ့်ကူအုံမြို့ သူကြီး ငရေး သည် လူဆိုးလူမိုက်များ ကို မွေးမြူ ထားသည် ဟု ဆိုကြခြင်းဖြစ်၏။ ထိုမြို့ သူကြီးလည်း မိမိ သခင် သာယာဝတီမင်းသားထံ ပြေးလေ၏။ ထို့ကြောင့် ဘုရင့်တပ်များမှ မင်းသားအိမ်ကို လာရောက်ပြီး မြို့ သူကြီး ကိုပေးရန် တောင်းဆိုလေ၏။

သို့သော် သာယာဝတီမင်းသားမှ ထုတ်မပေးဘဲ ဘကြီးတော်နှင့် တိုက်ရိုက်တွေ့ရန် အကြောင်းပြန်၏။ စလင်းစား တို့မှ လုံခြုံ ရေးအကြောင်းပြချက်ဖြင့် တွေ့ခွင့်မပေးပေ။ တဖက်နှင့်တဖက် ထိပ်တိုက်တွေ့ရန် အကြောင်း များစွာ ဖန်တီးလာလေသည်။ စလင်းမြို့ စားက ဘုရင့်အမိန့် ငရေး ကို မပေးလျှင် သူပုန် ဖြစ်သည် ဟု သာယာဝတီမင်းသား အိမ်ရှေ့တွင် ဖတ်ကာ ရဲမက် အင်အား ၅၀၀ ကျော်ဖြင့် အိမ်တော်ကို ၀ိုင်းထား လေသည်။

ထိုအခါ နှမတော် ပုဂံမင်းသမီးမှ အဆောတလျင် လာပြီး သာယာဝတီမင်းသားကို တွေ့ကာ ဖြည်းဖြည်းနှေးနှေး စိတ်အေးအေး ဖြင့် အရေးတော်ကို ဆောက်ရွက်ပါရန် လာရောက်ပန်ကြားလေ၏။ သာယာဝတီမင်းသား အိမ်တော်သည် ကျယ်ပြန့်၏။ မင်းသား၏ ကိုယ်ရံတော်တပ်အင်အားသည် ၃၀၀ ကျော် ရှိ၏။ ထိုပြင် နေပြည်တော် အနှံအပြားတွင် မင်းသား၏ သစ္စာစောင့်များ၏ အသင့်အနေအထားဖြင့် မင်းသား အမိန့်ကို စောင့်နေကြသည်မှာ ထောင်ဂဏန်း ရှိ၏။ ထို့ကြောင့် သွေးစွန်းမည့်အရေး ဖြစ်သဖြင့် သာသနာပိုင် ဆရာတော် ကိုယ်တော်တိုင် မယ်နု စံရာ အိမ်တော်ထိ သွားပြီး တရားဟောလေသည်။

မယ်နု မှ မိမိအရေးမပိုင်ကြောင်း ပြန်လည်လျှောက်ထားသဖြင့် ဆရာတော်လည်း လက်လျော့လိုက်ရလေ၏။
၃ လကျော်သည်အထိ တဖက်နှင့်တဖက် တိုက်ခိုက်ခြင်းမရှိကြပေ။ ထို ၃ လအတွင်း သာယာဝတီမင်းသား၏ လူယုံများသည် အနယ်နယ်အရပ်ရပ်တွင် လူသူလက်နက်များ စတင် စုရုံးနေပြီး ဖြစ်လေသည်။ စလင်းစား မင်းသားမောင်အိုလည်း ဘုရင့်ညီတော် အရေး ဖြစ်နေသဖြင့် ၃ လအတွင်း ဘုရင်ကို မိမိဘက်ပါအောင် မရမက သိမ်းသွင်းနေရလေ၏။

အာဏာအားလုံး မောင်အိုနှင့် မယ်နု လက်ထဲတွင် ရှိသော်လည်း ထိုခေတ်က ဘုရင် နူတ်မိန့်ဆိုလျှင် အားလုံး မှ နာခံကြရသေး၏။ ထိုပြင် မယ်နု မှ ဘကြီးတော်ကို ချစ်သဖြင့် မောင်အိုမှ ဘုရင်ကို လုပ်ကြံဖို့ ကြိုးစားသည့်တိုင် မယ်နုမှ ခွင့်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် နန်းညွှန့်နန်းလျာ များကို သုတ်သင်ရန်သာ စိုင်ပြင်းနေခဲ့ကြခြင်းဖြစ်သည်။ ဘကြီးတော်မှ မကျန်းမာသဖြင့် အရာကိစ္စများ ဆုံးဖြတ်ရာတွင် ဇဝေဇ၀ါ များစွာ ဖြစ်လေသည်။ သို့သော် မိမိ၏ ညီတော်ကို ချစ်သော စိတ်သည် ကြီးမားသဖြင့် ၃ လတိုင်အောင် ညီတော်ကို ဖမ်းဖို့ အမိန့်မပေးခဲ့ပေ။

၁၈၃၇၊ ၂ လပိုင်း၊ ၂၄ ရက်နေ့  မြို့ လပ်ဝန်မင်းကြီး နှင့် ထန်းတပင်မြို့ စား ထားဝယ်ဗိုလ် တို့ သည် မနက်လင်းအားကြီးချိန် တွင် ရဲမက်အင်အား ၆၀၀ ကျော်ဖြင့် သာယာဝတီမင်းသား အိမ်တော်ကို ထပ်မံ ၀ိုင်းရံပြီး အိမ်တော်ကို စီးနင်းပြီး သူပုန်ငရေးကို ဖမ်းရန် အမိန့်တော်ပါသည် ဟု ဆိုသဖြင့် သာယာဝတီမင်းသား မှ အရေးအကြောင်းကို ကောင်းစွာ နားလည်လိုက်ပြီး မိမိ၏ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး ဖြစ်တော့မည်။

သာယာဝတီမင်းသား၏ ကိုယ်ရံတော်တပ်များလည်း ဘုရင့်အမိန့်အတု သာဖြစ်သည် ဟု ဆိုကြကာ လက်နက်များ ထုတ်ပြီး မင်းသားကို ကာကွယ်ကြလေ၏။ ထိုချိန် သာယာဝတီမင်းသား၏ လက်သုံးတော် သေနတ် သည် မီးကူးပြီး ပြင်းပြစွာသော အသံ ဖြစ်သဖြင့် ဘုရင့်တပ်များမှ စတင် တိုက်ခိုက်ကြလေ၏။ တဖက်နှင့် တဖက် တိုက်ပွဲ ဖြစ်ကြလေသည်။ သာယာဝတီမင်းသား လည်း မိမိ၏ သားတော် များ၊ မိဖုရားများ ကျွန်များ ခုနှစ်ရာ ကျော်ဖြင့် အိမ်တော်မှ ထွက်တော်မူလေသည်။

မင်းသား၏ ကိုယ်ရံတော် တပ်များလည်း သာယာဝတီမင်းသား လွယ်ကူစွာ ထွက်နိုင်စေရန် ဘုရင့်တပ်များကို တိုက်ခိုက်နေကြလေ၏။ မင်းသား ထွက်တော်မူလျှင် နေပြည်တော်အနှံရှိ ကျွန်လူယုံများမှ မင်းသားတို့ အုပ်စုကို ၀ိုင်းရံကာ နေပြည်တော်မှ ထွက်နိုင်အောင် ကာကွယ်ပေးကြလေသည်။ ရွှေနန်းတော်တွင်လည်း စလင်းစားမှ သာယာဝတီမင်းသား ပုန်ကန်ပြီ ဘုရင့်အသက်အရေး စိုးရိမ်ရသည် ဟု ဆိုကာ သာယာဝတီမင်းသား ၏ အပေါင်းအပါ များကို စတင် ဖမ်းဆီးလေသည်။ ထိုသို့ ဖမ်းဆီးရာတွင် နှမတော် ပုဂံမင်းသမီး၊ ၀န်စာရေးကြီး နှင့် အမတ်များ တချို့ ကို ထောင်ထဲ ထည့်လေ၏။

သာယာဝတီမင်းသားသည် အိမ်တော်မှ ထွက်ရာတွင် ရွှေနန်းတော် ရှေ့ဝင်းတော်ပေါက် အရှေ့ကို ဖြတ်ရန် ဆုံးဖြတ်ပြီး ထိုဝင်းတော်ရှေ့ပေါက်ရောက်လျှင် နောင်တော်ကို ရည်မှန်းပြီး ဦးသုံးကြိမ် ချခဲ့၏။ ထိုဝင်းတော်ရှေ့ရှိ ရဲမက်တို့လည်း မည့်သည့်အရေး ဖြစ်နေမှန်း မသိကြသဖြင့် အံ့သြသင့်စွာဖြင့် သာယာဝတီမင်းသား ၏ အုပ်စုကို ငေးကြည့်နေကြသည်ဟု ဆိုကြ၏။

သာယာဝတီမင်းသားသည် မြို့ တော်၏ မြောက်မျက်နှာ နောက်စွန် ရှိ တနင်္သာရီတံခါး မှ ထွက်တော်မူလေသည်။ ကြိုတင်ပြင်ဆင်ထားသဖြင့် တနင်္သာရီတံခါးမှူးသည်လည်း မင်းသားနှင့်အတူ လိုက်ထွက်လေ၏။ စလင်းစား မင်းသားမောင်အို သည် စစ်တပ်ရဲမက် အင်အား ၂ ထောက်ကျော် ကို မင်းကြီး မဟာမင်းလှကျော်စွာ အား အုပ်စိုးစေလျက် သူပုန်များကို ဖမ်းစီးရန် ဘုရင့်အမိန့်တော်ကို ပြန်လေ၏။ မဟာမင်းလှကျော်စွာလည်း နေပြည်တော်မှ သာယာဝတီမင်းသားတို့ကို ဖမ်းရန် စတင်ထွက်လေသည်။

မူရင်း သမိုင်းပုံရိပ်

No comments:

Post a Comment