အင်းဝဘုရင် နရပတိ သည် မြေးတော်လုပ်ကြံခြင်းမှ ခံရပြီးသည့်နောက် နေပြည်တော်သို့ မပြန်တော့ဘဲ သားတော် အိမ်ရှေ့မင်းအား အင်းဝထီးနန်းကို လွှဲအပ်ပေးလိုက်လေ၏။ သားတော် အိမ်ရှေ့မင်းလည်း အေဒီ ၁၄၆၈ ဇူလိုင် ၂၄ တွင် မဟာသီဟသူရ ဟူသောဘွဲ့ကို ခံယူပြီး အင်းဝထီးနန်း ကို သိမ်းပိုက်လေသည်။
နန်းတက်ပြီး အေဒီ ၁၄၇၀ အရောက်တွင် တောင်ငူစားမှ ပုန်ကန် သဖြင့် စစ်အင်အား ၁ သိန်းဖြင့် သားတော် အိမ်ရှေ့မင်း ကို ဦးဆောင်စေပြီး ချီတက်စေလေသည်။ တောင်ငူစားလည်း ဟံသာဝတီတွင် အုပ်စိုးနေသော မွန်ဘုရင်မ ရှင်စောပုထံ စစ်ကူတောင်းရာ ရှင်စောပုမှ မြင်းတစ်ထောင်၊စစ်သည်
လေးသောင်း၊ တိုက်ဆင် နှစ်ရာ စစ်ကူပို့လေသည်။
အ၀ဘုရင့်တပ်များသည် တောင်ငူမြောက်တံခါးဘက်တွင် တပ်စခန်းချပြီး အခြေအနေကို စောင့်ကြည့်
နေလေ၏။ ဟံသာဝတီမှ စစ်ကူလွှတ်ကြောင်း သတင်းရသဖြင့် အိမ်ရှေ့မင်းမှ အင်းဝဘုရင့်တပ် တစ်ဝက် ကို ဟံသာဝတီစစ်ကူချီတက်လာသော လမ်းကြောင်းသို့ လွှတ်ပြီး တိုက်ခိုက်စေလေ၏။
ထိုသို့ လမ်းခုလတ်တွင် စစ်တပ်နှစ်တပ် တွေ့ကြပြီး အပြင်းအထန် တိုက်ကြလေ၏။ ထို တိုက်ပွဲတွင် အင်းဝ ဘုရင့်တပ်မှ အနိုင်ရလေရာ စစ်သုံ့ပန်းနှင့် တိုက်ဆင်များစွာ ရလိုက်လေသည်။ မွန်တပ်ပျက်ကြောင်း တောင်ငူစား သိလျှင် လက်ဆောင်များစွာဖြင့် အိမ်ရှေ့မင်းသားထံ အသက်ချမ်းသာ ခွင့် ပြုပါဟု အညံခံလေ၏။
အိမ်ရှေ့မင်းသားလည်း တောင်ငူစားကို အသက်ချမ်းသာခွင့်ပြု လေ၏။ ထိုနောက် မိမိ၏ သွေးသောက်ဖြစ် သော ညောင်ရမ်းစားကို တောင်ငူမြို့ကို ပေးလေ၏။
အေဒီ ၁၄၇၁ အရောက်တွင် ဟံသသာဝတီတွင် မွန်ဘုရင်မ ရှင်စောပု နတ်ရွာစံပြီး ဓမ္မစေတီမင်း နန်းတက် လေသည်။ အေဒီ ၁၄၇၃ တွင် အင်းဝဘုရင် မဟာသီဟသူသည် သီရီလင်္ကာဘုရင် Bhuvanekabahu VI (1473-80) ထံသို့ သံအဖွဲ့စေလွှတ်ပြီး ဘုရင် နှင့် မိဖုရား၏ ဆံတော်ကို စွယ်တော်မြတ်တွင် တံမြက်တလင်း သုတ်သင်စေရန်အတွက် န၀ရတ်ကိုးပါးဖြင့် ကောင်းစွာ စီရင် စေပြီး အထူးထူးသော လက်ဆောင် များဖြင့် စေလွှတ်လေသည်။
သီရီလင်္ကာဘုရင်လည်း အင်းဝသံအဖွဲ့ကို ကောင်းမွန်စွာ ကြိုဆိုပြီး အထူးထူးသော နံ့သာ၊ကရမက် နှင့် လက်ဆောင်ပစ္စည်းများစွာတို့ကို သဘောင်္ဖြင့် အင်းဝဘုရင်ထံ ပြန်လည် ပို့ဆောင်ပေးလေ၏။ အင်းဝဘုရင် လည်း သဘောကျသဖြင့် သံအဖွဲ့ခေါင်းဆောင်ဖြစ်သော အမတ်ရာဇဗလ ကို ကျေးရွာအဆောင်အယောင်
ပေးတော်မူလေသည်။
အင်းဝတွင် မဟာသီဟသူရ အုပ်စိုးစဉ် ဟံသာဝတီတွင် ဓမ္မစေတီမင်း မှ အုပ်စိုးနေ၏။ တနေ့ တွင် ဟံသာဝတီလွှတ်တော်တွင် အမတ်များနှင့် ဘုရင်မှ ရှေးယခင်က အဖြစ်အပျက်များကို ဆွေနွေးနေရာ တရုတ်အကြောင်းကို စကားစပ်မိကြလေသည်။ အမတ်များမှ တရုတ်အင်အားကြီးပုံကို ဘုရင်ထံ လျှောက်ရာ လူစွမ်းကောင်းဖြစ်သော စစ်တောင်းမြို့စား သမိန်ပရမ်းမှ အမတ်များ၏ သူရဲဘောကြောင် လျှောက်တင်ပုံကို မကြိုက်သဖြင့် ဓမ္မစေတီမင်းအား တရုတ်နယ်စပ် ဖြစ်သော ခန္တီးမြို့ ထိ ချီတက်ပြီး မြေခြားသံတိုင် စိုက်ပြမည်ဟု ရဲရဲတင်းတင်း လျှောက် ထားလေ၏။
ယူနန်နယ်စားတပ်ချီလာသော်လည်း ခုခံမည်ဟု ရဲရဲတင်းတင်းလျှောက်ထားလေ၏။ ထိုမှ အထက်နယ်ပယ်အကုန်လုံး ဟံသာဝတီအောက်သို့ ရောက်စေမည်ဟု လျှောက်လေရာ ဟံသာဝတီဘုရင် မှ သဘောကျပြီး စစ်သည်ကို စိတ်ကြိုက်ရွေးချယ်စေကာ ချီတက်ရန် အမိန့်ပေးလေ၏။
သမိန်ပရမ်းလည်း စစ်ရေးကျွမ်းကျင်သော စစ်သည်လေးသောင်းကိုရွေးကာ
ဟံသာဝတီကျေးစပ်မှ နေပြီး တောလမ်းမှတဆင့် အင်းဝပိုင်နက် အတွင်းသို့ ချီတက်လေ၏။ သမိန်ပရမ်း၏ ကျွမ်းကျင်မူကြောင့် အင်းဝနေပြည်တော်မှ သတင်းရခြင်း မရှိဘဲ သမိန်ပရမ်းသည် ခန္တီးသို့ အရောက်ချီတက်နိုင်လေသည်။
ခန္တီးစားလည်း ကြောက်သဖြင့် သမိန်ပရမ်းအား ခုခံခြင်း မရှိ။ သို့ဖြင့် သမိန်ပရမ်းသည် တရုတ်နယ်စပ်တွင် ဟံသာဝတီ ၏ မြေခြားသံတိုင် စိုက်လေသည်။ ထိုအကြောင်းကို မိုးစစ်စားမှ တရုတ်ယူနန်နယ်စား ထံ စာပို့ လေ၏။ ယူနန်နယ်စားလည်း တရုတ်ဘုရင်ထံမှ ခွင့်မယူတော့ဘဲ စစ်သည်အလုံးအရင်းကို ခန္တီးသို့ စေလွှတ်ပြီး သံတိုင်ကို နုတ်ရန် ချီတက်စေလေ၏။
သမိန်ပရမ်း မြေခြားသံတိုင် စိုက်သော သတင်းသည် အင်းဝနေပြည်တော်သို့ ရောက်လေရာ အင်းဝဘုရင်မှ သမိန်ပရမ်းကို အရှင်ဖမ်းပြီး မိမိလက်အောက်ထားလိုသဖြင့် မိမိ သားတော် များကို စစ်တပ်ပေးကာ ဖမ်း စေလေ၏။ သမိန်ပရမ်းစစ်သည်များသည်လည်း ဟံသာဝတီမှ ခန္တီးအထိ နေ့ညမပြတ်ချီတက်လာရ
ခြင်းကြောင့် စစ်ပန်းနေရာ ရုတ်တရက် အင်းဝတပ်များ တိုက်ခိုက်သောအခါ မခုခံနိုင်ဘဲ ရှိလေ၏။
သမိန်ပရမ်းလည်း ဆင်ဖြင့် ခံသော်လည်း အင်းဝဘက်မှ ဆင်သုံးဆယ်ဖြင့် ၀ိုင်းအုံပြီးတိုက်သဖြင့် မခုခံနိုင်မှန်း သိသဖြင့် စီးတော်ဆင်တစ်စီးဖြင့် ရအောင် ဖောက်ထွက်ပြီး ဆုတ်လေ၏။ သမိန်ပရမ်း ၏ ဆင်သည်လည်း ခရီးပန်း သဖြင့် ရှေ့သို့ မချီတက်နိုင်ဘဲ အိုင်ကြီးတခုတွင် ရေဆင်းသောက်လေ၏။
ထိုစဉ် အင်းဝမြင်းတပ် အမှီလိုက်လာပြီး အိုင်ကြီးကို ၀ိုင်းရံထားလေသည်။ အင်းဝတပ်သား တို့လည်း သမိန်ပရမ်း၏ လက်ရုံးရည်ကို သိသဖြင့် အနားမကပ်ဝံ့ဘဲ ရှိလေသည်။ အိမ်ရှေ့မင်းသား တပ်တို့လည်း အရှင်ဖမ်းလိုသဖြင့် အနားကို မကပ်ဘဲ အိုင်ကိုသာ နှစ်ရက်တိတိ ၀ိုင်းရံထားလေသည်။ သမိန်ပရမ်း မှ အလျော့ပေးခြင်း မရှိသေး၊ ထိုအခါမှ စကားအရာတွင် လိမ္မာသော အမတ်ကို စေလွှတ်ပြီး သမိန်ပရမ်း ကို ဖြောင်းဖျ မှ သမိန်ပရမ်း သည် အလျော့ပေးကာ လက်နက်ချလေ၏။
အိမ်ရှေ့မင်းသားလည်း သမိန်ပရမ်းကို ဖမ်းကာ အင်းဝဘုရင် မဟာသီဟသူရထံ ဆက်သလေသည်။ အင်းဝဘုရင်လည်း သဘောကျပြီး သမိန်ပရမ်းကို နေပြည်တော်တွင် မင်းညီမင်းသားကဲ့သို့သော စည်းစိမ် ပေးပြီး ထားလေ၏။
အင်းဝသြဇာသည် ရှမ်းပြည်ရှိစော်ဘွားများအပေါ် သက်ရောက်ခြင်းမရှိပေ။ မဟာမိတ် ပုံစံမျိုးဖြင့် သံတမန် အပြန်အလှန် ဆက်သွယ်မူရှိခဲ့သည်။ အင်းဝဘုရင်အများစုသည်လည်း ရှမ်းသွေးများပါနေသဖြင့် ရှမ်းပြည် သို့ စစ်ချီတိုက်ခိုက်ခြင်းမရှိ၊အစဉ်အလာအရ တပြည်ထောင် အကူအညီတောင်းလျှင် တပြည်ထောင်မှ ကူညီလေ့ရှိသည်။
အုန်းပေါင်မြို့ ကို အစိုးရသော စော်ဘွားကြီး သည် ညောင်ရွှေ၊နောင်မွန်နှင့် ရောက်စောက် (ရပ်စောက်) တို့ကို သိမ်းပိုက်လိုသည်။ သို့သော် မိမိတွင် အင်အားအလုံအလောက် မရှိသဖြင့် မဟာမိတ်ဖြစ်သော အင်းဝကို သံ လွှတ်ကာ အကူအညီတောင်းလေ၏။ အင်းဝဘုရင် မဟာသီဟသူရလည်း အကူအညီ ပေးလျှင် အုန်းပေါင်စော်ဘွားမှ မိမိ သြဇာအောက်သို့ အလိုအလောက်ဝင်လာမည်ကို သိသဖြင့် သဘောတူလေ၏။
(အင်းဝမင်းဆက်၏ ပိုင်နက်ပြ မြေပုံ)
သို့ဖြင့် အေဒီ ၁၄၇၄ တွင် အင်းဝစစ်သည် (ခြေလျင် ) ခုနှစ်သောင်း၊မြင်းတပ် ခြောက်ထောင်၊ တိုက်ဆင် နှစ်ရာ ဖြင့် ရှမ်းပြည်သို့ ချီတက်လေ၏။ အုန်းပေါင်စော်ဘွားလည်း ဆင်မြင်းအများ ဖြင့် အင်းဝ တပ်နှင့် ပေါင်းကာ ချီတက်လေသည်။
အင်းဝနှင့် အုန်းပေါင် ပူးပေါင်းတပ်များသည် တစ်မြို့ ပြီးတစ်မြို့ ကို တိုက်ခိုက်သိမ်းပိုက်လေ၏။ စော်ဘွား သုံးဦးမှာ ရန်သူ စစ်ချီလာခြင်းကို မြို့ အနီးရောက်မှ သိသဖြင့် ခုခံနိုင်ခြင်း မရှိဘဲ ကျရူံးလေ၏။ အုန်းပေါင် စော်ဘွားလည်း မိမိ အလိုပြည့်သဖြင့် အင်းဝဘုရင်အား လက်ဆောင်များ ဆက်လေ၏။
အေဒီ ၁၄၇၆ တွင် မိုးညှင်းနှင့် မိုးကောင်းသို့ အင်းဝဘုရင်သည် စစ်ချီပြန်၏။ ရေတပ်ဖြင့် ကသာ ရေဆိပ် သို့ ကပ်ကာ မိုးညှင်းသို့ ချီကာ အပြင်းဝင်တိုက်လေ၏။ မိုးညှင်းစော်ဘွားလည်း မခံနိုင်ဘဲ လက်နက်ချလေသည်။ အင်းဝဘုရင် မဟာသီဟသူရ မိုးညှင်းစော်ဘွားကို ဖမ်းကာ တကောင်းမြို့တွင် အကျယ်ချူ ပ်ထား လေသည်။ မိုးညှင်းကိုမူ မိုးကောင်းစော်ဘွား၏ ညီတော်ကို ပေးလေသည်။ မိုးကောင်း ကို မိုးကောင်းစော်ဘွားကသာ ထပ်မံ အုပ်ချူ ပ်လေ၏။
သမိုင်း ပုံရိပ်
No comments:
Post a Comment