Thursday, August 10, 2017

သီပေါမင်း၏ မိဖုရားတော်များ (၁)


သီပေါမင်း၏ မိဖုရားတော်များ (၁)

ကုန်းဘောင်ဆက်၏ နောက်ဆုံး မင်းဖြစ်သော သီပေါမင်းတွင် အထင်အရှား မိဖုရားသုံးပါးနှင့် ကိုယ်လုပ်တော် တစ်ပါးသာ ရှိသည်။ မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၌ ပုဂံဝန်ထောက်မင်း ဦးတင်က “မထင်မရှား ကိုယ်လုပ်တော် သုံးပါးထက် မများသည်ကို သိကြသည်” ဟု ဆိုထားသော်လည်း ထင်ရှားသည့် ကိုယ်လုပ်တော်မှာ ဒိုင်းခင်ခင်ကြီး တစ်ဦးသာလျှင် ရှိသည်။ သီပေါမင်းသည် မင်းတုန်းမင်းတရားနှင့် ဆင်ဖြူရှင်မတို့၏ သမီးတော်များ ဖြစ်ကြသော စုဖုရားကြီး၊ စုဖုရားလတ်၊ စုဖုရားကလေးတို့နှင့် လက်ဆက်ခဲ့သော်လည်း မိဖုရားခေါင်ကြီး စုဖုရားလတ်တစ်ပါးသာလျှင် သားတော်သမီးတော် ခုနစ်ပါး ထွန်းကားရာ သုံးပါးသည် ငယ်စဉ်က ကွယ်လွန်သဖြင့် သီပေါမင်းသည် သမီးတော်လေးပါး (ပထမ သမီးတော်၊ ဒုတိယသမီးတော်၊ တတိယ သမီးတော်၊ စတုတ္ထ သမီးတော်)သာ အထင်အရှားရှိသည်။ ၄င်းလေးပါးတွင် ဒုတိယ သမီးတော်သည် သားတော် သမီးတော် မထွန်းကားခဲ့သဖြင့် ကျန်သုံးပါးမှ မြေးတော်ရှစ်ပါးသာ အထင်အရှား ကျန်ခဲ့လေသည်။
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရား နတ်ပြည်စံပြီးနောက် မြန်မာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၇ ရက် (ခရစ် ၁၈၇၈ ခုနှစ် အောက်တိုဘာ လ ၂ ရက်) ဗုဒ္ဓဟူးနေ့တွင် မင်းတုန်းမင်းတရားကြီး၏ ထီးနန်းအရိုက်အရာကို သီပေါမင်းသား က ဆက်ခံကာ ကုန်းဘောင်ဆက် ၁၁ ဆက်မြောက်မင်းအဖြစ် နန်းတက်ခဲ့လေသည်။ မင်းအဖြစ်သို့ ရောက်ကြောင်း ကြားသိရ သည်နှင့် တစ်ပြိုင်နက် အင်္ဂလန်ပြည်နှင့်တကွ နိုင်ငံတကာက အံ့အားသင့်ကုန်ကြသည်။ အံ့အားသင့်ကြခြင်းမှာ အကြောင်းနှစ် ခုကြောင့် ဖြစ်သည်။ ပထမ အကြောင်းမှာ သီပေါမင်းသားကို မင်းအဖြစ်သို့ ရောက်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားသောကြောင့် ဖြစ်ပြီး ဒုတိယအကြောင်းမှာ အင်္ဂလိပ်ကျောင်းထွက် မင်းသားတစ်ပါးက မြန်မာ့ထီးနန်းကို ပထမဆုံး သိမ်းပိုက် အုပ်ချုပ် လိုက်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သီပေါမင်းသား ထီးနန်းဆက်ခံခြင်းနှင့် ပတ်သက်၍ သီပေါမင်းသား၏ ဆရာဖြစ်ခဲ့ဖူးသူ အင်္ဂလိပ် ဘုန်းတော်ကြီး ဒေါက်တာမတ် (ဆရာမှတ်ကြီး)က သီပေါမင်းထံပေးသောစာတွင်- “အင်္ဂလိပ်ဘုန်းကြီးက ဘုရင်မင်းမြတ်အား ဂါရ၀ပြု ပါတယ်။ ဘုန်းကြီးသည် ခမည်းတော် မင်းတုန်းမင်းတရားကြီး နတ်ပြည် စံလွန်တော်မူကြောင်း ကြားသိရသဖြင့် အလွန် ၀မ်းနည်းကြေကွဲ မိပါသည်”ဟု အစချီပြီးနောက် - “ထို့အပြင် အင်္ဂလန်ပြည်နှင့်တကွ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံတကာကပင် အရှင် မင်းမြတ်သည် အင်္ဂလိပ် ကျောင်းထွက်တစ်ဦး ဖြစ်ကြောင်း သိထားနှင့်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ အရှင့်သား ထီးနန်း ဆက်ခံရသော အခါ၌ အရှင်မင်းမြတ်၏ သနားကြင်နာတတ်သည့် ကရုဏာတော်ကို ကမ္ဘာအရပ်ရပ်က သိရှိအောင်ပြသရန် ပထမဆုံး အနေဖြင့် အထူးလိုအပ်လာပါသည်။
သို့မှသာလျှင် အရှင်မင်းမြတ်၏ တန်ခိုးတော်သည် မည်မျှလောက် ကြီးမားသည်ကို လည်းကောင်း၊ အရှင်မင်းမြတ် ၏ နိုင်ငံအုပ်ချုပ်မှုသည် မည်မျှလောက် တောင့်တင်းခိုင်မာ မြင့်မားလာသည်ကို လည်းကောင်း နိုင်ငံတကာက အသိအမှတ်ပြုကာ ချီးကျူးကြပါလိမ့်မည်” အစရှိသဖြင့် ဖော်ပြထားလေသည်။ ဒေါက်တာမတ်မှာ သီပေါမင်းကို အင်္ဂလိပ်စာ သင်ပေးသည့် ဆရာ ဖြစ်သည့်အတိုင်း ယခုကဲ့သို့ သီပေါ မင်းသား မင်းအဖြစ်သို့ ရောက်လာသည့်အတွက် ဒေါက်တာမတ်သည် ဆရာ တစ်ယောက် အနေဖြင့် ဂုဏ်ယူလိုဟန်တူပေသည်။ ဂုဏ်ယူမည်ဆိုပါက ဂုဏ်ယူစရာပင်။ အဘယ်ကြောင့်ဆိုသော် ကုန်းဘောင် မင်းဆက်များအနက် အင်္ဂလိပ်ကျောင်းထွက် ရှင်ဘုရင်ဆို၍ သီပေါမင်းတစ်ပါးသာ ရှိလေသည်။
သီပေါမင်းကို ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးနှင့် မင်းတုန်းမင်း၏ ဘထွေးတော် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးဦးမှေး ၏ သမီးတော် သီရိမဟာမင်္ဂလာ သုပဘာဒေ၀ီဘွဲ့ခံ လောင်းရှည်မိဘုရား (နန္ဒဒေ၀ီ) တို့မှ ခရစ်နှစ် ၁၈၅၉ ဇန်န၀ါရီလ ၁ ရက် စနေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်မျိုးဆက် ဖြစ်သည်။ ခမည်းတော် မင်းတုန်းမင်းတရားက သားတော် မောင်မျိုးဆက် ကို အသက် ၅နှစ်အရွယ် (ခရစ် ၁၈၆၄ ဧပြီ ၂၄)တွင် သီပေါမြို့ကို မြို့စားအရာပေးအပ်သည်မှ စ၍ သီပေါမင်းသားဟု အမည်တွင် ခဲ့လေသည်။ မယ်တော် လောင်းရှည်မိဖုရားအား မင်းတုန်းမင်းတရားက စိတ်အခန့်မသင့်၍ အိမ်နိမ့်ချထားစဉ် သီပေါမင်းသားသည် တပယ်မင်းသား၏ အိမ်တော်၌ ငြိုငြင်စွာနေ ထိုင်ခဲ့ရသည်။ လောင်းရှည်မိဖုရားသည် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူး မင်းသားမောင်မှေး (ယခင် ရမ္မာဝတီမင်းသား)နှင့် ညောင်ရမ်းဝန် ဦးမြတ်ရာ (စကြာဝန်ကြီး)နှင့် ရှင်ပုဇွန်တို့၏သမီး မယ်အိခေါ် မိမိနှောက်တို့မှ ဖွားမြင်ခဲ့သူဖြစ်သည်။ သားသမီး သုံးယောက်အနက် အကြီးဆုံး သမီး ဖြစ်သည်။ မွေးချင်း များမှာ လောင်းရှည် မိဖုရားအောက် မောင်နှစ်ဦးဖြစ်သည့် ခေါင်းတုံမြို့စား မောင်ဘိုးကြီးနှင့် ငယ်ကလွန်သီရိကျော် ခေါင်ဘွဲ့ခံ ဂါမဏိတို့ဖြစ်သည်။
လောင်းရှည်မိဖုရား၏ ခမည်းတော် ချွန်းတောင်မြို့စား ဦးမှေးကို ဗဒုံမင်း၏သား အိမ်ရှေ့မင်းဦးပေါ်နှင့် သီရိသူဇာဘွဲ့ခံ နန်းမွေးခန်းတို့မှ ၁၇၉၆ နိုဝင်ဘာ ၂၆တွင် ဖွားမြင်ခဲ့သည်။ စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက်တွင် သတိုး မင်းရဲ ကျော်စွာ ဘွဲ့နှင့် ရမ္မ၀တီမြို့စားအရာကို ရရှိခဲ့သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် မြန်မာတို့ ရှုံးနိမ့်သွားသဖြင့် ရမ္မ၀တီမြို့နှင့် ဒွါရ၀တီ မြို့တို့သည် ရခိုင်ပြည်နယ်တွင် ပါဝင်သွားသဖြင့် ရမ္မ၀တီမြို့နှင့် သီပေါမြို့ကို လွှဲပြောင်း အသုံးကံကျွေးပေးရာမှ သီပေါမင်းသား တွင်ခဲ့သည်။ ထို့နောက် သာယာဝတီမင်း လက်ထက်တွင် သီပေါမင်းသားကို ခရစ် ၁၈၄၀တွင် သီရိသုမဟာ ဓမ္မရာဇာ ဘွဲ့ ပေးတော်မူခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် ဦးရီးတော်စပ်သော သီပေါမင်းသားကို သီရိသု မဟာဓမ္မရာဇာ ဘွဲ့ ပြန်ပေး၍ မိုးနဲဗိုလ်မှူးအဖြစ် ချွန်းတောင်မြို့ကို မြို့စားအရာပေးသည်။ ထိုခေတ်က မိုးနဲဆိုသည်မှာ ရှမ်းပြည်နယ် တလွှားကို တာဝန်ယူရသော ရှမ်းပြည်နယ် ဘုရင်ခံဖြစ်သည်။ သူ၏သမီးတော် နန္ဒဒေ၀ီ (နောင် လောင်းရှည်မိဖုရား) ကိုလည်း သီရိမဟာ မင်္ဂလာသုပဘာဒေ၀ီဘွဲ့နှင့် လောင်းရှည်မြို့ကို အသုံးကံကျွေးပေး၍ မိဖုရားတင်ခဲ့သည်။ လောင်းရှည် မိဖုရား ၏ မောင်တော် မောင်ဖိုးကြီး ကိုမူ သတိုးမင်းရဲသီဟသူဘွဲ့ပေး၍ ခေါင်းတုံမြို့ကို အသုံးကံကျွေးပေးခဲ့သည်။
လောင်းရှည်မိဖုရားသည် ပုဂံမင်း၊ မင်းတုန်းမင်း၊ အိမ်ရှေ့စံ ကနောင်မင်း၊ စကြာဒေ၀ီမိဖုရား ခေါင်ကြီး၊ အလယ်နန်းမိဖုရား (နောင်ရှင်ဖြူရှင်မ)၊ မင်းတုန်းမင်း၏ မကွေးမိဖုရား၊ အိမ်ရှေ့မိဖုရား လှိုင်ထပ်ခေါင်တင် တို့နှင့် မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သည်။ လောင်းရှည်မိဖုရားကို နန်းရမိဖုရား ၄ ပါး၊ အဆောင်ရမိဖုရား ၄ ပါး စာရင်းတွင် မပါ၍ မင်းတုန်းမင်း၏ မိဖုရား ငယ်တစ်ပါးဟု ထင်နေကြသည်။ အမှန်မှာ မင်းတုန်းမင်း၏ နှမတော်ဝမ်းကွဲများ ဖြစ်ကြသည့် စိန်တုံး မိဖုရား၊ လောင်းရှည်မိဖုရားနှင့် မကွေးမိဖုရားတို့သည် ၄င်းမိဖုရား ၄ ပါးအောက်၊ အဆောင်ရ မိဖုရား ၄ ပါးအထက်တွင် ရှိကြသည့် မိဖုရား များဖြစ်သည်။ လောင်းရှည်မိဖုရား၏ ခမည်းတော် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူး ဦးမှေး ကံကုန်သောအခါ ယင်းစားခဲ့ရသော သီပေါမြို့ကို သူ၏မြေးတော် ပင်းယမြို့စား မောင်မျိုးဆက်ကို မင်းတုန်းမင်းက ပေးသနား၍ သီပေါမင်းသားဟု တွင်ခဲ့လေသည်။ သီပေါမင်း၏ မွေးချင်းများမှာ အစ်မတော် ပုခန်းကြီးမြို့စား စုဖုရားကြီးနှင့် ညီမတော် မိတ္ထီလာမြို့စား စုဖုရားတို့ဖြစ်သည်။
မင်းတုန်းမင်းနှင့် လောင်းရှည် မိဖုရားတို့တွင် သားတော် သမီးတော် ၄ ပါး ထွန်းကားခဲ့သည်။ သမီးတော်အကြီးဆုံး (ပထမ) ချွန်းတောင်မြို့စား (နောင်) မိုင်းကိုင် မြို့စား မင်းသမီး သုသီရိပဘာပတီမှာ အသက် ၈နှစ် အရွယ်ကပင် ကံကုန်တော်မူသွားသည်။ ဒုတိယသမီးတော် ပထမမိုင်းကိုင်မြို့စား မင်းသမီး သုသီရိရတနာဒေ၀ီ (မောင်တော် သီပေါမင်း လက်ထက်တွင် ပုခန်းကြီးမြို့စား ပေး၍ မိုင်းကိုင်မြို့ကို ထီးမိုးရည်ခံပေးခဲ့သည်။ သို့ဖြစ်၍ ပုခန်းကြီး စုဖုရားကြီးဟု တွင်ခဲ့သည်။ ပုခန်းကြီးဆိုသည်မှာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံအထက် မြင်းခြံမြို့မှ ၁၃ မိုင်အကွာတွင် ရှိသည်။) တတိယသားတော်မှာ ပထမ ပင်းယမြို့စား၊ နောက် သီပေါမြို့စားမင်းသား သုသီရိ မဟာဓမ္မရာဇာ (နောင်ခမည်းတော် မင်းတုန်းမင်း၏ အရိုက်အရာကို ဆက်ခံ၍ သီပေါမင်းတရား ဖြစ်လာသည်။) စတုတ္ထနှင့် အထွေးဆုံး သမီးတော်မှာ ပထမ ပြောင်း(ပျောင်း)ပြာမြို့စား မင်းသမီး သီရိသုရုဇာဝတီ (နောင်တော် သီပေါမင်း လက်ထက်တွင် မိတ္ထီလာမြို့ကို မြို့စားပေး၍ ပြောင်း(ပျောင်း)ပြာမြို့ကို ထီးမိုးရည်ခံပေးသည်။ သို့ဖြစ်၍ မိတ္ထီလာစုဖုရားကလေးဟု တွင်ခဲ့သည်။) မိတ္ထီလာ စုဖုရားကလေးသည် ရမည်းသင်း စုဖုရားကလေး နှင့်နှင့်အတူ ဃနမတ္တက အဆင်တန်ဆာ ၀တ်ဆင်ခွင့်ရသော မင်းသမီးဖြစ်သည်။
ပုခန်းကြီးစုဖုရားသည် သီပေါမင်း ပါတော်မူပြီးနောက် သီပေါစော်ဘွား စောခွန်ဆိုင်နှင့် လက်ဆက်ကာ မန္တလေးမြို့ ဆိုင်းတန်း ရပ်၌ နေထိုင်ခဲ့သည်။ ထို့နောက် ၁၉၁၁ ခု မတ်လ ၇ ရက်တွင် ကံကုန်ခဲ့သည်။ ညီမတော် မိတ္ထီလာစုဖုရား သည် ဦးကျော်လိမ်းမောင်မောင် နှင့် စုံဖက်ကာ သမီးတစ်ဦးဖွားမြင် ခဲ့သည်။ မိတ္ထီလာ စုဖုရားသည် ၁၈၉၆ ဇွန်လ ၁ ရက်တွင် ကံကုန်သွားခဲ့သည်။ သီပေါမင်းသားသည် ငယ်စဉ်က အခြားသားတော်များနှင့်အတူ ဆရာမှတ်ကြီးခေါ် ဒေါက်တာမတ်၏ သံတဲကျောင်း၌ အင်္ဂလိပ်စာ ပညာသင်ကြားရသည်။ သီပေါမင်းသားသည် ဆရာမှတ်ကြီး သာသနာပြု ကျောင်းတွင် အခြားဘာ သာရပ်များ အဖြစ် အင်္ဂလိပ်စာနှင့် ခရစ်ကတ် ကစားနည်းကိုလည်း သင်ကြား တတ်မြောက်ခဲ့သည်။ စန္ဒရားတီးနည်းကိုလည်း တတ်မြောက်ခဲ့သည်။ သာသနာပြုကျောင်း ဖွင့်လှစ်ခဲ့သော ဒေါက်တာမတ်က သီပေါမင်းနှင့်ပတ်သက်၍ သူ့မှတ်တမ်း တွင် အောက်ပါအတိုင်း ရေးဖွဲ့ခဲ့သည်။
“သီပေါမင်းသားသည် နှုတ်ဆိတ်ပြီး အခြားသူများနှင့် ငြင်းခုံခြင်း အစရှိသည့် ဆန့်ကျင်ဘက် ကိစ္စများကို ပြုလုပ်လေ့မရှိသော ယဉ်ကျေးသိမ်မွေ့သည့် မင်းသားတစ်ပါး ဖြစ်သည်။ သူသည် ရိုကျိုးပြီး အမိန့်ကို နာခံတတ်သော်လည်း ပြဿနာ အနည်းငယ်ရှိသည်။ မင်းသားသည် မည်သည့်အခါမျှ ဦးစားပေးမှုခံယူရရန် မျှော်လင့်ထားခြင်း မရှိပေ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ယုံလွယ်တတ်သူလည်း ဖြစ်၏။ ကံအကြောင်းမလှစွာဖြင့် မင်းသားသည် ကျွန်ုပ်တို့နှင့်အတူ သူ၏ ကောင်းမြတ်သော အကျင့် စရိုက်များကို ပိုမိုခိုင်မာလာစေရန် ပြုစုပျိုးထောင်ခွင့် မရရှိခဲ့ပေ” ဟူ၍ ဖော်ပြထားသည်။ ထို့နောက် ၁၈၇၄ခုနှစ်တွင် ခမည်းတော် မင်းတုန်းမင်း တရားသည် သီပေါမင်းသားအား ရှင်သာမဏေ အဖြစ်ဖြင့် သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြှင့်တော်မူပြီးလျှင် မာလာလင်္ကာရ သီရိဓဇမဟာ ဓမ္မရာဇာဂုရု တံဆိပ်တော်ရ တောင်တော်ဆရာတော်ထံ အပ်နှံတော်မူသည်။ ထိုနှစ်တွင် ခမည်းတော် မင်းတရားကြီးက သားတော် သမီးတော်များ ပထမပြန် စာမေးပွဲဝင်ရမည်ဟု အမိန့်တော်မြတ် မှတ်တော် မူရာ ခရစ် ၁၈၇၅ ခုနှစ်တွင် သီပေါမင်းသားသည် လူဝတ်လဲ၍ ပထမငယ်ပြန်ဆိုသည်။ ယင်းနောက် ရှင်သာမဏေ ပြန်ဝတ်သည်။ ၁၈၇၆ခုနှစ်တွင် ပထမလတ် စာပြန်ပွဲကို အထက်ပါအတိုင်း အောင်မြင်စွာ ပြန်ဆိုနိုင်ခဲ့ပြန်သည်။ သားတော်များထဲတွင် တစ်ဦး တည်း ထူးချွန်စွာ ပထမပြန်ဆိုနိုင်သောကြောင့် သီပေါမင်းသားအား ခမည်းတော် မင်းတရားကြီးသည် လွန်စွာ အားရတော် မူ၍ မြှောက်စားခဲ့လေသည်။
(ဆက်လက်ဖော်ပြပါမည်)

Writer : သန်းဝင်းလှိုင်