*** ဆင်ကျုံးဆရာတော် ပြုစုသော ***
…** ရမည်းသင်းရာဇဝင် **…
၁။ အစဦးရမည်းသင်း (၁၂၁)
* ပထမအစဦးမြို့တည်ထောင် ဒွတ္တဘောင် *
သာသနာသက္ကရာဇ် (၁၂၁)ခုနှစ်၌ သရေခေတ္တရာပြည် ဒွတ္တဘောင်မင်းကြီးသည် ဤဇမ္ဗူ ဒီပါ ကျွန်းမြေပြင်တွင် ပျူ နိုင်ငံတော် ချဲ့ထွင်ကာ မြို့ပါကျေးလက်၊ ထောင်ပြုမြို့၊ ရာပြုမြို့ စသည်ဖြင့် မြို့ရွာပေါင်း (၁၄၁)မြို့ တည်ထောင်ပြုစုရာတွင် ဤရမည်းသင်းမြို့ ပါဝင်သည်။
* ဗုဒ္ဓဗျာဒိတ်ရမြို့ *
ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ညီတော်ရှင်အာနန္ဒာနှင့် တန့်ကြည့်တောင် (ပုဂံ) သို့ ကြွရောက်တော်မူသည်တွင် ချစ်သားအာနန္ဒာ ငါဘုရားအလောင်း ဝက်မင်းဖြစ်စဉ် အခါက ဝက်အပေါင်းနှင့်တကွ ကျက်စားနေထိုင်ခဲ့ဘူးသော အရပ်ကို မြင်တော်မူသည်။ ထိုအရပ်တွင် အရှေ့တောင်သို့ ဦးခေါင်းထားလျက် တောင်ဘက်သို့ မျက်နှာမူကာ ငါဝက်မင်း အိပ်နေပုံနှင့်တူစွာ နောင်အခါ မြို့ကြီးတစ်မြို့ ဖြစ်တည်လိမ့်မည်ဟု ဗျာဒိတ်တော် ထားခဲ့ကြောင်းကို အင်းဇင်းမုဌော (ခ) ရွှေဝက်တိုး ဘုရားသမိုင်း၌ ပါရှိသည့်အတိုင်း ဝက်မင်း အိပ်နေဟန် လေးထောင့်ပုံ မကျသော ရမည်းသင်းမြို့ကို မြို့တည်မင်းများ တည်ထားခဲ့ကြလေသည်။
ဗုဒ္ဓစာပေတို့မှာ ယင်းသို့ ဗျာဒိတ်တော်စကား မပါရှိငြားသော်လည်း ရှေးရာဇဝင် သမိုင်းဆရာတို့သည် တိုင်းပြည်၊ မြို့ပြ တည်ထောင်ခန်းကို ပြဆိုရာတွင် ဗုဒ္ဓဗျာဒိတ်ရ မြို့ဖြစ်ပုံကို ရေးသားဖော်ပြလေ့ ရှိသည့်အတိုင်း ကျွန်ပ်တို့လည်း ရမည်းသင်း (၅)မြို့ (ဇောင်ချမ်းတောင်) ဂိုဏ်းအုပ်၊ မင်းတုန်းမင်းခေတ် ဆရာတော်ကြီး၏ မှင်ရေး ပုရပိုက်မှ ကူးယူရရှိသော အင်းဇင်းမုဌော (ခေါ်) ရွှေဝက်တိုး ဘုရားသမိုင်းအရ ရမည်းသင်းမြို့ကို ဘုရားဗျာဒိတ်တော်ရ မြို့ဖြစ်ကြောင်း ရေးသားဖော်ပြခြင်း ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် နောက်ဆုံးတည်ထောင်သော မန္တလေးမြို့ကိုပင် ဗုဒ္ဓဗျာဒိတ်တော်ရ မြို့ဖြစ်ကြောင်းကို သမိုင်းများ ရေးသားခဲ့ကြလေရာ မန္တလေးထက် နှစ်ရာပေါင်းများစွာ ရှေးကြသော ဤရမည်းသင်းမြို့ကိုမူကား အငြင်းပွားစရာမလို ဗုဒ္ဓဗျာဒိတ်တော်ရမြို့ဟူသော ဘုရားသမိုင်းလာအတိုင်း လက်ခံမှတ်ယူကြရပေမည်။
* ရမည်းသင်းအစ ဒွတ္တဘောင်က *
သရေခေတ္တရာခေတ်ဦးပိုင်း မဟာသမ္ဘဝ၏ သားလည်းဖြစ်၊ စူဠသမ္ဘဝ၏ တူလည်းဖြစ်သော သာသနာနှစ် (၁၀၁)ခု၊ (ဘီစီ ၅ ရာစုနှစ်)တွင် နန်းတက်သော ဘုန်းတန်ခိုးကြီးလှသည့် မျက်စိသုံးခု၊ အတုမဲ့ခေါင်၊ ဒွတ္တဘောင် အမည်ရှိသော ဘုရင်ကြီးသည် သာသနာနှစ် (၁၂၁)ခုနှစ်၌ အစဦး ရမည်းသင်းကို တည်ထားခဲ့ကြောင်းကို ဇမ္ဗူ ဒီပ ဥဆောင်းကျမ်း စာမျက်နှာ (၉၄)တွင် ဖော်ပြပါရှိပေသည်။
ဒွတ္တဘောင်မင်းကြီးသည် ဇမ္ဗူ ဒီပကျွန်းမြေပြင်တွင် တစ်ထောင်ပြု၊ ငါးရာပြု၊ ခြောက်ရာပြု၊ ခုနှစ်ရာပြု မြို့မှစ၍ အသီးသီး တည်ထား ပြုစုခဲ့ရာတွင် ရမည်းသင်းမြို့ကိုလည်း ဗိုလ်ခြေခုနှစ်ရာတို့ဖြင့် တည်ထားပြုစုခဲ့သော မြို့ဖြစ်ကြောင်းကို ဇမ္ဗူ ဒီပဥဆောင်းကျမ်း၌ပင် ပြဆိုခဲ့ပေသည်။ ထိုသို့ ရမည်းသင်းကို တည်ထားရာတွင် သရေခေတ္တရာ နိုင်ငံတော် ချဲ့ထွင်ရေး၊ နိုင်ငံတော်ကို ထိပါး နှောင့်ယှက်လာမည့် ရှမ်းစစ်သည်များရန်ကို ကာကွယ်ဟန့်တားရေးတို့ အတွက် ကင်းတပ်မြို့ အဖြစ်ဖြင့် တည်ဆောက်ထားခဲ့သည်ဟု ယူဆသင့်ကြောင်းကို ခေတ်နှင့် နယ်မြေ အခြေအနေ ဖြစ်စဉ်သမိုင်းက ဖော်ပြလျက် ရှိပေသည်။
၂။ ဒုတိယမြို့တည်သည့် သီရိဓမ္မာသောကမင်း
ဒွတ္တဘောင်မင်းတည်ထားခဲ့သော ရမည်းသင်း ကင်းတပ် မြို့ကလေးသည် နှစ်ပေါင်း (၁၀၀) ကျော်မျှ ကာလရှည်ကြာသောအခါ ပျူ။လူမျိုးများ စွန့်ခွာရွှေ့ပြောင်း သွားကြသောကြောင့် မြို့ဆိုးကုန်း တောကြီးမျက်မည်း အနေအထားသို့ ပြန်လည်ရောက်ရှိသွားပုံ ရသည်။
သာသနာတော် သက္ကရာဇ် (၂၁၈)ခု၊ (ဘီစီ ၄ ရာစု)နှစ်၌ နန်းတက်သော ဘုန်းသမ္ဘာရှင် ဘုရင် သီရိဓမ္မာ သောက မင်းကြီးသည် သက္ကရာဇ် (၂၂၈)ခုနှစ်၊ တပေါင်းလပြည့်ကျော် (၉)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၇) ဘဝါး အချိန်တွင် ရမည်းသင်းမြို့ကို ဒုတိယတစ်ဖန် ထပ်မံတည်ထောင် ပြုစုခဲ့ကြောင်း ဇမ္ဗူ ဒီပဥဆောင်းကျမ်း (၅၇)၌ ပြဆို ထားပေသည်။
သမုဒ္ဒရာဇ်မင်း စတည်ခဲ့သော ပုဂံမြို့ကို သေဉ်လည်ကြောင်မင်းက ဒုတိယအကြိမ်၊ သိုက်တိုင်မင်းက တတိယအကြိမ်၊ ပျဉ်ပြားမင်းက စတုတ္ထအကြိမ် ဤသို့ ထပ်ခါထပ်ခါ တည်ဆောက်ခဲ့ကြသည့်နည်းတူ ဤ ရမည်းသင်းမြို့ကိုလည်း ပထမဆုံးအကြိမ် ဒွတ္တဘောင်မင်းက တည်ထားခဲ့ပြီးနောက် အသောကမင်းကြီးက ဒုတိယအကြိမ်၊ ကျော်စွာမင်းက တတိယအကြိမ် ထပ်မံတည်ထား ပြုလုပ်ခဲ့ကြပေသည်။
မြို့သက် (၁၂၆၁) ခုနှစ်မျှသာရှိသော ပုဂံမြို့ကိုပင် (၄)ကြိမ်တိုင်အောင် တည်ဆောက်ခဲ့ကြပေရာ ဤရမည်းသင်းမြို့သည်ကား ယနေ့အထိ မြို့သက်နှစ် (၂၀၀၀) ကျော်လာပြီဖြစ်၍ ဘုန်းတန်ခိုးကြီးမားသော မင်းများ လက်ထက်မှာ မြို့ယိုယွင်းခိုက်လည်း ကြုံပါမူ အသစ်ပြန်လည် တည်ဆောက်ခဲ့မည်မှာ ယုံမှားဖွယ်ရာမရှိ အကြိမ်ကြိမ် ထပ်မံတည်ဆောက်မည်သာ ဖြစ်ပေသည်။
၃။ ရမည်းသင်းမြို့စား သီဟပတေ့ (၅၆၆)
ပုဂံဇေယျသိင်္ခမင်းလက်ထက် သက္ကရာဇ် (၅၆၆) ခုနှစ်၌ ရမည်းသင်းစား သီဟပတေ့ကို တောင်တွင်းဝန် အဖြစ် ခန့်ထားလေသည်။ ထို့ကြောင့် တောင်တွင်းသီဟပတေ့ ဟုလည်း ခေါ်သည်။ ဤမြို့စား အကြောင်းကို တောင်တွင်းကြီးသမိုင်း စာအုပ် (၂၁၆)၌ ဖော်ပြပါရှိလေသည်။ ရာဇဝင်များတွင် ဖော်ပြခြင်းမရှိပေ။ ဒွတ္တဘောင်မင်း မှ ဇေယျသိင်္ခမင်းအထိ နှစ်ပေါင်း (၁၆၀၀) ကျော်မျှ အခြား ရမည်းသင်းမြို့စားမင်းများ အကြောင်းအရာ သမိုင်း ရာဇဝင်များ တိမ်မြုပ်လျက်ရှိပေသည်။ အမှန်မှာ ထိုမင်းနှစ်ပါး ကြားကာလ၌ မထင်ရှားသော မြို့စားသာမညတို့ ရှိနိုင် ပေသည်။ ရာဇဝင်၊ ကျောက်စာ၊ သံပိုင်း- သမိုင်းတို့တွင်မူ မင်းများ၏ အကြောင်း ရာဇဝင်ကိုသာ အဓိကထား၍ ရေးသားဖော်ပြထားသဖြင့် မထင်ရှားသော မြို့စားတို့ အကြောင်း ရာဇဝင်ကို ဖော်ပြရန် နေရာပေးနိုင်စွမ်း မရှိတော့ချေ။ ဤဇေယျသိင်္ခမင်းကို နတောင်းများမင်း၊ နန်းတောင်းများမင်း၊ နားဍောင်းပြာမင်း၊ ထီးလိုမင်းလိုမင်းဟု အမည်အမျိုးမျိုး ခေါ်တွင်ကြောင်း ရာဇဝင်ကြီးများ မိန့်ဆိုခဲ့ကြသည်။
၎။ တတိယမြို့တည် ပုဂံကျော်စွာမင်း (၆၄၈-၆၆၅)
နန်းကျကျော်စွာ (ခေါ်) ပုဂံကျော်စွာမင်းသည် သက္ကရာဇ် (၆၆၅) ခုနှစ်၌ ရမည်းသင်းမြို့ကို အသစ်တစ်ဖန် မွမ်းမံတည်ကြောင်းကို ယင်းခဲစားမောင်မောင် ရေးသားသော ရမည်းသင်းသမိုင်း ရာဇဝင် ဝတ္ထုစာအုပ် (၅၆)၌ လည်းကောင်း၊ ဇာတာတော်ပုံရာဇဝင် စာအုပ်၌ ဇာတာခွင်ပုံစံဖြင့် လည်းကောင်း ပြဆိုထားပေသည်။
သက္ကရာဇ် (၆၆၅) ခုနှစ်၊ တပေါင်းလဆန်း (၁) ရက်၊ နံနက် နေတက် (၇) ဘဝါး၊ မင်္ဂလာအချိန် ရမည်းသင်းမြို့ ပန္နက်ချဇာတာတော်ပုံ-
…… { ဓာတ်ပုံနှင့် ဖော်ပြထားသည် }
- မြို့တည်သက္ကရာဇ်နှင့် ပတ်သက်၍ မြို့တည်မင်း ပုဂံကျော်စွာ အနိစ္စရောက်သည့် သက္ကရာဇ်ကို ရာဇဝင် ဆရာတို့ အဆိုမညီကြချေ။
-(၁) မဟာရာဇဝင်ကြီး ပထမတွဲ (နှာ ၃/၄)၌ ကျော်စွာမင်းသည် ၆၆၅ ခုနှစ်တွင် အနိစ္စရောက်သည်ဟု ဆို၏။
-(၂) ဇာတာတော်ပုံ ရာဇဝင်ကျမ်း (၄၁)၌ ၆၆၅/၆၆၆ နှစ်၌ အနိစ္စရောက်သည်ဟု ဆို၏။
-(၃) မဏိရတနာကျမ်း (၂၂) စွယ်စုံကျော်ထင်ကျမ်း (၁၈၁) တို့၌ ၆၆၆ ခုနှစ် အနိစ္စရောက်သည်။
-(၄) မှန်နန်းရာဇဝင် ပထမအုပ်(၃၆၅)၌ ၆၆၂ ခုနှစ်၌ အနိစ္စရောက်သည်ဟု ဆို၏။
-(၅) တွင်းသင်းရာဇဝင်သစ်၌ လည်းကောင်း၊ စစ်ကိုင်း စောဥမ္မာကျောက်စာ၌ လည်းကောင်း၊ ငစဉ့်ကူးမင်း ရွှေနားတော်သွင်း ဧချင်း၌ လည်းကောင်း ၆၆၂ ခုနှစ်၌ ကျော်စွာ အနိစ္စရောက်သည်ဟု ဆို၏။
မည်သို့ပင်ဆိုစေ ကျော်စွာမင်း နန်းမကျမှီ ရမည်းသင်းမြို့တည်ရန် စီမံခဲ့သည်ဟု မှတ်ယူကြရပေမည်။ ပုံစံဇာတာခွင်ပါသော မင်္ဂလာအချိန်အခါတွင် ဗုဒ္ဓဗျာဒိတ်တော်အရ ရမည်းသင်းမြို့ တည်လတ္တံဖြစ်သော ကုန်းမြေပြင်၌ ပုဏ္ဏားဝန် ဗြဟ္မဏစန္ဒ အစရှိသော အခါပေး သုခမိန်တို့ စုံညီစွာ ( ၁။မြို့ပန္နက်၊ ၂။ကျုံးပန္နက်၊ ၃။ကန်၊ ၄။စည်းခုံ၊ ၅။သိမ်၊ ၆။နတ်ကွန်း၊ ၇။ဆင်ကျုံးပန္နက် ) "၇" ဌာနလုံး တစ်ပြိုင်တည်း ချကြသည်။
ရမည်းသင်းမြို့တည်စ မြေပုံကြီး (ပုံပါ) ကို မြန်မာဘုရင်ခေတ် နောက်ဆုံးရမည်းသင်းမြို့ သူကြီး ဦးမင်းနိုင်၏ မြို့စာရေးမှတ်တမ်း ပုရပိုက်ကြီးမှ ကူးယူရရှိသည်။
ဖော်ပြပါ (ဓာတ်ပုံပါ) မြို့တည်စ မူလပုံကို အင်္ဂလိပ်ခေတ် မြေပုံစကေးဖြင့် မြေတိုင်းအင်စပက်တော်ကြီး ဦးလှအောင် (အင်္ဂလိပ်ခေတ်) က တွက်ချက် ရေးဆွဲပေးသည်။ မြို့(၄)ထောင့်၌ ရာဝင်ဆီပြည့်အိုးကြီး (၄)လုံး ဓိဋ္ဌာန်မြှုပ်နှံ၍ ဗုဒ္ဓဗျာဒိတ်တော်အတိုင်း ဝက်မင်းအိပ်နေဟန် မြေပုံပန္နအရ မြို့အရှေ့တောင်ထောင့်မှ အရှေ့မျက်နှာ ရာမာဝတီတံခါး (ယခု ရွှေကူကျောင်းလမ်း) အထိ တာ ၁၀၀၊ တံခါးအကျယ် ၁ တာ၊ ၁ တောင်၊ ၂ မိုက်ကျယ်၏။ ရာမာဝတီတံခါးမှ တောင်ဘက်သို့ အရှေ့မျက်နှာ မလွယ်တံခါး အမှတ် ၂ အထိ ၄၁ တာ။ မလွယ်တံခါး အမှတ် ၂ အကျယ် ၃ တောင်။ ၎င်းမှ တောင်ဘက် မလွယ်တံခါး အမှတ် ၃ ရွှေကူရွာလမ်းအထိ တာ ၁၀၀၊ တံခါးအကျယ် ၃ တောင်။ ၎င်းမှ အရှေ့တောင်ထောင့်အထိ တာ ၆၀။ ၎င်းမှ အနောက်ဘက် စံရာဝတီတံခါးအထိ တာ ၂၀။ ယခုအခါ ဈေးထောင့် မီးသတ်ဟောင်း (ယနေ့ လူမှုထူးချွန်စာကြည့်တိုက်နေရာ) အရှေ့လမ်းမှ ကန်သစ်ဘက်သို့ သွားသော လမ်းဖြစ်သည်။ စံရာဝတီ တံခါးပေါက် အကျယ်မှာ ၁ တာ၊ ၁ တောင်၊ ၂ မိုက်ကျယ်သည်။ ၎င်း စံရာဝတီတံခါးမှ မလွယ်တံခါး အမှတ် ၄ အထိ တာ ၄၀၊ တံခါးအကျယ် ၃ တောင်။ ၎င်းမှ သာမာဝတီတံခါး (မြို့အနောက်တောင်ဘက် ထွက်လမ်း) အထိ တာ ၆၀၊ တံခါးအကျယ် ၁ တာ၊ ၁ တောင်၊ ၂ မိုက်။ ၎င်းမှ အနောက်တောင်ထောင့် အထိ တာ ၁၀။ ၎င်းမှ မြောက်ဘက် အောင်ချာဝတီတံခါး (ဘူတာလမ်းအထိ) တာ ၁၀၀၊ တံခါးအကျယ် ၁ တာ၊ ၁ တောင်၊ ၂ မိုက်။ ၎င်းမှ မြောက်ဘက် ခေမာဝတီတံခါး (ဆေးရုံဟောင်းလမ်း) အထိ တာ ၆၀၊ တံခါးအကျယ် ၁ တာ၊ ၁ တောင်၊ ၂ မိုက်။ ၎င်းမှ အနောက်မြောက်ထောင့်အထိ တာ ၆၀။ ၎င်းမှ အရှေ့ဘက်သို့ မလွယ်တံခါး အမှတ် ၁ အထိ တာ ၄၀။ တံခါးအကျယ် ၃ တောင်။ ၎င်းမှ အရှေ့ဘက် ဇယဝတီတံခါး (ပျဉ်တပ်ဖက်ထွက်လမ်း) အထိ တာ ၆၀၊ တံခါးအကျယ် ၁ တာ၊ ၁ တောင်၊ ၂ မိုက်။ ၎င်းဇယဝတီတံခါးမှ အရှေ့မြောက်ထောင့် အထိ တာ ၃၀။ ဤသို့လျှင်-
-(က) မြို့အရှေ့မြောက်ထောင့်မှ အရှေ့တောင်ထောင့်အထိ ၁၃၂ တာ၊ ၂ မိုက်။
-(ခ) မြို့အရှေ့တောင်ထောင့်မှ အနောက်တောင်ထောင့်အထိ ၁၃၂ တာ၊ ၆ တောင်၊ ၁ မိုက်။
-(ဂ) အနောက်တောင်ထောင့်မှ အနောက်မြောက်ထောင့်အထိ ၂၂၂ တာ၊ ၃ တောင်၊ ၁ မိုက်။
-(ဃ) အနောက်မြောက်ထောင့်မှ အရှေ့မြောက်ထောင့်အထိ ၁၃၁ တာ၊ ၄ တောင်၊ ၂ မိုက်။
ပေါင်း မြို့အရပ်လေးမျက်နှာပတ်လည် ၇၉၀ တာ၊ ၁ တောင် ရှိ၏။
-(င) မြို့ အကျယ်အဝန်း တောင်-မြောက် တာပေါင်း ၃၃၀ တာ၊ ၄ တောင်၊ ၂ မိုက်ရှိ၏။
မြို့ အရှေ့-အနောက် အကျယ် ၁၄၂ တာ ကျယ်၏။
-(စ) မြို့ရိုး အမြင့် ၉ တောင်၊ ၂ မိုက်။ မြို့ရိုးဒုအထူ ၅ တောင်။
-(ဆ) ကျုံး အကျယ် တာ ၂၀၀ ကျယ်သည်။
**အထူးမှတ်ရန်မှာ။ ။ ၃ မိုက်လျှင် ၁ တောင် ရှိသည်။ ၇ တောင်လျှင် ၁ တာရှိသည်။ မြို့ရိုးတံခါးပေါင်း ၁၀ ခု ရှိရာမှာ လမ်းအကျယ် တံခါးကြီး ၆ ခု၊ လမ်းကျဉ်း မလွယ်တံခါး ၄ ခု။
* တံခါးကြီး (၆) ခု *
{၁} အရှေ့မျက်နှာ- ရာမာဝတီတံခါး
{၂} တောင်မျက်နှာ- စံရာဝတီတံခါး
{၃} အနောက်တောင်- သာမာဝတီတံခါး
{၄} အနောက်မျက်နှာ- အောင်ချာဝတီတံခါး
{၅} အနောက်မြောက်- ခေမာဝတီတံခါး
{၆} မြောက်မျက်နှာ- ဇယဝတီတံခါး
ဟု တံခါးပေါက်ကြီး ၆ ခု ရှိ၏။
* တံခါးငယ် မလွယ်ပေါက် (၄) ခု *
(၁) ခေမာဝတီတံခါးနှင့် ဇယဝတီတံခါး ၂ ခုအကြား မလွယ်တံခါး (အမှတ် ၁) တစ်ခု။
(၂) ရာမာဝတီတံခါးနှင့် စံရာဝတီတံခါး ၂ ခုအကြား မလွယ်တံခါး (အမှတ် ၂-၃) နှစ်ခု။
(၃) စံရာဝတီတံခါးနှင့် သာမာဝတီတံခါး ၂ ခုအကြား မလွယ်တံခါး (အမှတ် ၄) တစ်ခု။
ဤသို့လျှင် မြို့၊ ကျုံး၊ စည်းခုံ၊ သိမ်၊ ကြာနီကန်၊ နတ်ကွန်း၊ ဆင်ကျုံး (ဤခုနှစ်ဌာနကို) တစ်ပြိုင်တည်း မြို့တည်ဆောက်ကြလေသည်။
ကြာနီကန်ဟူသည်မှာ ယခုအခါ ကြေးနီကန် ဟု ခေါ်တွင်နေသော ကန်တော်ကြီးပင်တည်း။
* သိမ် နှင့် ဘုရား *
၁။ မြို့အရှေ့မျက်နှာ- ရွှေကူသိမ်နှင့် စည်းခုံဘုရားတစ်ဆူ။
၂။ မြို့တောင်မျက်နှာ- သိမ်တော်ကုန်းသိမ်နှင့် စည်းခုံဘုရားတစ်ဆူ။
၃။ မြို့အနောက်မျက်နှာ- ကျီးသဲသဲသိမ်နှင့် စည်းခုံဘုရားတစ်ဆူ။ (ယခု ဇေယျာအောင်မြင်)
၎။ မြို့မြောက်မျက်နှာ- စံလွှတ်သိမ်နှင့် စည်းခုံဘုရားတစ်ဆူ။
ဤ သိမ်နှင့် ဘုရားတို့ကိုလည်း တစ်ပြိုင်နက်တည်း တည်ထားခဲ့လေသည်။
* မြို့တည်မင်းရာဇဝင် *
ရမည်းသင်းမြို့ကို တတိယအကြိမ် တည်ဆောက်သည့် မြို့တည်မင်း၏ အတ္ထုပ္ပတ္တိရာဇဝင်ကို မပြဆိုမီ သီပေါဘုရင် ပါတော်မူချိန်တွင် သက်တော် (၄၀) ကျော် ရှိနေပြီဖြစ်သော မင်းတုန်းဘုရင်၏ စိန်တုံးမိဖုရာကြီး ကိုးကွယ်သော ရွှေစောလူး ဆရာတော်ဘုရာကြီးသည် ရမည်းသင်းမြို့ရိုးဟောင်း တည်ရှိနေပုံကို မျက်မြင် သိတော်မူသည့်အလျောက် "မကာရန္တဗိုလ်ပြေး ဂြိုဟ်ပြေးဗေဒင်လက္ခဏာ ကျမ်းကြီး၏ နိဂုံးသံပိုင်း လင်္ကာကြီးကို စီကုံးရေးသားခဲ့လေသည်။ ယင်းသံပိုင်တည်းမှ မြို့တည်သမိုင်းဆိုင်ရာ (အလယ်စာ) များကို ထုတ်နုတ်ပြပါအံ့။
** လူနေပြည့်နှက်၊ ကျေးလက်နိုင်ငံ၊ စည်ကားဟန်မှာ၊ ခြောက်တန်နတ်ပြည်၊ လျော၍တည်သို့၊ ဂုဏ်ရည်တံခွန်၊ ထူးကဲလွန်းခဲ့၊ တိုင်းစွန်ပြည်နား၊ ပိုင်းခြားသမုတ်၊ ဇနပုဒ်နိဂုံး၊ ချိမ့်ချိမ့်အုံးမျှ၊ ပတ်ကုန်းမြို့ရွာ၊ ရှိတို့ပါလည်း၊ ဝလာဥဒ္ဓင်၊ ဝေဟင်တိမ်ထပ်၊ အာဟိဏ်ပတ်၍၊ နတ်ဖန်ကရွတ်၊ ခြည်ရောင်လွှတ်သည့် ဝိဝဋ္ဋဌာ ကပ်ဦးခါဝယ်၊ လက္ခဏာသမ္ပတ်၊ ကောင်းမြတ်မြေကျန်၊ နက်သန်ဘူမိန်၊ သီရိန်ရိပ်မြုံ၊ ဇေယခုံနှင့် စမုံနဝင်း၊ သက်ဆင်းဝဲယာ၊ နှစ်ဖြာနတ်ချောင်း၊ ရေဝေမြောင်းဟု၊ စာဟောင်းသိုက်ထွက်၊ ဤမြေထက်၌၊ မည်းနက်မည်းကြုတ်၊ ဂေါဏုဿ ဘ၊ ကြီးလှခွန်အား၊ နွားလားဘုရင်၊ လောင်းဗုဒ္ဓင်သည် ခိုဝင်မှီတင်း ဖော်ရွှေသင်းနှင့် ဘေးကင်းရန်မဲ့၊ သင်းဖွဲ့ပျော်စံ၊ ဌာနမှန်၍ ပုဂံစိုးမင်း၊ ကျော်စွာမင်းလျှင်၊ တြင်းသမ္ပာတ်၊ သိုက်ဓာတ်နိမိတ်၊ တိတ်စွဲတဘောင်၊ ကုန်အောင်ရှာဖွေ၊ ထုံးနည်းနာနှင့် ကောဇာအထွတ် ဆသုံးချက်တွင် ကနက်ထီးနန်း၊ ကြငှန်းစိုက်ထောင်၊ မြို့တန်ဆောင်ကို၊ တည်ထောင်ဖန်ဆင်း၊ နွားမည်းသင်းဟု ဘေးကင်းရန်ပ၊ ဆန်းဂိုဏ်းချ၍ ကောင်းလှဘွဲ့မြတ်၊ ပေးအပ်တော်မူ၊ မြို့ရိပ်ငူနှင့်၊ နှုံးယူဘက်စံ၊ မတူတန်ခဲ့၊ ရေကန်ရေတွင်း၊ နတ်အင်းနတ်ချောင်း၊ နတ်မြောင်းစုံစီ၊ စေတီကျောင်းကန်၊ အာရာမ်တိုက်တာ၊ များစွာစုံပေါင်း၊ တန်ဆောင်းမဏ္ဍပ်၊ ဇရပ် တံတား၊ ဘုရားပုထိုး၊ အုပ်ရိုးစည်းခုံ၊ ရုပ်ပွါးသွန်းပြု၊ ဆင်းတုဗိမ္ပ၊ သရီရဓာတ်၊ မွေတော်မြတ်တို့၊ ကိန်းဝပ်မှီတင်း၊ ကျောင်းတော်တွင်းဝယ်၊ ခင်းကျင်းစီမံ၊ မဟာရာမ်နှင့်၊ ဖန်မှန်ချယ်စီ၊ ဣန္ဒနီဝယ်၊ စိန်ဝဇီပွင့်၊ ရောင်စုံတင့်သား၊ ဖြိုးဝင့်အာဟိဏ်၊ မွန်းတည့်ချိန်တွင် မာလိန်တိုင်ဖျား၊ ရောင်စုံကြွားသည့် ပတ္တမြားစိန်ကြောင်၊ ဖန်ကျောက်ရောင်နှင့်၊ တစ်ထောင်အတွက်၊ ခြည်ရောင်ထွက်သည့် ဖန်စက်ဗိမာန်၊ ရထားပျံတို့၊ ဥဒ္ဓံဝေဟင်၊ မိုးတစ်ခွင်ဝယ်၊ သေနင်ရှုံးနိုင်၊ ရောင်ချင်းဆိုင်၍ စစ်ပြိုင်ချင်းနင်း၊ ဗြူ ဟာကျင်းသော်၊ ဒေါင်းမင်းရောင်ခြည်၊ ထောင်စစ်သည်လျှင်၊ မတည်မငြိမ်၊ အချိန်မွန်းယိမ်း၊ စစ်ခေါင်းကြိမ်း၍၊ ရှောင်တိမ်းဆုတ်ခွာ၊ ဂေါရာနောက်ကျွန်း၊ စက်ကုန်တွန်း၍၊ ယွန်းရမတတ်၊ ရောင်စုံလျှပ်သည့်၊ ပြာသာဒ်ဘုံပျံ၊ အတန်တန်နှင့် ဝေယံကြငှန်း၊ ထူးဆန်းတင့်တယ်၊ အသွယ်သွယ်တည့်၊ မလွယ်တံခါး၊ ရင်တားမော်ကြိုး၊ အုတ်မြို့ရိုးနှင့်၊ ပြအိုး-တန်ဆောင်း၊ ကျုံးမြောင်း ခွေပတ်၊ အိုင်နောတတ်သို့၊ ရဟတ်ရေဟုံ၊ စုံဆန်သက်ဆင်း၊ မြို့တွင်းမြို့ပြင်၊ ဥယျာဉ်ပန်းခြံ၊ ဗိမာန်ကြီးငယ်၊ အံ့ဖွယ်ထူးဆန်း၊ တိုက်အိမ်တို့လည်း၊ နတ်နန်းအသွင်၊ မြို့တောင်ပြင်ဝယ်၊ အဝင်နှစ်ပေါက်၊ ရှေ့နှင့်နောက်တည၊့် တောင်မြောက်အထွက်၊ လေးချက်ပိုင်းခြား၊ ကျောက်တံခါးနှင့်၊ ရှစ်ပါးအံ့ဖွယ်၊ ကြီးကျယ်နက်ရှိုင်း၊ လှိုင်းတဖောင်ဖောင်၊ ရေတောင်မောက်ဖြိုး၊ ကမ်းလုံးကြိုးမျှ၊ တံပိုးအဟုန်၊ လွန်ပြည့်စုံသား၊ ကုဏ္ဍရထ၊ သီဟဆန္ဒန်၊ ကဏ္ဏမုန်အိုင်၊ သွယ်ပြိုင်ခွေပတ်၊ ရေရဟတ်နှင့်၊ နောက်တတ်ကရွတ်၊ ဘန်ကထွတ်မှ၊ အာဝဋ်အင်္ဂါ၊ ဇလာပြွန်ဆိုင်၊ ကြာမျိုးလှိုင်သည့်၊ အိုင်ခုနစ်လီ၊ မန္ဓာကီသို့၊ ကြေးနီကန်မင်း၊ ပြွန်လေးစင်းမှ၊ သက်ဆင်းရေဟုန်၊ ဝဲဆုံလှိုင်းလိပ်၊ ကြောက်ထိပ်လန့်ဖွယ်၊ စီးသွယ်စုံပေါင်း၊ စမုံချောင်းနှင့် နတ်မြောင်းသီတာ၊ ဖီလာပတ်ရိုက်၊ ဓာတ်သမိုက်တွင်၊ တအင်မချို့ ဂုဏ်ပေါင်းမို့၍ မြို့လက္ခဏာ၊ ဝတိံသာနှင့် နိမ္မာမယွင်း၊ နှိုင်းစာခင်းသား၊ ရွှေသင်းအောင်ချာ……စသည်ပါ၏။
* မြို့တည်မင်းပုဂံကျော်စွာ (၆၄၈-၆၆၆) *
နရသီဟပတေ့မင်း (ခေါ်) တရုတ်ပြေးမင်း အနိစ္စရောက်ပြီးနောက် ၎င်း၏သားတော်သုံးပါးထဲမှ အသက်မသေပဲ သားတော်တစ်ပါး ကျန်ရှိနေရာ ဒလစားကျောင်စွာမင်းပင်ဖြစ်၏။ တိုင်းပြည်တွင် မင်းလစ်လပ်နေပြီ ဖြစ်၍ မိဖုရားစောနှင့် မှူးမတ်တို့ တိုင်ပင်ညီညွတ်ကြ၍ သက္ကရာဇ် (၆၄၈) ခုနှစ် ဒလကျော်စွာကို မင်းမြှောက်ကြလေသည်။ ထိုကျော်စွာမင်းကပင် သက္ကရာဇ် (၆၆၆) ခုနှစ်၌ ရမည်းသင်းကို တတိယအကြိမ် တည်ထားပြုလုပ်ကြောင်းကို အထက်ပါ ရွှေစောလူး ဆရာတော်ဘုရာ၏ သံပိုင်းလင်္ကာကြီးအရ သိမှတ်ရပေသည်။
ကျော်စွာမင်းသည် လူချောလူလှဖြစ်၏။ စိတ်နှလုံး နူးညံ့လှ၏။ သီလ၊ သမာဓိ၊ ပညာနှင့်လည်း ပြည့်စုံ၏။ ရဟန်းရှင်လူ တိုင်းသူပြည်သား တို့ကိုလည်း ရင်ဝယ်သားကဲ့သို့ သနားချစ်ကြည်တော်မူတတ်၏။ ဒလမြို့စား ကျော်စွာမင်းသည် ခမည်းတော် တရုတ်ပြေးမင်း၏ အရိုက်အရာ ဆက်ခံ နန်းတက်သောအခါ စောစိုးကို မိဖုရားကြီး တင်မြှောက်၏။ ပုသိမ်စား ဥဇနာ၏ နှမဖြစ်သော ဖွားစောရှင်ကို အမှတ် ၂ မိဖုရား အဖြစ်လည်းကောင်း၊ ခမည်းတော်၏ မိဖုရားငယ် ရှင်ရွှေ၏သမီး မိစောဦးကို အမှတ် ၃ မိဖုရား အဖြစ်လည်းကောင်း တင်မြှောက်သည်။
တောင်နန်းမိဖုရားကြီး စောစိုးဆိုသူသည် ကျစွာမင်း၏ မြေးလည်း ဟုတ်၏။ ရာဇသင်္ကြန် ခင်စောထွတ်တို့၏ သမီးတော်လည်း ဖြစ်သည့်အပြင် ပုသိမ်စားဥဇနာ၏ မိဖုရားစောစံ၏ ညီမတော်လည်း ဖြစ်ပါ၏။ ရာဇဝင် စာအုပ်ကြီးများတွင် ဤမိဖုရား ၃ ပါးကိုသာ ပြဆိုသော်လည်း ယင်းခဲစားမောင်မောင် ရေးသားသော ရမည်းသင်းသမိုင်း ရာဇဝင်ဝတ္ထု၌မူ စောဘွားသမီး မနန်းစိန် အမည်ရှိသော မိဖုရားငယ် အကြောင်းကို ပြဆိုထားလေသည်။
ပုဂံကျော်စွာမင်းက ရမည်းသင်းမြို့ တည်ပုံကို ယင်းခဲစားမောင်မောင်က ရမည်းသင်းသမိုင်း ရာဇဝင်ဝတ္ထု ဟူသော အမည်ဖြင့် စာအုပ်ရေးသား ထုတ်ဝေခဲ့သည်။ ၎င်းစာအုပ်မှ အကျဉ်းထုတ်ယူ ရေးပြပါမည်။
ဒလကျော်စွာ အမည်ရှိသော မင်းသားသည် ခမည်းတော် နရပတေ့ တရုတ်ပြေးမင်း၏ နန်းတွင်းရေးကြောင့် မထင်ရှားသောအသွင်ဖြင့် ထွက်ပြေးတိမ်းရှောင်လာရာ စတုတ္ထပုဂံပြည် တည်ထောင်သော ပျဉ်ပြားမင်း ငယ်စဉ်က မြို့စားအဖြစ်ဖြင့် နေခဲ့ဘူးသည့် ပျဉ်ပြားရွာကြီးအနီး မြင်းနားရွာ တောင်သူကြီး တစ်ဦး၏ အိမ်သို့ ရောက်ရှိတည်းခို နေထိုင်လျက် နွားများကို ကူညီထိန်းကျောင်းပေးကာ နွားကျောင်းသား အသွင်ဖြင့် ရုပ်ဖျက်ပြီး တောသားကြီး လုပ်နေလေသည်။
ထိုအချိန်တွင် တစ်ခုသော တပေါင်းလ၌ ပင်လောင်းစောဘွားကြီး ဇနီးမောင်နှံနှင့် သမီးမနန်းစိန်တို့သည် ပျဉ်ပြား မြင်းနားရွာတို့၏ အနီး၌ တည်ရှိသော ရွှေမြင်တင်တောင်တော် ဘုရားပွဲသို့ နွားလှည်းများဖြင့် လာကြစဉ် လမ်းဓားပြတို့ လုပ်ကြံသဖြင့် စော်ဘွားကြီးမှာ ကံတော်ကုန်ရရှာလေသည်။ ခိုကိုးရာမဲ့ မနန်းစိန်တို့ သားအမိနှစ်ယောက်သည် ရွှေမြင်တင်ဘုရားတောင်၏ တောင်ဘက်အနီး တစ်ခုသော ယာလုပ်တဲကြီး၌ ခိုကိုးနေရစဉ် မင်းသားကျော်စွာသည် မောင်ရန်ရှောင် အမည်ဖြင့် နွားကျောင်းရင်း ရေတောင်းသောက်ရာမှ အစပြု သိကျွမ်းလျက် ရက်လကြာလတ်သော် ရင်းနှီးခင်မင် မေတ္တာသက်ဝင် လာကြပေသည်။
ပုဂံနေပြည်တော် နန်းတွင်းရေး ငြိမ်းအေးသောအခါ ဝန်မင်းလေးပါးတို့ မင်းသားရှာ ထွက်ကြလေရာ ပထမ ဝတီးအရပ်သို့ ဆိုက်ရောက်စုံစမ်းကြသည်။ ဝတီးသားတို့ ညွှန်ကြားချက်အရ လူမျိုးစုံ ပရိတ်သတ်တို့ ကျိတ်ကျိတ်တိုး စည်ကားစွာ ပွဲတော်ကျင်းပနေသော ရွှေမြင်တင်ဘုရားပွဲတော်သို့ ရောက်ရှိ၍ လူပုံစံပြောပြ စုံစမ်းကြရာ သဲလွန်စ သတင်းအနံ့ကို ရရှိကြလေတော့သည်။ သူ၏ဇာတိရွာက နိမိတ် ၃ တောင်တဲ့၊ သူ့အဖေက နရတံဆောင်တဲ့၊ သူ့အမေက မဖြူ ရောင်တဲ့၊ သူ့နာမည်က မောင်ရန်ရှောင်တဲ့။ ဤသို့သော စကားအသုံးအနှုန်းဖြင့် ရွှေမြင်တင် နယ်တလွှားမှာ လူသိများ၊ ရေပန်းစားနေသောအချိန် လူတိုင်းလိုလို စိတ်ဝင်စားနေသော စောဘွားကြီးသမီး မနန်းစိန်နှင့် ချစ်ကြည်ရည်ငံနေကြသတဲ့ဟူသော သတင်းစကား ခေတ်စားနေချိန်တွင် ဝန်မင်းတို့ ရောက်လာ စုံစမ်းခြင်းဖြစ်ရာ လွယ်ကူစွာပင် စုံစမ်းရရှိလေတော့သည်။ စုံစမ်းသိရှိချက်အရ သွားရောက်တွေဆုံ ပင့်ဆောင်လေရာ မင်းသားကျော်စွာသည် သန္ဓေခနေပြီဖြစ်သော မနန်းစိန်ထံ သွားရောက်နှုတ်ဆက်ပြီးလျှင် နန်းစဉ် လက်စွပ်ကို ပေးအပ်ကာ သမီးလေး မွေးဖွားလျှင် ထုခွဲရောင်းချ စားသောက်လေ၊ သားတော်လေး မွေးဖွားလျှင် နေပြည်တော်သို့ လိုက်ခဲ့ပါဟု မှာထားပြီးလျှင် မင်းသားကျော်စွာသည် နေပြည်တော်သို့ လိုက်ပါသွားရ လေတော့သည်။ မနန်းစိန်သည် လများမကြာမီ သားတော်လေး မွေးဖွားလာလေရာ နေပြည်တော်ခရီးလမ်းပန်း စုံစမ်းရင်း သားတော် လေးဘက်တွားသွားနိုင်သော အရွယ်ရှိသောအခါ နေပြည်တော်သို့ လိုက်သွားလေတော့သည်။ ထိုအချိန်တွင် ခမည်းတော် နရသီဟပတေ့မင်းကြီး၏ ထီးနန်းအရိုက်အရာကို ကျော်စွာမင်း ဆက်ခံ နန်းစံနေပြီ ဖြစ်၍ သားအမိနှစ်ယောက် စုံစမ်းရောက်ရှိလာလျှင် ငါ့ထံ အမြန်ပို့ကြဟု တံခါးမှူး အား (မနန်းစိန်၏ ပုံသဏ္ဌာန်) ပြောပြမိန့်မှာထားသည့် အားလျော်စွာ ကျော်စွာမင်းထံ ကျော်စွာမင်းထံ မနန်းစိန်တို့ သားအမိနှစ်ယောက် ရောက်ရှိလာသောအခါ ညီလာခံ ဗိုလ်ပုံအလယ်မှာပင် မိဘုရားအဖြစ် မြှောက်စားတော် မူလေသည်။
မင်းမိဖုရား ၂ ပါးတို့သည် စစဦး တွေ့ကြုံ ဆုံစည်းခဲ့ကြရသော ဒေသနယ်မြေကို လွမ်းစိတ်များ ဖြစ်ပွားကြသဖြင့် အလွမ်းပြေ သွားရောက်စံနေ (လည်ပတ်) လိုသောကြောင့် ယာယီတဲနန်းမြို့တည်ရန် သုခမိန် ဗြာဟ္မဏစန္ဒတို့ကို မေးမြန်းတော်မူလေရာ ထိုနယ်မြေတွင် ဗုဒ္ဓဗျာဒိတ်တော်ရ မြို့တည်ရန် မြေရှိနေပါကြောင်း သိုက်တဘောင်ကိန်းခမ်းအရ ရှာဖွေကာ မြို့တည်ရပါလျှင် စည်ပင်ဝပြော သာယာလှသော မြို့ကြီး ဖြစ်လာနိုင်ပါကြောင်း သံတော်ဦးတင်လျှောက်ချက်အရ ထိုဗြဟ္မဏစန္ဒ ဦးဆောင်သော မြို့တည်အဖွဲ့ကို အဆိုပါ ဒေသသို့ စေလွှတ်လိုက်လေသည်။
ဗြာဟ္မဏစန္ဒတို့ မြို့တည်အဖွဲ့သည် ဘုရင့်အမိန့်တော်အရ ရွှေမြင်တင်တောင်တော်အနီး ပျဉ်ပြားရွာသို့ ရောက်ရှိတည်းခိုလျက် စုံစမ်းကြရာ တွေရှိသမျှ မြေနေရာတို့သည် ဗေဒင်ကိန်းခန်းတို့နှင့် မကိုက်ညီသောကြောင့် အခက်အခဲ ကြုံတွေ့နေရစဉ် ရွာစားကြီး ဘိုးညာဏ၏ ညွှန်ပြပို့ဆောင်ပေးချက်အရ ပိဋကတ္တယဆေက၊ ဗေဒတ္တယ ပါရဂူ ဖြစ်တော်မူသော ရွှေမြင်တင်တောင်ပေါ် ဆရာတော်ဘုရာထံသို့ ရောက်ရှိကာ အကျိုးအကြောင်းကို လျှောက်ထားကြသည်တွင် ဤဘုရားတောင်တော်မှ အနောက်တစ်ဂါဝုတ် သာသာလောက်ရှိသော စည်မျက်နှာပြင် ကဲ့သို့ ညီညွတ်သည်ဖြစ်၍ ဘူမိနက်သန်မှန်သော မြေအရပ်သည်ရှိ၏။ ထိုအရပ်၌ နွားနက်၊ နွားမည်းတို့သည် အသင်းအပင်းအလိုက် အုပ်စုဖွဲ့လျက် ခိုဝင်အိပ်နားနေသည်ကို တွေ့ရှိကြလိမ့်မည်။ ဘုရားရှင်သည်လည်း နုစဉ်ကာလ၊ ဝက်မင်းဖြစ်စဉ်က ထိုနေရာ၌ပင် ဝက်အပေါင်းတို့ဖြင့် ခိုဝင်နေထိုင်ခဲ့ဘူးသည်။ ကျော်စွာမင်း အုပ်စိုးစဉ်ကာလ ထိုဒေသ၌ပင် အလောင်းတော်ဝက်မင်း အိပ်နေဟန် လေးထောင့်ပုံစံ မကျတကျ မြို့တည်ကြလိမ့်မည်ဟု ဗုဒ္ဓဗြာဒိတ်တော် ရှိခဲ့ဖူးသော နေရာလည်းဖြစ်သည်။ သို့ကြောင့် ထိုနေရာ၌ အချိန်ကောင်း အခါမြတ် တွက်ချက်သတ်မှတ်၍ မြို့တည်ကြရန် ရွှေမြင်တင် ဆရာတော်ဘုရာက အမိန့်ရှိတော် မူလေသည်။
မြို့တည်အဖွဲ့တို့သည် မြို့နေရာ တွေ့ရှိ၍ မြို့တည်ရန် အခါပေး စာမူကို သုခမိန်ဗြာဟ္မဏစန္ဒတို့က ရွှေမြင်တင် ဆရာတော်ဘုရာအား ဆက်ကပ်လေသည်။ ဆရာတော် ထပ်မံစီစစ်ပြီးလျှင် ဇာတာတော် ပုံပါအတိုင်း သက္ကရာဇ် ၆၆၅ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၇ ဘဝါး၊ တူလဂ်၊ ဓနုစန်းတည်ချိန်၊ မင်္ဂလာအခါတွင် မြို့တည်ပန္နက်တင်ရန် အတည်ပြုပေးလေသည်။ ဤအစီအစဉ်အရ နွားမည်းသင်းမြို့ ဟူသော အမည်ဖြင့် မြို့ကြီး တည်ထောင်ဖန်ဆင်း လိုက်ကြပေတော့၏။ နွားမည်းသင်းမှ နမည်းသင်း၊ ရမည်းသင်းဟု အဆင့်ဆင့် ရွေ့လျော ပြောင်းလဲခေါ်တွင် ကြလေတော့သည်။ "ဤရမည်းသင်း ရာဇဝင်ဝတ္ထုကို ရေးသူ ယင်းခဲစား မောင်မောင် ဟူသည်မှာ မင်းတုန်းဘုရင်ခေတ်မှ သီပေါမင်း ပါတော်မူသည်အထိ ယင်းခဲမြို့စားမင်း ဖြစ်၏။ အင်္ဂလိပ်ခေတ်တွင် မန္တလေးတောင်တော် ရသေ့ကြီးဦးခန္တီ၏ ပိဋကတ်ပုံနှိပ်တိုက်တွင် အယ်ဒီတာ အဖြစ်ဖြင့် ရမည်းသင်းရာဇဝင် ဝတ္ထုစာအုပ်အပြင် ရွှေမြင်တင်တောင်တော် ဘုရားကြီးနှင့် မန္တလေးတောင်တော် ဘုရားသမိုင်း စာအုပ် စသည်တို့ကို ပုံနှိပ်ထုတ်ဝေသည်။"
ရမည်းသင်းမြို့တည် မင်းကျော်စွာသည် ဒလစားကျော်စွာ၊ ပုဂံကျော်စွာ၊ နန်းကျကျော်စွာ၊ ကျော်စွာမင်းဟု (၄) မည်ရ၏။
* ကျော်စွာမင်း (၃) ပါး *
ရာဇဝင်တွင် ကျော်စွာ အမည်တွင်သော မင်း (၃) ပါးရှိ၏။
(၁) ပုဂံမင်း၊ ဒလကျော်စွာ
(၂) ပင်းယမင်း၊ ငါးစီးရှင်ကျော်စွာ
(၃) ပင်းယမင်း ကျော်စွာ (ငါးစီးရှင်ကျော်စွာ၏ သားတော်)
ဟု ကျော်စွာမင်း (၃) ပါးရှိ၏။
* မြို့အမည်- နွားမည်းသင်းဟုခေါ်တွင်ခြင်း *
နွားမည်းသင်းဟူသော အမည်သည် အနွတ္ထသညာ-ဌာနျူ ပစာအားဖြင့် မှည့်ခေါ်သမုတ်အပ်သော အမည်သညာဖြစ်ပေရာ ယင်းသို့ မြို့အမည် သတ်မှတ်မှည့်ခေါ်လိုက်ကြခြင်းသည် လက်တွေ့ကျသော အမည်မှန်ပင် ဖြစ်ကြောင်းကို နွားဝင်ချောင်းက သက်သေသာဓက ပြသလျက်ရှိသည်။ နွားနက်၊ နွားမည်းအုပ်ကြီး သင်းကြီးဖွဲ့လျက် တပ်ကုန်းနယ်ဘက် ရေကြည်ရာ မြက်နုရာဒေသ နွားစားကျက်သို့ နံနက်လင်းချိန် အစားအသောက် ထွက်ကြ၏။ ညနေဘက် အစာဝချိန်တွင် အိပ်နေကျနေရာ (ယခုမြို့နေရာ) ကုန်းမြေသို့ ပြန်လာအိပ်နေကြမြဲဖြစ်၏။ ထိုသို့နွားတို့ ဝင်ရာ ထွက်ရာ လမ်းကြောင်းသည် ကာလရှည်ကြာလတ်သော် ချောင်း မြောင်းကြီး ဖြစ်လာသောကြောင့် နွားဝင်ချောင်းဟု ခေါ်ရာမှ နဝင်းချောင်းဟု ရွေ့လျောပြောင်းလဲ ခေါ်ဆိုကြခြင်း ဖြစ်လေသည်။
၅။ ရမည်းသင်းမြို့စားမင်း (သီဟပတေ့ဘွဲ့ခံ)
* မင်းထွေး (၇၀၄) *
ပင်းယမြို့မှာ ဥဇနာနှင့် စစ်ကိုင်းမြို့မှာ တရာ့ဖျား (အသင်္ခယာ စောယွန်း၏အစ်ကို) တို့သည် ထီးပြိုင် နန်းပြိုင် ညီညွတ်စွာ စိုးစံကြစဉ်တွင် "ပင်းယ စကား (၇) ကျောင်းဒါယကာ ဥဇနာမင်းကြီး၏ သားတော်မင်းထွေး" သည် တိုက်ဆင်ခြောက်ဆယ် ပိုင်ရှင်ဖြစ်၍ တိုက်ရည်ခိုက်ရည် လွန်စွာကောင်းလှသည်။ မြို့တည် ကျော်စွာမင်း မရှိသည့်နောက် ပင်းယငါးစီးရှင်ကျော်စွာမင်း လက်ထက်တွင် တော်ကွမ်းကိုင်က နုတ်၍ ရွှေပြည်မြင်း အစုဖွဲ့ပြီးလျှင် သီဟပတေ့ ဘွဲ့အမည်နှင့် ရမည်းသင်းစားအဖြစ် ခန့်အပ် မြှောက်စားခံရလေသည်။
သက္ကရာဇ် (၇၂၀) တွင် တောင်ငူစား သိင်္ခပါ- ပုန်ကန်ခြားနား၍ ရေလွှဲငါးခရိုင်ကို တိုက်ယူ အုပ်စိုးလေသည်။
* ငါးစီးရှင်နှင့် သီဟပတေ့ *
ဆင်ဖြူ ငါးစီးရှင် ကျော်စွာမင်းသည် (၁) လမ္ဘူ ရန္တသူရ၊ (၂) မြင်စိုင်းသက်တော်ရှည်၊ (၃) ညောင်ရမ်းစောမွန်နစ်၊ (၄) ဝတီးသင်္ခယာ၊ (၅) သာဂရဂုဏ္ဏန္တရာဇ်ကြီး၊ (၆) ရမည်းသင်းသီဟပတေ့၊ (၇) ယင်းတော်ဘုရင်ပုညကြီး၊ (၈) ပေါက်မြိုင်မင်းပုလဲ ဤမင်းရှစ်ပါးတို့ မိမိ၏ ရှေ့တော်သို့ ဝင်ရောက်ခစားတိုင်းမှာ ငါးစီးရှင်မင်း ကိုယ်တော်တိုင် ရွှေဖလားတွင် လက်ဖက်ထည့်၍ ဖက်ဝန်းအုပ်ကာ တည်တော်မူလေ့ရှိ၏။ တစ်ရံရောအခါ သတိလစ်၍ ရမည်းသင်း သီဟပတေ့၏ လက်ဖက်ခွက်ကို ဖက်ဝန်းမအုပ်မိသည်မှာ (၃) ရက်တိုင်ရှိသွား၏။ ဤသို့ဖြစ်ရာ ရမည်းသင်းသီဟပတေ့လည်း ရှက်နိုးလှ၍ မိမိ၏ လက်ဖက်ခွက်ကို မစားဘဲ ညောင်ရမ်းစောမွန်နစ်၏ လက်ဖက်ခွက်ကိုသာ နှိုက်စားလေသည်။ ငါးစီးရှင်မင်းလည်း ဤအကြောင်းကို သတိမမူမိဘဲ ရှိလေသည်။ စောမွန်နစ်က ဘယ်အတွက်ကြောင့် သင့်လက်ဖက်ကို မစားဘဲ ငါ့လက်ဖက်ခွက်ကို စားသနည်းဟု မေးလေရာ သူများလက်ဖက်ခွက်မှာ ဖက်ဝန်းအုပ်သည်၊ ငါ့လက်ဖက်ခွက်မှာတော့ ဖက်ဝန်းမပါ။ သို့ဖြစ်၍ ငါ့လက်ဖက်ခွက်ကို ငါမစားဘဲနေသည်။ တိုက်ဆင်ခြောက်ဆယ်၊ စစ်မြင်းရှစ်ရာ၊ ဗိုလ်ပါတစ်သောင်းရှင် ဖြစ်သော ငါ့ကို ဗိုလ်ပုံပရိသတ် အလယ်မှာ အရှက်ခွဲဘိသည်။ ငါပုန်ကန်ခြားနားတော့မည်ဟု သီဟပတေ့က ကြိမ်းဝါး ပြောဆို၏။
စောမွန်နစ်က ကျွန်ုပ်စုံစမ်းပါဦးမည် အလျင်မလိုပါနှင့်ဟု တားမြစ်ပြီးလျှင် မင်းကြီးထံကပ်၍ အကြောင်းစုံ လျှောက်တင်လေရာ မင်းကြီးက ငါသတိလစ်မိပေသည်။ ရမည်းသင်းစား သီဟပတေ့သည် ငါးစီးရှင်ကို ကြံစည်နိုင်မည်လော၊ ငါ့ဘုန်းလက်ရုံးအစွမ်းကို မသိ၍ ဆိုမိမှားရှာလေသည်။ သို့ရာတွင် ငါကဲ့သို့သော အရည်အချင်းနှင့် ပြည့်စုံသည့် မင်းဖြစ်ပါလျက် အသိမ်းအသွင်းမတတ်၊ အဝိရောဓနတရားကို မကျင့်၍သာ မရိုင်းပြတန်ဘဲ ရိုင်းပြလေသည်ဟု နောင်ဥဒါန်းစကား မတွင်ရစ်လေအောင် ပြေပြေပြစ်ပြစ် ကျင့်တော်မူမည်ဟု မိန့်တော်မူပြီးလျှင် ရမည်းသင်းသီဟပတေ့ကို ခေါ်တော်မူ၍ ချော့မော့ပြီးလျှင် "ငါသတိလစ်သည်ကိုလည်း သည်းခံပါ၊ သင်ကြံမှားသော အပြစ်ကိုလည်း ငါသည်းခံမည်" ဟု မိန့်တော်မူပြီးလျှင် ရမည်းသင်းသီဟပတေ့အား အုန်းပေါင်မြင်းနက်ကျော်တစ်စီး လက်ဖွဲ့တော်မူ၏။ ရမည်းသင်းသီဟပတေ့လည်း စိတ်နှလုံး ကြေအေးလေ၏။
ငါးစီးရှင်ကျော်စွာမင်းသည် ဆန့်ကျင်ခြင်း မဖြစ်ရလေအောင် အဝိရောဓနတရားကို သတိထား၍ သည်းခံခြင်း၊ ခန္တီတရားကို အသုံးပြုသည်မှာ များစွာနည်းယူဖွယ် ကောင်းလှသည်။ ရှေးပညာရှိကြီးများက ငါးစီးရှင်ကျော်စွာ၏ သတိလစ်သောထုံးကို ထောက်၍ ပေးကမ်းချီးမြှင့်ရေးတို့၌ ပုဂ္ဂိုလ်ကိုထောက်ချင့်၍ အခွင့်အားလျော်စွာ သတိပြုရမည်ဟု မိန့်ဆိုတော်မူကြလေသည်။
ဆွေမျိုးဆက်နွယ်ပုံမှာ ရမည်းသင်းမြို့စား သီဟပတေ့သည် မြို့တည်မင်း နန်းကျကျော်စွာ၏ မြေးတော်ဖြစ်သည်။ သီဟပတေ့၏ မိဖုရားမှာ တစ်စီးရှင်သီဟသူ၏ သမီးတော် စောပုလဲဖြစ်သည်ဟု တွင်းသင်းရာဇဝင် (၁၇၅) ၌ ဆိုသည်။ မှန်နန်း၌မူ တောင်တွင်းပွင့်လှဦး၏ မယားစောပုလဲဟု ဆိုသည်။ သီဟပတေ့၏ ခမည်းတော် ဥဇနာသည် နန်းကျကျော်စွာ၏ သားတော်ဖြစ်သည်။ နန်းကျကျော်စွာ၏ သန္ဓေသား (၃) လ ပါရှိသူ မိဖုရားစောကို တစ်စီးရှင် သီဟသူက ဖွားစောအမည်ဖြင့် မိဖုရားတင်မြှောက်ထားချိန်မှာ မွေးဖွားလာသော အမှတ် (၁) သားမှာ ဥဇနာပင်ဖြစ်သည်။ အမှတ် (၂) သားကား ငါးစီးရှင်ကျော်စွာ၊ အမှတ် (၃) သားမှာ နော်ရထာ (ပင်လယ်၊ ရှိရှား၊ ကန်းနီ) ဖြစ်သည်။ ဤသို့ တစ်းစီးရှင်သီဟသူမင်းနှင့် မိဖုရားမိစောဦး ဖွားစောတို့မှ သား (၃) ပါး ဖွားမြင်သည်။
* ရမည်းသင်းမြို့စား မင်းကြီးစွာစော်ကဲအကြောင်း *
၆။ ရမည်းသင်းမြို့စား မင်းစော်ကဲ (၇၁၁)
မင်းကြီးစွာစော်ကဲသည် အင်းဝဆင်ဖြူ ရှင် တရာ့ဖျားမင်း၏ လက်ထက် ၎င်းတရာ့ဖျား နန်းတက်သည့် သက္ကရာဇ် (၇၁၁)ခုနှစ်၌ (သီလဝမြို့စားမဖြစ်မီ) ရမည်းသင်း၌ မြို့စားဖြစ်ခဲ့သည်။ တလုတ်မြို့စား ဖြစ်ပြီးနောက်မှ ရမည်းသင်းမြို့စားမင်းဖြစ်၍ ကုသိုလ်ကောင်းမှု များစွာ ပြုလုပ်ခဲ့လေသည်။ ထို့နောက် အင်းဝတွင် မင်းဖြစ်သောအခါ နတ်ရွာစံကာနီး တစ်နှစ်အလို (၇၆၁)ခုနှစ်၌ ရွှေမြင်တင်တောင်ထိပ် ဘုရားကို (ဖိနပ်တော် ၂၇ တောင်၊ ပစ္စယာ ၃ ဆင့်၊ ကြာသွတ်အိုး ၈ လုံး၊ စေတီရံ ၄ ဆူ၊ ခြင်္သေ့ ၄ စီးနှင့် တည်ထားတော်မူခဲ့လေသည်။
စောကဲသည် ရမည်းသင်းစား အဖြစ်မှ အမြင့်မြို့စားအဖြစ်သို့ ပြောင်းရွှေ့ရောက်ရှိနေချိန် သက္ကရာဇ် (၇၂၉) ခုနှစ်၌ *အရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်* ဆိုသည့် တဘောင်လာအတိုင်း အင်းဝတွင် ဘုရင်ဖြစ်ရလေတော့သည်။ ဘုရင်ဖြစ်ရန် ရည်ရွယ်ခြင်း၊ လုပ်ဆောင်ခြင်း မရှိပါပဲ လွယ်ကူစွာ ပင့်တင်၍ နန်းထိုင်ရလေသည်။
မင်းဖြစ်ရပုံမှာ သက္ကရာဇ် (၇၂၉) ခုနှစ် ဘုရင်သတိုးမင်းဖျား နတ်ရွာစံသောအခါ ထိုအချိန်တွင် ရမည်းသင်း၌ မြို့စားဖြစ်နေသော သီလဝ ကို မင်းပြုလုပ်ပါရန် မှူးမတ်၊ ဗိုလ်ပါတို့ စုရုံးညီညာ တောင်းပန်လာသောအခါ သီလဝ က- "ငါသည် တစ်နေ့လုံးမှ စကား ၃-၄ ခွန်းမျှ မပြောဖြစ်ခဲ့။ မင်းအဖြစ်ကိုလည်း ငါအလိုမရှိ။ တရာ့ဖျားစော်ကဲသည် မင်း၏ ယောက်ဖတော်လည်းဖြစ်၊ လက်ရုံးရည်၊ နှလုံးရည်နှင့်လည်း ပြည့်စုံသည်။ စော်ကဲကို မင်းမြှောက်တင်ကြပါလေဟု ညွှန်ပြမိန့်ဆိုလေရာ မှူးမတ်တို့လည်း သဘောတူညီကြသဖြင့် အမြင့်မြို့စား တရာ့ဖျားစော်ကဲကို ပင့်ဆောင်မင်းမြှောက်ကြလေသည်။ စော်ကဲကို မင်းမြှောက်တင်ရာ ဒေသနှင့် ဌာနသည် ဘုရင်သတိုးမင်းဖျား စကုမှအပြန်တွင် လမ်းခုလပ် စွယ်ကြိုဆိပ် အရပ်၌ ဘုရင်အနိစ္စရောက်ရာ ထိုနေရာသို့ ပင့်ဆောင် မင်းမြှောက်ကြခြင်းဖြစ်သည်။
မင်းကြီးစွာစော်ကဲ၏ ဆွေတော်မျိုးတော်များမှ ထူးခြားသူများကို ပြဆိုပေအံ့-
မင်းကြီးစွာတွင် မိဖုရား (၅)ပါး၊ သားတော် (၆)ပါး၊ သမီးတော် (၇)ပါး ရှိရာ တောင်နန်းမိဖုရားကြီး ခမည်းမိမှ ဖွားမြင်သော သားတော် ဆင်ဖြူ ရှင်တရဖျား (မှန်နန်း)ကို ယောက်ဖတော် သီလဝ၏ သမီးတော် မင်းလှမြတ်နှင့် စုံဖက်၍ အိမ်ရှေ့နှင်းတော်မူလေသည်။ မင်းကြီးစွာနှင့် သီလဝတို့သည် အချင်းချင်း အပြန်အလှန် နှမပေး သမီးယောက်ဖ တော်စပ်ကြသည်။ မင်းကြီးစွာ၏ မိဖုရားကြီး ခမည်းမိသည် သီလဝ၏ နှမအရင်းဖြစ်သည်။ သီလဝ၏ဇနီး စောပုလဲသည် မင်းကြီးစွာ၏ နှမရင်းတည်း။
နရသီဟပတေ့ (ဘွဲ့ခံ) တရုတ်ပြေးမင်း၏ သားတော် ပုဂံကျော်စွာမင်း။
၎င်းကျော်စွာမင်း၏ သားတော် သရက်မင်းရှင်စော၊ ၎င်းမင်းရှင်စော၏ သား စော်ကဲ၊ စော်ကဲ၏ သား (၂) ပါး တရဖျားနှင့် မင်းဆွေ၊ မင်းဆွေ၏ သား မင်းရဲကျော်စွာ။ ဤသို့ စသည်ဖြင့် ရမည်းသင်းနှင့် စပ်သွယ်သော မင်းကြီးစွာ၏ ဆွေမျိုးစဉ်ကို ပြဆိုရာတွင် နန်းကျကျော်စွာ၏သား သရက်မင်းရှင်စောနှင့် (နန်းကျကျော်စွာ၏ညီ ပြည်စား သီဟသူ၏သမီး) ရှင်မြတ်လှတို့ သင့်မြတ်ရာတွင် သားတော် သမီးတော် (၆)ပါး ထွန်းကားလေရာ မင်းကြီးစွာစော်ကဲနှင့် သီလဝ၏ မိဖုရား စောပုလဲတို့ ပါဝင်လေသည်။ မင်းကြီးစွာသည် ကုသိုလ်ကောင်းမှု ပြုလျက် အသက် (၇၀) တွင် နတ်ရွာစံ ကံတော်ကုန်လေသည်။
* ရမည်းသင်းမြို့စား မင်းသီလဝအကြောင်း *
ရမည်းသင်းမြို့စား မင်းသီလဝ (၇၂၆-၇၂၉)
မင်းသီလဝသည် သတိုးမင်းဖျားနှင့် မင်းကြီးစွာစော်ကဲ (မင်း ၂ ပါး) တို့ လက်ထက်၊ နှစ် ၃၀ လောက်ကြာအောင် ရမည်းသင်းမြို့စား အဖြစ်ဖြင့် (ဘုရင်မလုပ်ဘဲ) အေးဆေးစွာ နေထိုင်ခဲ့လေသည်။ သီလဝသည် လွန်စွာဣနြေ္ဒကြီး၍ သမာဓိခိုင်မြဲလှ၏။ စကားနည်း၏။ စိတ်နှလုံး ရိုးသားကြည်ခိုင်၏။ ထင်မြင်သောအရာကို မငဲ့မညှာ ပေါက်ရောက်စွာ ပြုလုပ်တတ်၏။ ဆင်စီးအတတ်နှင့် စစ်ရေးတို့၌ ဝါသနာကြီးလှ၏။ ဆင်ကိုချစ်မြတ်နိုးလေ့ရှိ၏။ သီလဝသည် သမာဓိခိုင်ပြီး ဣနြေ္ဒကြီးသူပီပီ တစ်သက်လုံးမှ (သုံးခါသာ) ပြုံးရယ်ဖူးသတတ်။
(၁) တစ်နေ့သောအခါ တောတွင်းသားတစ်ယောက်သည် ကြက် လက်ဆောင်ဆက်မည်ဟု မြို့စားမင်းအိမ်သို့ တက်လာရာ သီလဝ မရှိသည်နှင့် မဆက်ခဲ့ဘဲ ဆင်းပြန်သွားသည်ကို မိဖုရားစောပုလဲ မြင်လေလျှင် ငါမင်းကတော်ကို တွေ့ပါလျက် မဆက်သပဲ ပြန်သွားလေသည်။ ငါတို့သည်ကား မင်းယောက်ျား၏ ဘုန်းရိပ်ကိုသာ ခိုလှုံ၍ နေရသူပါတကားဟု သတိတရားရသည်နှင့် သီလဝ လာသောအခါ ရွှေဖလားနှင့်ဆီးကြို၍ ခြေကို ရေဆေးပေးလေသည်ကို မပြုစဖူး ယနေ့ ပြုမူပုံထူးသည်ဟု ပြုံးရယ်တော်မူသတဲ့။ စောပုလဲသည် ဘုရင့်နှမတော်အရင်း ဖြစ်သည်နှင့် မာန်တက်၍ နေလေ့ရှိရာ ကြက်ဆက်လာသော တောတွင်းသား၏ အမူအရာကို မြင်သည်ကစ၍ သတိရစွာဖြင့် မာန်ကိုလျှော့ချလေတော့သည်။
(၂) တစ်နေ့သ၌ သီလဝသည် မြို့ရိုးထိပ်မှာ နေဆာလှုံနေခိုက်တွင် ရဟန်းလူထွက် တစ်ယောက်သည် အဆင်မတော် အမြင်မလျှော် ကိုးယိုးကားယားဝတ်ဆင် ဦးရစ်ပေါင်းထုတ်နှင့်တကွ ကျုံးထဲတွင် ရေငုပ်လျှိုး၍ ရေချိုးနေသည်ကို မြင်သောအခါ တစ်ကြိမ် ပြုံးတော်မူသတတ်။
(၃) အခါတစ်ပါး ရှမ်းတပ်များ လာရောက်၍ ရမည်းသင်းမြို့ကို အထပ်ထပ် ဝိုင်းဝန်းလျက်ရှိသည်။ စောပုလဲက ဦးဆံဖားလျား၊ ရင်စည်းအကျွတ်ကျွတ်နှင့် အရေးတကြီး၊ ကပိုကရို ကြက်ပွဲသို့လာ၍ မြို့ပြင်က ရှမ်းတပ်တွေ အထပ်ထပ် ဝိုင်းနေသည်ကို အလေးမမူဘဲ ကြက်ပွဲမှာသာ နေနိုင်ဘိသည်ဟု ဆိုသောအခါ ငါ့မယား
သည် ဣနြေ္ဒပျက်အောင် ဗျာပါကြီးလှသည်ဟု တစ်ကြိမ် ပြုံးလေသတတ်။ ထိုရှမ်းတပ်ကြီးကိုလည်း သူရဲကောင်း တီတလ (ခေါ်) မယားယုံ ဆိုသူတို့နှင့် ထွက်၍ တိုက်ခိုက်ရာ ရှမ်းတပ်အလုံး ပျက်ပြုန်း ထွက်ပြေးကြလေ၏။ တီတလဆိုသူကား မြို့စားမင်းသီလဝ၏ ရဲဘော်ကျွန်ရင်း သူရဲကောင်းဖြစ်သည်။ တီတလကို မယားယုံဟုလည်း ခေါ်ကြသည်။ ညည်းလင် တီတလသည် စစ်ပွဲမှာကျဆုံးပြီဟု ပြောဆိုကြသော်လည်း တီတလ၏ မယားက အကျွန်ုပ်၏လင်သည် ဘယ်သောအခါမှ စစ်ပွဲမှာ မကျနိုင်။ အစွမ်းသတ္တိကို ယုံပါသည်ဟု ပြန်ပြောလေ့ရှိ၏။ ပြောသည့်အတိုင်းလည်း မှန်၏။ အစွမ်းသတ္တိကို မယားက ယုံသောကြောင့် မယားယုံတီတလဟု ခေါ်တွင်သည်။
* သီလဝမြို့စား ကြက်သမားမဟုတ် *
ပါးစပ်ရာဇဝင်ဆရာတို့က သီလဝမြို့စားမင်းကို ကြက်သမားလိုလို ပြောဆိုကြသော်လည်း ကြက်သမား မဟုတ်ပေ။ အမှန်မှာ သီလဝအတွက် ထူးခြားချက်ကို ပြဆိုခဲ့သည့်အတိုင်း စစ်ရေး ဆင်ရေး သမထ-သမာဓိရေးတို့ ၌သာ ပျော်မွေ့နှစ်ခြိုက်သူ ဖြစ်သည်။ မိမိ၏ တပ်တွင်းသား ဗိုလ်မင်းများကို စည်းရုံးသည့် အနေဖြင့် ဗိုလ်မင်းများအလိုသို့ လိုက်၍ ရံခါကြက်ပွဲသို့ လိုက်ပါရောနှောနေရခြင်းသာ ဖြစ်သည်။ သီလဝမြို့စားမင်းသည် သူ့မြို့ သူ့နယ်ကိုသာ အုပ်စိုးရသူမဟုတ်။ တောင်ဘက် တောင်ငူနယ်စပ်တိုင်အောင် ဘုရင်ငယ်ပမာ အုပ်စိုးကာ ကြီးကျယ် ခမ်းနားစွာ စံစားနေထိုင်ကြရသည်။ မြို့ရွာ ငြိမ်ဝပ်ပိပြားစွာ၊ အေးချမ်းသာယာအောင် စီမံအုပ်ချုပ်သည်။ ဘုရားတည်၊ ကျောင်းဆောက် စသော ကုသိုလ်မှုတို့၌ ဝါသနာထုံသည်။ မြို့စာရေးမှတ်တမ်း ပုရပိုက်တွင် မြို့၏ မြောက်ဘက်၌ သီလဝမင်း ဘုရားစေတီ တည်ထားကိုးကွယ်သည်ဟု ပါရှိ၏။ ယခု ရမည်းသင်း မင်းကျောင်း၏ အနောက်ဘက်နားတွင် ရှိသည်။ မင်းကျောင်း၏ အရှေ့ဘက်၌မူ မဟာပြောက် (ရမည်းသင်းစား) တည်ထား ကိုးကွယ်သော ရွှေစောလူးစေတီတစ်ဆူရှိသည်။ ယခု မူလသိမ်ဦးကျောင်း၏ မြောက်ဘက်နားတွင် ရှိ၏။
* သီလဝ၏စွမ်းရည်သတ္တိ *
သက္ကရာဇ် (၇၅၄) ခုနှစ်တွင် မိုးညှင်း သိုချည်ဘွား၏ ယောက်ဖ သိုဟန်ဘွားသည် တပ်ကြီးချီ၍ မြေတူးမြို့ကို တိုက်ခိုက်လေလျှင် ဘုရင်မင်းကြီးစွာလည်း နိုင်ငံတော် မြောက်ဘက်တစ်လွှားတွင်ရှိသော မြို့စား၊ ဗိုလ်ပါ အပေါင်းတို့ကို စုရုံး၍ သိင်္ခသူစောနှင်း၊ အင်းယဉ်တုရင်ကို အုပ်ချုပ်စေပြီးလျှင် ကုန်းကြောင်းချီစေ၏။ မင်းကြီးစွာ ကိုယ်တော်တိုင်မူကား ရေကြောင်းတပ်ချီတော်မူပြီးလျှင် တကောင်းမြို့တိုင်အောင် ဆန်တက်တော်မူ၏။ ကုန်းကြောင်း ချီတက်တိုက်ခိုက်သော မြန်မာတပ်တို့ ရှုံးနိမ့်တပ်ပျက်၍ အပြင်းဆုတ်ခွာ ပြေးလာကြရသည်တွင် ရှမ်းတပ်လည်း နောက်ထပ်လိုက်၍ အပြင်းတိုက်ခိုက်လေရာ စစ်ကိုင်းသို့ ဆိုက်ရောက်လေ၏။ စစ်ကိုင်းမြို့တွင်ရှိသော အိမ်၊ ကျောင်း၊ ဇရပ်-တန်ဆောင်းများကို မီးရှို့ဖျက်ဆီးလေ၏။ ရေကြောင်းဆန်သော မင်းကြီးစွာလည်း မြန်မာကုန်းတပ်များ ပျက်ပြားဆုတ်ခွာရကြောင်းကို ကြားတော်မူလျှင် တကောင်းမြို့မှ အပြင်း စုန်ဆင်းတော်မူခဲ့၍ အင်းဝနန်းတော်သို့ ရောက်တော်မူသောအခါ မြို့ပြ၊ ကျုံး မြောင်း လုံခြုံစွာစီရင်၍ ဗိုလ်ပါဆင်-မြင်း တို့ကို မြို့တွင်းသို့ သွင်းကာ အခိုင်အလုံ ခံတော်မူရလေသည်။ တောင်ငူမြို့စား၊ တောင်တွင်းမြို့စား၊ ရမည်းသင်းမြို့မှစ၍ နိုင်ငံတော် တောင်ဘက်တစ်လွှား မြို့စားများကို ဆိုင်ရာဆိုင်ရာ ဗိုလ်ပါအင်အားနှင့် အင်းဝသို့ အသီးသီး လာရောက်ကြစေရန် အမြန် ဆင့်ခေါ်တော်မူရလေသည်။
စစ်ရေး၌ ဝါသနာကြီးလှသော တိုက်ဆင်ခြောက်ဆယ်နှင့် အရှင်ဖြစ်သော ရမည်းသင်းစား သီလဝသည် အခြားမြို့စားတို့ မရောက်ခင် အလျင်တဆော ချီတက်လာပြီးလျှင် အင်းဝသို့မဝင်ဘဲ စစ်ကိုင်းဘက်သို့ ကူးလျက် စောရဲစွာဟူသော ဆင်ကိုစီးကာ ရှမ်းတပ်များကို ဇွတ်အတင်း ဝင်တိုက်ရာတွင် ညီသီဟသူရကို ဆင်တပ် အုပ်စီးစေလျက် သိင်္ခသူစောနှောင်းကို မြင်းတပ်ခင်း၍ လက်ယာကနေစေ၏။ ငရွှေနှင့် တီတလ (မယားယုံ) တို့ကို ကာကိုင်စေလျက် အနားတွင်ထားသည်။ စစ်ပြိုင်ဆိုင်မိလျှင် ငရွှေ ကာနှင့်ခုံလိုက်ရာ ရှမ်းတို့တပ်လုံး သိမ့်သိမ့်တုန်သော ဟူ၏။ သီလဝတို့ အတင်းတိုက်ခိုက်သောအခါ ရှမ်းတပ်များသည် ပျားအုံကြီးပြန်သကဲ့သို့ ဖရိုဖရဲ ပြိုကွဲ ထွက်ပြေးကြလေရာ လက်နက် သုံ့ပန်းအများ ရလိုက်၏။ သတ်၍ သေဆုံးသော လူသေကောင်များလည်း စစ်ကိုင်းနှင့် ရွာသစ်ကြီးအကြား အနှံ့အပြား မမြင်ဝံ့အောင် ရှိလေသည်။
သီလဝသည် သိုဟန်ဘွားကို အောင်မြင်ပြီးသောအခါ လက်နက်သုံ့ပန်းများကိုသာ ဆက်သရန် စေလွှတ်၍ မိမိမူကား ဘုရင်မင်းကြီးစွာ ထံသို့ မဝတ်ဘဲ ရမည်းသင်းသို့ ပြန်ခဲ့လေသည်။ သီလဝ မဝင်ဘဲ ပြန်သွားသည်ကို နှလုံးမသာ ရှိတော်မူသည်နှင့် အမတ်ကြီး စည်းတစ်ပြစ်ကို ခေါ်၍မိန့်သည်။ သီလဝသည် ငါ့ထံသို့မဝင်ဘဲ ပြန်သွား လေသည်မှာ ငါ့ကို မခန့်မညား ပြုသည်မဟုတ်လောဟု မိန့်တော်မူ၏။ အမတ်ကြီးဘိုးရာဇာ (စည်းတစ်ပြစ်ဘွဲ့ရ)က လျှောက်ထားသည်မှာ ယောက်ဖတော် သီလဝသည် လူမှုရေးရာ၌ မလိမ္မာသဖြင့် ထင်မိထင်ရာ ပြုလေ့ရှိသည်နှင့် ခြေတော်ကို ဦးမခိုက်ဘဲ ပြန်လေသော်လည်း အမျက်တော်မရှိသင့်ပါ။ ပေဿ နဒီကောသလမင်းကြီးသည် သန္တတိအမတ်ကို စစ်အောင်ပွဲအတွက် ချီးမြှောက်သည့်နည်းကဲ့သို့ စစ်ကြီးအောင်သော သီလဝကိုလည်း ချီးမြှောက်ထိုက်ပါသည်ဟု လျှောက်တင်မှ အမျက်တော်ပြေ၍ သီလဝထံသို့ ဆုလာဘ်များစွာ ပို့တော်မူစေ၏။ ဤသို့လျှင် သီလဝသည် အခြားတစ်ပါးမှ ကျူးကျော်ရန်ပြုလာသူတို့ကို စွန့်လွှတ်စွန့်စား အသက်ကို ပဓာနမထားဘဲ တိုက်ထုတ်ခဲ့သည်။
သက္ကရာဇ် (၇၅၇)ခုနှစ်၌ သီလဝ အနိစ္စရောက်ကာ ကြမ္မာကုန်လေတော့သည်။
* သီလဝ၏ ဆွေတော်မျိုးတော်များ *
သီလဝ၏ ခမည်းတော်၊ မယ်တော် အစရှိသော ဆွေတော်စဉ် မျိုးတော်ဆက်ကို ရာဇဝင်များ၌ သီးသန့်ဖော်ပြမှုမရှိ။ ဆက်စပ်မိသော နေရာများ၌ စကားအလျဉ်းသင့်သလို ဖော်ပြထားသည်တို့ကို အောက်ဖော်ပြပါ အတိုင်း တွေ့ရှိရသည်။
၁။ သီလဝကြမ္မာကုန်ရာ၌ ညီမဟာပြောက်ကို ရမည်းသင်းမြို့စား ခန့်ထားသည်။
၂။ သိုဟန်ဘွားရှမ်းတပ်များကို တိုက်ခိုက်ချေမှုန်းခန်း၌ ညီသီဟသူကို ဆင်တပ်ဗိုလ်ပါချုပ်အဖြစ် ပါဝင်စေခဲ့သည်။
၃။ မင်းကြီးစွာ၏ သားတော် ဆင်ဖြူ ရှင် တရဖျားကို အိမ်ရှေ့ဥပရာဇာ အပ်နှင်းရာ၌ သီလဝ၏ သမီး မင်းလှမြတ်နှင့် စုံဖက်ပေးသည်။
၎။ မင်းကြီးစွာ နန်းတက်ခန်း၌ သီလဝနှင့် ခမည်းမိကို တောင်နန်းတင်သည်။
၅။ သီလဝနှင့် မိဖုရားစောပုလဲသည် မင်းကြီးစွာစော်ကဲ၏ နှမတော်အရင်းဖြစ်သည်။
၆။ သီလဝ၏ သမီးတော်အငယ်သည် လွန်စွာ ချောမောလှပ၏။ ကွမ်းရေမျိုရာ၌ပင် မြင်ရသောဟူ၏။ ထိုမင်းသမီးကို မင်းငယ်ကျော်ထင် မိဖုရားမြှောက်သည်။
ဤသို့လျှင် ညီတော်၊ နှမတော်၊ သမီးတော်နှင့် မိဖုရားအမည်တို့သာ ရာဇဝင်ကြီးတွင် တွေ့ရ၏။ ဤတွင် ရမည်းသင်းမြို့စား သီလဝ အကြောင်း အကျယ်ပြဆိုခန်းပြီး၏။
« ဆက်လက်ဖော်ပြပါမည်။ »
http://wunzinminraja.blogspot.com/2014/01/thilawa-prince-of-yamethin-is.html
ReplyDelete